မြို့ပေါ်နှင့် စစ်တပ်လုံခြုံရေးပေးနိုင်သည့် နေရာအနည်းကျဉ်းသာ ရွေးကောက်ပွဲကျင်းပနိုင်မည်

မြို့ပေါ်နှင့် စစ်တပ်လုံခြုံရေးပေးနိုင်သည့် နေရာအနည်းကျဉ်းသာ ရွေးကောက်ပွဲကျင်းပနိုင်မည်

စစ်ကောင်စီ ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် မြို့ပေါ်နှင့် ၎င်းတို့ လုံခြုံရေးပေးနိုင်သည့် နေရာအနည်းအကျဉ်းသာ ကျင်းပနိုင်မည်ဟု မွန်တော်လှန်ရေးအင်အားစုနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသူတို့က ဆိုသည်။

မွန်ပြည်နယ်အတွင်းမှာဆိုလျှင် တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းသည့် ရေးမြို့နယ်နှင့် ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် ခက်ခဲမည်ဟု ဆိုသည်။

တော်လှန်ရေးအဖွဲ့ လှုပ်ရှားမှုအားနည်းသည့်နေရာတို့တွင် စစ်ကောင်စီက ပြည်သူလူထုကို ဖိအားပေးပြီး ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမည့်ကိစ္စ၊ ပြည်သူ့လုံခြုံရေးဖွဲ့စည်းမည့်အစီစဉ်တို့တွင် ပါဝင်လာနေစေသည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

“သူတို့သန်းခေါင်စာရင်းကောက်တာ၊ ပြည်သူ့လုံခြုံရေးခေါ်တာနဲ့ စစ်မှုထမ်းကိစ္စတွေက တော်လှန်ရေးမရှိတဲ့ ဘက်ဆို သာမန်ပြည်သူတွေက မလွန်ဆန်နိုင် မတတ်သာလို့သာ ဝင်ရမှာ။ ရွေးကောက်ပွဲဆိုလည်း ကျေးရွာ၊ မြို့နယ်အချို့မှာ သူတို့လုပ်မှာပဲ။ သူတို့ လုပ်နိုင်ကြောင်း ပြချင်လို့၊ သူတို့ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ သူတို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအစီစဉ်ကလူတွေနဲ့ တော်လှန်ရေးတွေ ဝိုင်းဝန်းထားတာ များတယ်။ သူတို့လုံခြုံရေး ချပေးနိုင်တဲ့ နေရာမှာ လုပ်နိုင်တယ်၊ တတ်နိုင်သလောက်တော့ သူတို့ ကြိုးစားစည်းရုံးမှု လုပ်ဆောင်မှာပဲ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲသည် စစ်ကောင်စီ၏ အရေးကြီးဆုံးထွက်ပေါက်ဖြစ်ခြင်းကြောင့် ပြည်သူ့လုံခြုံရေး အင်အားသုံးကာ မဖြစ်မနေ အတင်းအကြပ် ကျင်းပပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

အထူးအဖြင့် မော်လမြိုင်မြို့ပေါ်တွင် ရွေးကောက်ပွဲအောင်မြင်ရေး လုပ်ဆောင်ထားကြောင်းနှင့် ပြည်ပနိုင်ငံအထိ သိရှိရန် ပြယုဂ်သဖွယ် လုပ်ဆောင်လာနိုင်သည်ဟု News Myanmar Foundation အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းအောင်က ပြောသည်။

“လာမဲ့ရွေးကောက်ပွဲကို အောင်မြင်စေချင်တယ်။ ပြယုဂ်လုပ်ချင်မှာပေါ့။ မော်လမြိုင်မှာတော့ ရွေးကောက်ပွဲ လုပ်သွားတယ်။ ပြောချင်မှာပေါ့။ စကစရွေးကောက်ပွဲ လုပ်ထားတယ်လို့ ပြောမှာပေါ့။ သူတို့တွေ ရွေးကောက်ပွဲ ဖြစ်ရင် ကမ္ဘာကို ပြမယ်။ ရေးမယ်လုပ်လာနိုင်တယ်။ တော်လှန်ရေးတို့ဘက်က အဲ့လိုမလုပ်နိုင်အောင်တော့ တားရမယ်” ဟု ၎င်းက ပြောသည်။

လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက်ဆိုပြီး စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့် သန်းခေါင်းစာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်သည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ပြောဆိုထားသည်။

September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...
September 13, 2024
ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်...
September 13, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းတွင်  ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ...
September 10, 2024
မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ...