တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း(၇)ရင်း ကယားပြည်နယ်မှ တပ်ပြန်ဆုတ်

တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း(၇)ရင်း ကယားပြည်နယ်မှ တပ်ပြန်ဆုတ်
by -
ကန္တာရဝတီတိုင်း(မ်)
ဓါတ်ပုံ - Poe Thar Facebook
ဓါတ်ပုံ - Poe Thar Facebook
တပ်မ ၅၅ တပ်ရင်းအောက် ၊ ဗျူဟာ(၂)ခု မှ ကယား(ကရင်နီ)ပြည်နယ်တွင်း လှုပ်ရှားနေသည့် တပ်ရင်း ရ ရင်းသည် ပြည်နယ်အတွင်းမှ တပ်စခန်းများ တဖြည်းဖြည်း စတင်ဆုတ်ခွာနေပြီဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဆက်ဆံရေး KNPP မှ လွိုင်ကော်ဆက်ဆံရေး တာဝန်ခံ ဦးညေးရယ်က ဖေဖော်ဝါရီလ ၅ရက်နေ့က ပြောသည်။

“ ဒီတစ်ရက်နှစ်ရက်အတွင်း သူတို့ဆုတ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ဒေါတမကြီးနဲ့ ရှားတောဘက်က စခန်းတွေ စဆုတ်နေပါပြီ။” ဟု ဦးညေးရယ်က ပြောသည်။

ထိုသို့ တပ်ရင်းများကို ပြန်ဆုတ်ရန် ကေအန်ပီပီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတိုင်းတွင် တင်ပြတောင်းဆိုခဲ့ပြီး ယခုတွင်လည်း ပြည်နယ်တွင် ငြိမ်းချမ်းနေပြီဖြစ်သည့်အပြင် ယခုတပ်ရင်းများသည် ပြင်ပမှ လာသော တပ်ရင်းများဖြစ်သောကြောင့် တပ်ရင်းများကို ပြန်ဆုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးညေးရယ်က ဆက်ပြောသည်။

ရှားတောမြို့တွင် တပ်မ ၅၅ တပ်ရင်းအောက်မှ ဗျူဟာတစ်ခုရှိထားသည့်အတွက် ၎င်းတပ်မှ တပ်သားများသည် တစ်ခါတရံတွင် မူးယစ်သောအချိန်တွင် ကျေးရွာထဲတွင်း ဆူပူအော်ဟစ်ခြင်း ၊ ၎င်းတို့အတွက် ရိက္ခာများသယ်ယူပေးနေကြရခြင်း ၊ ဒေသခံများ၏ ဆိုင်ကယ်၊ မြင်း စသည်တို့ကို ငှားပြီး ပျက်စီးလျှင်လည်း တာဝန်ယူခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ဆုတ်ခွာသွားပါက ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်မှုအပိုင်းတွင် ပို၍အေးချမ်းလုံခြံုရှိနိုင်လိမ့် မည်ဟုမျှော်လင့်ကြောင်းကို ရှားတောမြို့ ၊ ဒေါတနောရွာမှ ဒေသခံခူးညေးရယ်က ပြောသည်။

၎င်းက “ကျွန်တော်တို့ ရွာရဲ့အပေါ်ဘက်က တပ်တွေကော ဆုတ်တော့မယ်ဆိုရင်တော့ ကျွန်တော်တော့ အရမ်းပျော်တယ်၊ အဓိက အဲ့ဒီတပ်မရှိဖို့ပဲ ” ဟု ပြောသည်။

အချို့တပ်များသည် ကျေးရွာနှင့်နီးသောကြောင့် ရွာသူ/သားများ တောင်ယာများသို့ သွားသည့်အချိန်၊ သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ်သွားကြသောအချိန်တွင် စခန်းနှင့်နီးသောကြောင့် မိဘများမှ သားသမီးများ လုံခြံုမှှုအတွက် စိုးရိမ်မှုများလည်း ရှိနေခဲ့ရသည်။

ထို့ကြောင့် ထိုသို့ ရွာသားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော တပ်များကို ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

တပ်မ ၅၅ သည် ရှမ်းပြည်နယ်တပ်ရင်းဖြစ်ပြီး ကယား(ကရင်နီ)ပြည်နယ်သို့ ၂၀၁၂ နှစ်ဦးပိုင်းတွင် ရောက်ရှိလာပြီး KNPP တပ်ဖွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ လိုက်လံလှုပ်ရှားနေသော တပ်ဖြစ်သည်။

သို့သော် ၂၀၁၂ခု ၊ မတ်လတွင် ကေအန်ပီပီတပ်မှ အပစ်ခတ်ရပ်စဲရေး ယူလိုက်သောကြောင့် ယခုကဲ့သို့ သေနတ်သံ မကြားရတော့သောကြောင့် တပ်များ ပြန်ဆုတ်မည်ဖြစ်ကြောင်း သိရသည်။

တပ်မ ၅၅ လက်အောက်မှ ဗျူဟာ ၂ခုမှာ ရှားတောမြို့နယ်တွင် တစ်ခုနှင့် မယ်စဲ့မြို့တွင် တစ်ခုအခြေချထားကြောင်း သိရသည်။

တပ်ရင်းများမှာ ခလရ(၇)၊ ခမရ(၁၈)၊ခမရ(၅၀၈)တပ်ရင်းနှင့် အခြားတပ်ရင်း ၄ရင်း တို့ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်းတွင် အခြေချတပ်ရင်းများမှာ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် (ဒကစ)လက်အောက်ခံ တပ်ရင်း ၁၀ ရင်း ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခလက်အောက်ခံတပ်ရင်း ၄ ရင်းနှင့် နယ်ခြားစောင့်တပ် ၁၀၀၄ ၊ ၁၀၀၅ တပ်ရင်း ၂ ရင်းတို့ဖြစ်သည်။

Most read this week

September 9, 2024
စစ်ကောင်စီဟာ အရပ်သားတွေအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုအပြင် အကြမ်းဖက်လုပ်ရပ်တွေကို...
September 6, 2024
ကရင်နီပြည်မှာ တော်လှန်ရေးအားကောင်းဖို့နဲ့ ပြည်သူလူထုအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့...
September 6, 2024
ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာကို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ...
September 5, 2024
တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...