အိန္ဒိယနဲ့ မြန်မာ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အမှတ် (၂) ကုန်သွယ်ရေးဂိတ်ဟာ အရင်က နှစ်နိုင်ငံကလူတွေ လွတ်လပ်စွာ ကူးလူးသွားလာခွင့် (Free Movement Regime- FMR) ရှိခဲ့တာပါ။ အဲ့ဒီ ကုန်သွယ်ရေးဂိတ်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်းဖိုင်းခရိုင်၊ ဇိုးခွါးထားလ်နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ရိဒ်ခေါ်ဒါကို ဆက်သွယ်ထားပါတယ်။
ဒါပေမဲ့ FMR ကို အိန္ဒိယဘက်က ဖျက်သိမ်းလိုက်ပြီး ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး အဲ့ဒီကုန်သွယ်ရေးဂိတ်ကို ဖြတ်သန်းမယ်ဆိုရင် အိန္ဒိယ အာသံရိုင်ဖယ်စစ်တပ်ထံမှာ သွားလာခွင့်လက်မှတ် (Border Pass) လုပ်ရတော့မှာပါ။
ဘာလို့ FMR ကို ဖျက်သိမ်းလိုက်တာလဲ
လွတ်လပ်စွာ ကူးလူးသွားလာခွင့် (Free Movement Regime- FMR) ကို ဖျက်သိမ်းဖို့ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တယ်လို့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၈ရက်မှာ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက သူရဲ့ လူမှုကွန်ရက် ကနေ တဆင့်အသိပေးခဲ့ပါတယ်။ ဆုံးဖြတ်ချက်က အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ၏ သဘောထားလည်းဖြစ်တယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်တွေဟာ အိန္ဒိယနိုင်ငံထဲကို အလုံးအရင်းဝင်ရောက်ခိုလှုံကြပါတယ်။ FMR ရရှိထားတဲ့ မီဇိုရမ်ပြည်နယ်ထဲမှာဆိုရင် မြန်မာစစ်ဘေးရှောင် ဦးရေ ၃၅,၀၀၀ ကျော်အထိရှိနေတာပါ။ စစ်ဘေးရှောင်တွေများလာတာနဲ့ အတူ မူးယစ်ဆေးဝါး၊ ခွင့်ပြုထားတဲ့ ငွေပမာဏာထက် သယ်ဆောင်တာ နဲ့ တရားမဝင် ကုန်ပစ္စည်းတင်သွင်းတာ စတဲ့ပြဿနာတွေရှိလာပါတယ်။ လူမှုအဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင်တွေအချင်းချင်း ရာဇဝတ်မှုတွေကို ရှောင်ကြဥ်ကြဖို့ သတိပေးကြတာလည်းရှိပါတယ်။ အဲ့ဒီလို ရာဇဝတ်မှုတွေကြောင့်လည်း FMRကို ဖြတ်သိမ်းလိုက်တာဖြစ်နိုင်တယ်လို့တဲ့ တချို့က ယူဆကြပါတယ်။ မဏိပူရပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်တွေကို ဒေသအစိုးရက နေရပ်ပြန်ခိုင်းတဲ့ ဖြစ်ရပ်တွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံဘက်က တော်လှန်ရေးအဖွဲ့တွေကတော့ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီ တိုက်တွန်းချက်အရ နယ်စပ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့ နယ်စပ်ဒေသကို တင်းကျပ်လာတာ ဖြစ်တယ်လို ဝေဖန်ပြောဆိုနေကြပါတယ်။
လွတ်လပ်စွာသွားလာခွင့် (Free Movement Regime- FMR) ဆိုတာဘာလဲ
အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲ (၁၈၂၄ – ၁၈၂၆) အပြီး ရန္တပိုစာချုပ်အရ မြန်မာက သိမ်းပိုက်ထားခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေကို အင်္ဂလိပ်ထံပေးအပ်လိုက်ရပါတယ်။
အဲ့ဒီမှာပဲ နယ်စပ်က ဒေသခံ ဆွေမျိုးသားချင်းတွေဟာ နှစ်နိုင်ငံသားတွေအဖြစ် ကွဲပြားသွားရတဲ့ အခြေအနေကြုံတွေ့ရပါတော့တယ်။ အဲ့ဒါကြောင့် နယ်ခြားပေမယ့် ဆက်ဆံရေးမပျက်ပြားစေဖို့ရည်ရွယ်ပြီး ဗီဇာမလိုတဲ့ လွတ်လပ်စွာသွားလာခွင့် ( FMR ) ကိုသတ်မှတ်ပေးခဲ့တာပါ။
၁၉၄၈ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အိန္ဒိယ -မြန်မာနယ်နိမိတ်အနီးက တောင်ပေါ်သားတွေဟာ ၂၅မိုင်(ကီလိုမီတာ၄၀) အထိ ပါတ်စပို့ ၊ ဗီဇာမပါဘဲ လွတ်လပ်စွာသွားလာနိုင်ပြီး ပစ္စည်း တနိုင် တပိုင်သယ်ယူနိုင်ကာ မြန်မာနိုင်ငံသားများ အိန္ဒိယနိုင်ငံအတွင်း ၇၂နာရီ နေထိုင်နိုင်ပြီး အိန္ဒိယနိုင်ငံသားများက မြန်မာပြည်တွင် ၂၄နာရီနေထိုင်နိုင်ဖို့ နှစ်ဖက်အာဏာပိုင်များက အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၆ ခုနှစ်မှာ နာဂလူမျိုးများ၊ ၁၉၆၄ ခုနှစ်မှာ မဏိပူရလူမျိုးများနဲ့ ၁၉၆၆ ခုနှစ်မှာ မီဇိုလူမျိုးများက အိန္ဒိယလက်အောက်က လွတ်မြောက်ဖို့ဆိုပြီး တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ တော်လှန်ပုန်ကန်ရာမှာ FMRကို အသုံးချခဲ့ကြတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ယူဆခဲ့ကြတာကြောင့် ၁၉၆၈ခုနှစ် ဇူလိုင်လ ၃၁ရက်မှာ နယ်စပ်ဖြတ်ကျော်သွားလာသူတွေ ဖြတ်သန်းသွားလာရတဲ့ အကြောင်းအရင်းကို အာဏာပိုင်များထံက ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး နှစ်ဖက်သွားလာခွင့်ကို ကီလိုမီတာ၄၀မှ ၁၆ကီလိုမီတာအထိလျော့ချခဲ့ပါတယ်။ လက်ရှိမှာတော့ နှစ်နိုင်ငံနယ်စပ် ၁၀ ကီလိုမီတာအတွင်းနေသူတွေဟာ အိန္ဒိယနိုင်ငံ နယ်စပ်ရဲ့ အတွင်းဘက် ၁၀ကီလို မီတာအထိသာ သွားလာခွင့်ရှိတော့ပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ စည်းမျဥ်းအရ မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်လိုသူဟာ တယောက်ကို ခုနစ်ရက်သက်တမ်းရှိ လက်မှတ်တစောင်ပြုလုပ်ရမှာပါ။ လက်မှတ်ကို မီဇိုရမ်ရဲ ၊ ဆေးဝန်နဲ့ အာသံရိုင်ဖယ်စစ်တပ်တို့က စိစစ်ပြုလုပ်ပေးမှာပါ။ ကလေးတွေအတွက် သီးသန့်လုပ်ပေးမှာမဟုတ်ဘဲ လူကြီးတဦးကို ကလေးအမည်သုံးဦးအထိ စာရင်းထည့်သွင်းနိုင်မှာပါ။ စည်းမျဥ်းတွေကိုဖောက်ဖျက်မယ်ဆိုရင် နိုင်ငံခြားသား အက် ဥပဒေ ပုဒ်မ ၁၄ အရ ငါးနှစ်ထောင်သွင်းအကျဥ်းချနိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်ကာ ဒဏ်နှစ်မျိုးစလုံးလည်း ချမှတ်နိုင်ပါတယ်။
အိန္ဒိယနှင့် မြန်မာနိုင်ငံဟာ ကီလိုမီတာ ၁၆၄၃ ကျော် နယ်နမိတ်ချင်းထိစပ်နေပါတယ်။ အိန္ဒိယနိုင်ငံ အရူနာချာပရာဒေ့ရှ် ၊ နာဂလဲန်း ၊ မဏိပူရ နှင့် မီဇိုရမ်ပြည်နယ် တို့ဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့နဲ့ နယ်နမိတ်ခြင်း ဆက်စပ်နေပါတယ်။
နယ်စပ်က နေအိမ်တအိမ်ဆိုရင် နှစ်နိုင်ငံနယ်နမိတ်ပေါ်မှာရှိနေပြီး အိပ်ခန်း က မြန်မာပြည်ဘက်၊ ဧည့်ခန်းက အိန္ဒိယဘက်မှာရှိနေတာပါ။
FMR ရပ်လိုက်တာကြောင့် ဘယ်သူတွေနစ်နာမလဲ
FMR ဖျက်သိမ်းမှုကြောင့် နှစ်နိုင်ငံနယ်စပ်နေ လူမျိုးစုတူသူတွေရဲ့ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဘာသာရေးနှင့် ယဥ်ကျေးမှုတွေမှာ ထိခိုက်နစ်နာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာတော့ လူအသွားအလာအပြင် ကုန်ပစ္စည်းအဝင်အထွက်ပါပိတ်ပင်လိုက်တာကြောင့် ကုန်သွယ်မှုကို အမှီပြုအသက်မွေးဝမ်းကြောင်းနေရတဲ့ ကုန်သည် ၊ အထမ်းသမား ၊ ဆိုင်ကယ် ၊ ကား တက္ကစီ၊ ဈေးဆိုင် စတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရပါတယ်။
မြန်မာနိုင်ငံဘက်က အခြေခံစားကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းပြီး အိန္ဒိယဘက်အခြမ်းက ဘီစကစ် ၊ အချိုရေ ၊ ဂျုံ ၊ စားသုံးဆီနှင့် စက်သုံးဆီတွေ တင်သွင်းနေတာပါ။
“ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းက ချောင်းတခုပဲခြားပြီး လူမျိုးတူတွေဆိုတော့ ဟိုဘက်ဒီဘက်မှာ အိမ်ထောင်ပြုကြတာ နှစ်ဖက်စလုံးမှာ ဆွေမျိုးတွေရှိနေကြတာ ၊ အသွားအလာတွေပိတ်ပင် လိုက်မယ်ဆိုရင် အကုန်လုံးတစိမ်းတွေလိုဖြစ်သွားနိုင်တယ်” ဟု နယ်စပ်နေသူတဦးက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာမယ့်သူတွေနဲ့ လက်ရှိနေထိုင်သူတွေအတွက် စားဝတ်နေရေး ၊ လုံခြုံရေးအခက်အခဲတွေရှိလာနိုင်တယ်လို့လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
FMR ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ်လေးခုထဲမှာ မဏိပူရပြည်နယ်က FMR ဖျက်သိမ်းမှုကို ထောက်ခံပြီး အရူနာချာပရာဒေ့ရှ်ပြည်နယ်ကတော့ တစုံတရာ သဘောထားမှတ်ချက်မပြုပါဘူး။
နာဂလဲန်းနှင့် မီဇိုရမ်ပြည်နယ်က အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေကတော့ ဖျက်သိမ်းမှုကို ကန့်ကွက်ကြပါတယ်။
နှစ်ဖက်နယ်စပ်နေပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို တလွဲအသုံးချပြီး မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်ကာ အိန္ဒိယနိုင်ငံကို လက်နက်ကိုင်တိုက်ခိုက်ခြင်း ၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်း ၊ ဥပဒေမဲ့ ရွှေ ၊ မူးယစ်ဆေးဝါး ၊ တောရိုင်းတိရိစ္ဆာန်များအပါအဝင် တရားမဝင်ကူးရောင်းဝယ်ရေး များ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်လာကြတာကြောင့် ထောက်ခံရတာဖြစ်တယ်လို့ မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် ဘရန်ဆင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါ့အပြင် မဏိပူရပြည်နယ်အတွင်းဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခတွေထဲမှာ မြန်မာနိုင်ငံသားတွေ နက်ရှိုင်းစွာပါဝင်နေတယ်လို့ ယူဆကြောင်းလည်း စွပ်စွဲပြောဆိုထားပါတယ်။
မဏိပူရပြည်နယ်က လူများစုဖြစ်တဲ့ ကသည်းလူမျိုးတွေနှင့် အစိုးရက FMR ဖျက်သိမ်းမှုကို ထောက်ခံပေမယ့် ပြည်နယ် နယ်စပ်က ဇို နဲ့ ကူကီးလူမျိုးတွေကတော့ သဘောမတူပါဘူး။
၂၀၂၄ ခုနှစ် မတ်လ ၁ ရက်က နာဂလဲန်းပြည်နယ်လွှတ်တော်အစည်းအဝေးက ဗဟိုအစိုးရရဲ့ အစီအစဥ်ကို ကန့်ကွက်ကြောင်း မဲခွဲအတည်ပြုခဲ့ကြပါတယ်။ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ကန့်သတ်မယ်ဆိုရင် နာဂလူမျိုးစုအကြား သမိုင်းနှင့်ချီတည်ရှိလာခဲ့သော ရိုးရာယဥ်ကျေးမှုအစဥ်အလာတွေနဲ့ လူမှုစည်းပွားရေးတွေကို ထိခိုက်နစ်နာနိုင်စေကြောင်းလည်း နာဂလဲန်းပြည်နယ် ဒုဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုပါတယ်။
မီဇိုရမ်ပြည်နယ်က Zo Reunification Organization (ZORO) နဲ့ နာဂလဲန်း ပြည်နယ်က Nagaland Indigenous People’s Forum(NIPF) တို့ ပူးပေါင်းပြီး ဗဟိုအစိုးရရဲ့ နယ်စပ်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အတူလက်တွဲဆန့်ကျင်သွားဖို့ ၂၀၂၄ ခုနှစ် မတ်လ ၁၆ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ဒီလိုလုပ်ဆောင်တာက ဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးတွေကို အသုံးပြုလို့မရအောင် အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာဖြစ်တယ်” လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် အမျိုးသားရေး လှုပ်ရှားနေတဲ့ Zo Re-Unification Organisation (ZORO) က ယခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ ကန့်ကွက်ထုတ်ပြန်ပါတယ်။
၂၀၀၇ခုနှစ်တွင် ရေးဆွဲပြဌာန်းပြီး အိန္ဒိယနိုင်ငံက သဘောတူလက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာကြေညာစာတမ်း (UNDRIP) အပုဒ် ၃၆ (က) “ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိနေထိုင်တဲ့ နိုင်ငံ၏ ပြင်ပတွင်ရှိသော အခြား ဌာနေတိုင်းရင်းသားလူမျိုးများနှင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ တူညီသော ရိုးရာယဥ်ကျေးမှုများအတွက် ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်နှင့် ဆက်ဆံပိုင်ခွင့်ရှိသည်။
(ခ) “ဌာနေတိုင်းရင်းသားလူမျိုးများအနေဖြင့် ဤအခွင့်အရေးကို ကျင့်သုံးခံစားခွင့်ရှိစေရန် နိုင်ငံများ အနေဖြင့် ထိရောက်သောလုပ်ငန်း ယန္တရားများသုံးပြီး တာဝန်ယူဆောင်ရွက်ပေးရမည်” ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ZORO ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အဲ့ဒီ UNDRIP အပိုဒ် ၃၆ (က) (ခ) ပေးထားသည့် အခွင့်အရေးများ ခံစားခွင့်မရစေရန် ပိတ်ပင်အတားအဆီးဖြစ်သော FMR ဖျက်သိမ်းခြင်းကို ပြန်လှစ်ဖွင့်ပေးရန် အဆုံးထိ တောင်းဆိုမှာဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
လူငယ် ၊ ကျောင်းသား ၊ အမျိုးသမီးနဲ့ သက်ကြီးအဖွဲ့တွေပူးပေါင်းထား တဲ့ NGO – Coordination Committee (NGOCC) တို့ကလည်း ညီအကိုသွေးချင်းအကြားပေါင်းစည်းရေးပျက်စီး နိုင်သောကြောင့် အိန္ဒိယအစိုးရလုပ်ဆောင်မှုများကို လက်မခံကြောင်းပြောကြားခဲ့သည်။
ဆန့်ကျင်မှု ၊ ထောက်ခံမှုတွေ အသီးသီးရှိနေတဲ့ နှစ်နိုင်ငံကြားက လွတ်လပ်စွာသွားလာခွင့် ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရက ဘယ်လိုစီမံချက်တွေ ချမှတ်သွားဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။