တရုတ် ရထားလမ်းစီမံကိန်းတလျောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀၀ ကျော် ထိခိုက်သေဆုံး

တရုတ် ရထားလမ်းစီမံကိန်းတလျောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀၀ ကျော် ထိခိုက်သေဆုံး
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)

မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန် စစ်ကောင်စီက ရှမ်းမြောက်နှင့် မန္တလေးရှိ ရထားလမ်းဖြတ်သန်းရာ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ၂ လအတွင်း ဒေသခံပြည်သူ ၂၀၀ ကျော် ထိခိုက်သေဆုံးရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် Shan Human Rights Foundation (SHRF) က ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်ရက်နေ့ SHRF ထုတ်ပြန်ချက်၌ ဖော်ပြထားချက်အရ ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၉ ခုနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၆၈ ဦး သေဆုံးကာ ၁၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့အတူ ပစ်ခတ်တိုက်ခိုက်ခံရသော နေရာများသည် အရပ်သားများ နေထိုင်တည်ရှိရာ နေရာများဖြစ်သော စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် စျေးဆိုင်အလုပ်ရုံများပါဝင်ပြီး တိုက်ခိုက်ခံရစဥ် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများဖြစ်ကြောင်းလည်း SHRF က ပြောသည်။

ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် မြို့နယ်များမှာ သီပေါ၊ မိုင်းရယ်၊ သိန္ဓီ၊ လားရှိုး၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုးကုတ်နှင့် ကျောက်မဲမြို့တို့ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ မြို့နယ် ၉ ခုအနက် ၈ မြို့သည် ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ထားသည့် မြို့နယ်များဖြစ်သော်လည်း မိုင်းရယ်မြို့သည် တော်လှန်ရေးတပ်များဘက်မှ သိမ်းပိုက်ထားခြင်းမရှိ၊ မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိနေဘဲ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တရုတ်နိုင်ငံမှ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးရေးအပါအဝင် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံမှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်နိုင်ရန် တရုတ်နိုင်ငံ ကူမင်းမြို့မှတဆင့် မြန်မာနယ်စပ် မူဆယ်မြို့ကို ဖြတ်ကျော်ကာ ကျောက်ဖြူအထိ ဖောက်လုပ်မည့် ကူမင်း − ကျောက်ဖြူ ရထားလမ်းကို ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရထံ အဆိုပြုခဲ့ခြင်းဖြစ်သည်။

မူဆယ် − မန္တလေး ရထားလမ်းကို ပထမအဆင့်၊ မန္တလေး − ကျောက်ဖြူ ရထားလမ်းကို ဒုတိယအဆင့်အဖြစ် သတ်မှတ်ခဲ့ကြသည်။

ထို့နောက် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်း၌ ရထားလမ်းအတွက် ဖြစ်နိုင်ခြေများကို လေ့လာဆန်းစစ်မှုများ ရှိခဲ့ကြသည်။

တနှစ်ခန့်အကြာတွင် မူဆယ် − မန္တလေး ရထားလမ်းပိုင်းအတွက် နားလည်မှုစာချွန်လွှာ မူကြမ်း ပြင်ဆင်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ၌ မန္တလေး - ကျောက်ဖြူ ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုဖြစ်စဥ်များနောက် ရထားလမ်းစီမံကိန်းမှာ အကောင်အထည်မပေါ်နိုင်ဘဲ ရပ်တန့်နေခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း၌ မူဆယ် - မန္တလေး မီရထားလမ်းစီမံကိန်း ပြန်လည်စတင်ရန် ပထမအဆင့် လမ်းပိုင်းစတင်ဖောက်လုပ်ရန် တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ညှိနှိုင်းခဲ့ကြပြီးနောက် အကောင်အထည်ဖော်ရေးလုပ်ငန်းများ စစ်ကောင်စီက ပြင်ဆင်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပေါ်ပေါက်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ် − မန္တလေး ရထားလမ်းစီမံကိန်း၌ပါဝင်သော မြို့နယ်များကို ညီနောင်မဟာမိတ်တို့မှ သိမ်းပိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဥ်အတွင်း၌မူ တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံစဥ် မူဆယ် - မန္တလေး - ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

မူဆယ်မြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်နိုင်မည့် ၄၀၉ ဒသမ ၉၆ ကီလိုမီတာရှည်လျားသော မီးရထားလမ်းပိုင်းသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး တံတား ၁၂၄ စင်း၊ လှိုဏ်ခေါင်း ၆၀ ခုနှင့် ဓာတ်အားပေးစက်ရုံခွဲ ၁၁ ခု ပါဝင်မည်ဖြစ်သည်။

ထိုစက်ရုံခွဲများသည် တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချပြီး ဆောက်လုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်၊ နမ္မတူမြစ်၊ မြစ်ငယ်မြစ်နှင့် သံလွင်မြစ်ပေါ်ရှိ တာတမံများမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

January 20, 2025
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အိမ်ခြေ ၁,၀၀၀ ကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ဆန်...
လောင်းလုံးမြို့နယ်အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)
January 17, 2025
တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား...
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း
January 16, 2025
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအား ထိရောက်အားကောင်းသော...
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ - မြန်မာ ကုန်သွယ်ရေးအမှတ် (၂) ဂိတ်တံတားပေါ်တွင် စစ်ဆေးနေသည့် အာသံရိုင်ဖယ်စစ်သားများနှင့် ဖြတ်သန်းသွားလာမည့် ဒေသခံများ။ (ဓါတ်ပုံ – ပေးပို့။)
January 15, 2025
အိန္ဒိယနဲ့ မြန်မာ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အမှတ် (၂) ကုန်သွယ်ရေးဂိတ်ဟာ အရင်က နှစ်နိုင်ငံကလူတွေ...