ရခိုင်စစ်ရေးဂယက်ကြောင့် ဧရာ၀တီတိုင်း မြို့နယ်အချို့မှာ ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်

ရခိုင်စစ်ရေးဂယက်ကြောင့် ဧရာ၀တီတိုင်း မြို့နယ်အချို့မှာ ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်

ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့  ဧရာ၀တီတိုင်းအထဲက မြို့နယ်အချို့မှာ  ည ၆ နာရီကနေ နံနက် ၆ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့်ကို ယခုလ ၁၈ ရက်နေ့ကစပြီး ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေကတော့ ကျုံပျော်ခရိုင်ထဲက ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်းနဲ့ အင်္ဂပူမြို့နယ်ထဲက ကွင်းကောက်တို့ ပါဝင်တယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

ငသိုင်းချောင်းဒေသခံ အမျိုးသမီးတစ်ဦးက “ကျွန်မတို့နေထိုင်တဲ့ ရွာတွေမှာတော့ ည ၆ နာရီကနေ မနက် ၆ နာရီထိ မထွက်ရဘူးလို့ ကြေညာထားပါတယ်။ တစ်ခြား ငသိုင်းချောင်းအနီးက ရေကြည်တို့၊ အင်္ဂပူမြို့နယ်က ကွင်းကောက်တို့မှာလည်း အလားတူ ညမထွက်ရအမိန့်ထုတ်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့  ကျေးရွာတွေဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေဖြစ်ကြတယ်လို့ သိရပါတယ်။

“အခုကြားတာ ဂွနဲ့ ငသိုင်းချောင်းကားလမ်းပေါ်က ဗေဒါဂိတ်ကို AA က သိမ်းပိုက်လိုက်ပြီလို့ ကြားရတယ်။ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရတဲ့သူများတယ်လို့ သိရတယ်။ ဒဏ်ရာရလာတဲ့သူတွေကို ငသိုင်းချောင်းဆေးရုံကို ယူလာပြီး ငသိုင်းချောင်းကနေ ပုသိမ်ဆေးရုံကို ပို့တယ်လို့ သတင်းရပါတယ်” လို့ သူမက ပြောပါတယ်။

AA သိမ်းပိုက်လိုက်တဲ့ ဗေဒါ စစ်ဆေးရေးဂိတ်ဟာ ငသိုင်းချောင်းနဲ့ ဂွ မြို့နယ်အစပ်မှာတည်ရှိပြီး ငသိုင်းချောင်းက မိုင် ၃၀ ကျော်အကွာလောက်မှာ တည်ရှိတယ်လို့ သိရပါတယ်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) ဟာ ဂွမြို့နဲ့ ငသိုင်းချောင်းကြား ရိုးပေါ်ရှိ ကားလမ်းကို ထိန်းချုပ်လိုက်ပြီဖြစ်တဲ့အတွက် AA ဝင်လာမှာကို စိုးရိမ်ပြီး ငသိုင်းချောင်းမှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။

ဧရာ၀တီတိုင်း ကျုံပျော်မြို့နယ်မှာ  စစ်ဘေးရှောင်နေတဲ့ ရခိုင်က အမျိုးသမီးတစ်ဦးကလည်း သူတို့နေထိုင်တဲ့ ကျေးရွာမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး  စစ်ဘေးရှောင်တွေကို စည်းကမ်းတွေ တင်းကျပ်ထားကာ ခွဲခြားဆက်ဆံမှုတွေလည်း ရှိတယ်လို့ ပြောဆိုပါတယ်။

“အခု ဧည့်စာရင်းတိုင်တာ ဓာတ်ပုံရိုက်ရတယ်။ ဧည့်စာရင်းတိုင်သူတွေအတွက် စာအုပ်လုပ်ပေးထားတယ်။ တစ်ပတ်တစ်ကြိမ် သွားတိုင်ရတယ်။ တစ်ခါတိုင်ရင် အုပ်ချုပ်ရေးမှူးရုံးကို ငွေနှစ်ထောင်ပေးရတယ်။ စစ်ဘေးရှောင်တွေကို နေအိမ်တွေမှာ ဆေးကုသခွင့်မပြုဘူး။ စစ်ဘေးရှောင် စစ်ဘေးရှောင်လိုနေဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက တားတာမျိုးတွေရှိတယ်” လို့ သူမက ပြောပါတယ်။

လက်ရှိ ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုတ်၊ ကျောင်းကုန်း၊ ကွင်းကောက်၊ အင်္ဂပူ၊ မြန်အောင်နဲ့  ကြံခင်းမြို့တွေမှာ ရခိုင်ပြည် သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်တွေက စစ်ဘေးရှောင်တွေ များပြားတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တစ်ဦးက “ရခိုင်က စစ်ဘေးရှောင်တွေ ပင်လယ်ကမ်းနားတစ်လျှောက် ရွှေသောင်ယံမှာလည်း များတယ်။ အခု သူတို့ကို ရွှေသောင်ယံမှာ မနေရ၊ နှင်ထုတ်တယ်လို့ကြားတယ်။ ဒီ ကျုံပျော်ခရိုင်အတွင်းမှာတော့ ဒီလို နှင်ထုတ်တာမရှိဘူး။ ဒါပေမယ့် အနီးကပ် စောင့်ကြည့်ခံနေတယ်။ ရခိုင်ကဆိုတာနဲ့ သူတို့ မသင်္ကာတော့ဘူး။ ငသိုင်းချောင်းမှာဆိုရင် ခွေးတောက်ကွက်သစ်၊ ကုန်းပြင်၊ ကျားကိုက်စတဲ့ ရွာကြီးတွေမှာလည်း ရခိုင်စစ်ဘေးရှောင်တွေများတယ်။ ဒေသခံတွေက ဘာပြဿနာမရှိဘူး။ စစ်တပ်နဲ့ပေါင်းတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကတော့ တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။

ရခိုင်စစ်ဘေးရှောင်တွေဟာ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နဲ့ မြန်အောင်ခရိုင်တွေအထိ ပျံ့နှံ့သွားရောက်နေထိုင်မှုတွေရှိနေပြီး အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဧရာ၀တီတိုင်းထိ ဝင်ရောက်လာတယ်လို့ သတင်းပျံ့နှံ့နေမှုတွေကြောင့် စစ်ဘေးရှောင်တွေကိုသာမက ဒေသခံတွေကိုပါ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Most read this week

January 17, 2025
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃...
January 15, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသည့် လူငယ်များကို...
January 14, 2025
ရခိုင်တွင် အရပ်ဘက်နေရာများကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲမှုများ...