KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်လိုက်တဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ လုပ်ငန်းရှင်အမြောက်အများဝင်လာပြီး ရွှေတူးဖော်မှုအလွန်အကျွံလုပ်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။

“ရွှေတူးဖော်မှုပိုများလာတယ် အစက အင်ဂျန်းယန်တဝိုက် စစ်တပ်ရှိတဲ့ဘက်တွေမှာ အဲလိုရွှေတူးဖော်တာတွေ သိပ်မရှိဘူး။ဒါပေမဲ့ အခုတော့ အားလုံးမှာရွှေတူးဖော်လိုက်ပြီ။ စစ်ကောင်စီတွေ ထွက်သွားပြီးတဲ့နောက် ရွှေတူးဖော်တာတွေ အရမ်းများလာတယ်။ အစကတော့ မြို့နဲ့ရွာနဲ့ နီးတဲ့နေရာတွေမှာမတူးဘူးဟုတ်တယ်။ ဒါပေမဲ့ အခုတော့ ရွာတွေနဲ့နီးနီးကပ်ကပ် ရွှေတူးဖော်တာတွေ အလွန်အကျွံလုပ်နေတယ်။” လို့ အင်ဂျန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အင်ဂျန်းယန်ဒေသမှာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေထဲမှာ ဒေသခံတွေမဟုတ်ပဲ အပြင်ကနေဝင်လာတဲ့ လုပ်ငန်းရှင်တွေများတယ်လို့  ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး အင်ဂျန်းယန်မြို့နဲ့ ကျေးရွာတွေထဲထိ ရွှေတူးဖော်တာတွေ အလွန်အကျွံလုပ်လာတာတွေ့ရပြီး ဝင်လာတဲ့ စက်ယန္တရားအရေအတွက် အတိအကျတော့မသိရဘူးလို့ ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ KIA တပ်ဟာ ၁ ၊ တြိဂံနယ်မြေလို့ တင်စားခေါ်ဝေါ်တဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့နယ်က စစ်တပ်၊ ရဲ နှင့် အရပ်ဘက်အုပ်ချုပ်ရေး ဝန်ထမ်းအားလုံး စွန့်ခွာသွားကြတာဖြစ်ပါတယ်။

စစ်တပ်ထွက်သွားပြီးတဲ့နောက် အင်ဂျန်းယန်ဒေသအလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ထိန်းချူပ်လိုက်ပြီး အုပ်ချူပ်ရေးယန္တရားတွေ လည်ပတ်နေတာဖြစ်ပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့နေရာတွေဟာ အရင်စစ်တပ်နဲ့ ဌာနဆိုင်ရာရုံးတွေတည်ရှိတဲ့ နေရာတဝိုက်နဲ့ မြို့၊ ရွာနယ်နိမိတ်တွေထဲအထိ  KIO ရဲ့ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေဝင်လာပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးနေတယ်လို့ ဒေသခံတွေပြောပါတယ်။

“ဒေသခံတွေတချို့ကတော့ ဘာမှစိုးရိမ်မှုမရှိပဲ ကိုယ့်ခြံ၊မြေတွေကို ရောင်းလိုက်တာတွေလည်းရှိတယ်။ ဒါပေမဲ့ တချို့ကတော့ စိုးရိမ်ကြတာပေါ့ နောက်နောင်ဘယ်မှာမှ လုပ်ကိုင်စားသောက်လို့မရတော့ရင် ဘယ်လိုနေကြမလဲပေါ့။ ဒီလို အလွန်အကျွံရွှေတူးဖော်တာကြောင့် ဒီနှစ်က အဆိုးဆုံးရေကြီးရေလျှံတာလည်း ကြုံခဲ့ရပြီ။ ဖြစ်နိုင်ရင် KIO အစိုးရအနေနဲ့ သူတို့ချမှတ်ထားတဲ့စည်းမျဉ်းအတိုင်း ဒေသခံတွေသဘောမတူတဲ့နေရာတွေမှာ သယံဇာတတူးဖော်တာတွေမပြုလုပ်တာအကောင်းဆုံးပဲ။အခုက KIO ကစည်းမျဉ်းတော့ချထားတာတွေရှိပေမဲ့ သူတို့ကိုယ်တိုင်လိုက်နာတာမျိုးမရှိဘူး။” ဟု အင်ဂျန်းယန်ဒေသခံကပြောပါတယ်။

အင်ဂျန်းယန်ဒေသက ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲကြောင့် မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ လက်ရှိချိန်ထိ စစ်ရှောင်စခန်းတွေမှာရှိနေပါတယ်။ အင်ဂျန်းယန်ဒေသမှာ စစ်ကောင်စီတွေမရှိတော့ပေမယ့် ဒေသခံပြည်သူတွေဟာ နှစ်ကာလကြာ စွန့်ပစ်ချန်လပ်ခဲ့ရတဲ့ ကျေးရွာနေအိမ်တွေကို ပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးတာကြောင့် လက်ရှိချိန် အားလုံးနေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ ရံဖန်ရံခါ တောင်ယာ၊အခင်းသွားကြည့်ဖို့ အသွားအပြန်လုပ်နေသူတော့ ရှိတယ်လို့ သိရပါတယ်။

ကချင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားတွေအပါအဝင် ရွှေတူးဖော်တာတွေကို မြစ်ဆုံအထက်အောက် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊မလိခမြစ်ရိုးတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ တူးနေတာ၊ ရေငုတ်ကျင်းတူးတာ၊ ကုန်းပေါ်မှာတူးတာ၊ မြစ်ကမ်းနံဘေး အဆက်မပြတ်တူးဖော်မှု ပိုပြီးဆိုးရွားလာနေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြပေမယ့် စစ်တပ်နဲ့လက်နက်ကိုင်အပေါင်းအပါ၊ ခရိုနီတွေဟာ ရွှေတူးဖော်မှုကို ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တူးဖော်နေကြတာဖြစ်ပါတယ်။

အဲဒီထဲမှာ အဆိုးရွားဆုံးကတော့ KIO ထိန်းချူပ်ထားတဲ့ မြစ်ဆုံအထက်ဧရာ၀တီဖြစ်ကြောင်းတစ်လျှောက်နဲ့  မေခမြစ်ဝှမ်းတစ်လျှောက်အပါအဝင် လက်ရှိ တြိဂံနယ်မြေ အင်ဂျန်းယန်ဒေသတွေမှာ ရွှေအလွန်အကျွံတူးဖော်တာတွေ၊ သစ်ထုတ်လုပ်တာတွေ ဆိုးဆိုးရွားရွားလုပ်နေတာဖြစ်ပါတယ်။

အင်ဂျန်းယန်မြို့မှာ တိုက်ပွဲမဖြစ်ခင် ၂၀၁၈ ရှေ့ကာလတုန်းက အိမ်ခြေ ၁၀၀ ကျော်ရှိခဲ့ပါတယ်။

September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...