ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စိုက်ခင်းတချို့မှာ ရေမကျသေးတာကြောင့် လက်ရှိမှာ ဖရဲစိုက်ကာလဖြစ်ပေမယ့် တောင်သူတွေဟာ မစိုက်ပျိုးနိုင်ကြသေးဘူးလို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ၄ မိုင် မြေနီကုန်းနဲ့ အနီးအနားကျေးရွာတွေမှာ ဒေသခံတွေဟာ ရာသီအလိုက် သီးနှံစိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ဖရဲသီးစိုက်ပျိုးတဲ့ စိုက်ခင်းမှာ ရေမကျသေးတဲ့အပြင် စိုက်ခင်းမှာအသုံးပြုရတဲ့ ပလတ်စတစ်လိပ် (ခေါ် ) မိုးကာလိပ်စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။
“ခါတိုင်းနှစ်ဆိုတော့ ကျနော်တို့ စိုက်တာ ၁၁ လပိုင်းပေါ့။ ဒီနှစ်က စိုက်မရဘူးဆိုတာက ရေလည်း တအားများတော့ စိုက်မရတော့ဘူးပေါ့။ ဒီနှစ်က ရေမကျတာလည်းပါတယ်။ ရေခမ်းလို့ စိုက်လို့ရရင်လည်း ဖရဲသီးမျိုးစေ့တွေ ပလတ်စတစ်တွေ စျေးတက်လာတော့ မစိုက်နိုင်တာလည်း ပါတာပေါ့” လို့ တောင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ ပလတ်စတစ် တစ်လိပ်ကို ၆ သောင်းကျပ်သာရှိပေမယ့် ယခုနှစ်မှာတော့ တစ်သိန်းခုနှစ်သောင်းကျပ်အထိ စျေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဖရဲသီးစိုက်တဲ့ ရွာပေါင်း (၁၅) ရွာခန့်ရှိပြီး အဲ့ဒီထဲမှာ ဖရဲသီး အများဆုံးစိုက်တဲ့ ရွာနှစ်ရွာဟာ (၄) မိုင် မြေနီကုန်း ဆီးကမီးတိုနဲ့ လွိုင်နန်းဖတို့ ဖြစ်ပါတယ်။
ဆီးကမီးတိုဖက်မှာတော့ ရေမခမ်းသေးတာကြောင့် ဖရဲသီးမစိုက်နိုင်ကြပေမယ့် လွိုင်နန်းဖဖက်မှာတော့ စတင် စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။
ဝမ်းရေးအတွက် ဖရဲသီး စိုက်ပျိုးကြပေမယ့် ပလတ်စတစ် စျေးမြင့်တက်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် မစိုက်ပျိုးနိုင်တော့ဘူးလို့ လွိုင်နန်းဖ တောင်သူတစ်ဦးက အခုလိုပြောပြပါတယ်။
“ဒီနှစ်ကတော့ ငါးလိတ် (ပလတ်စတစ်) အမြဲတမ်းလုပ်နေတဲ့ မိသားစုတောင်မှ နှစ်လိတ် အဲ့လိုမျိုးပဲ လုပ်နိုင်တာပေါ့နော်။ သုံးလိတ် အမြဲလုပ်နေတဲ့ မိသားစုတွေကလည်း တစ်လိတ်ပဲ လုပ်နိုင်တော့တယ် အဲ့လိုမျိုးတွေ အများကြီးရှိတာပေါ့နော်“ လို့ သူက ဆိုပါတယ်။
ပလတ်စတစ်လိပ် (ခေါ် ) မိုးကာလိပ် တစ်လိပ်ကို ဖရဲသီးအလုံးရေ ၁,၀၀၀ နီးပါးထွက်တယ်လို့ သိရပါတယ်။
ရေနစ်မြှုပ်သွားတဲ့ ၄ မိုင် မြေနီကုန်းနဲ့ အနီးအနားကျေးရွာ မှာ စိုက်ခင်းဧကပေါင်း (၃၀) ကျော်ရှိပါတယ်။ ယခင်က ဖရဲသီးကို ဒေသခံတွေသာ စိုက်ပျိုးကြပေမယ့် နောက်ပိုင်းမှာတော့ စားဝတ်နေရေးအတွက် စစ်ဘေးရှောင်တွေလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။
ယခုနှစ် ဖရဲစိုက်တောင်သူ နည်းပါးတာကြောင့် ဖရဲသီးစျေးနှုန်း မြင့်တက်လာနိုင်တယ်လို့လည်း တောင်သူတွေက ပြောဆိုကြပါတယ်။