နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူအရပ်သား ၁၃ ဦးအထိသေဆုံးခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာပါဝင်ကူညီနေသူ တွေ ဆီကသိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။

“ဆုံးသွားတဲ့သူကတော့ ၁၃ ယောက်ပေါ့နော်။ ကလေးငယ်တွေရော ကိုယ်ဝန်ဆောင်ရောပဲ။ အဲ့ဒီကိုယ်ဝန်သည်ဆိုမိသားစု၃ယောက် မိသားစုလိုက်ပေါ့ အဖေရယ် ကလေးရော ကိုယ်ဝန်ဆောင်ထားရတဲ့ အမေဖြစ်သူ ရောပေါ့”လို့ ကယ်ဆယ်ရေးမှာကူညီဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ညဈေးအနီးတစ်ဝှိုက်ကနေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်း မနက်ပိုင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီနေ့ နေ့လည်ထိနောက်ဆုံးရရှိထားတဲ့အချက်အလက်အရ သေဆုံးသူ ၁၃ ဦးထိရှိလာပြီး အခုလက်ရှိမှာတော့ထိခိုက်ပျက်ဆီးသွားတဲ့ နေအိမ် ၆ လုံးနဲ့ အဆောက်အဦးတွေကိုရှင်းလင်းမှုတွေလုပ်နေသလို သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါင် ၅၀၀ ဗုံးသီးကိုအသုံးပြုကြဲချခဲ့တာဖြစ်ပြီး အခုတော့ နမ့်ခမ်းဒေသခံတွေဟာ ထိတ်လန့်နေကြပြီး ဈေးတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ညရောနေ့ပါဈေးရောင်းတဲ့ ပါပ်ပွဲ(ပန်ပွဲ) ဆိုတဲ့နေရာပေါ့။ နမ့်ခမ်းည‌ဈေးပေါ့ အခုတော့ ဈေးတွေလည်းပိတ် ထားရတယ်။ “လို့ဒေသခံတစ်ဦးကပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီးတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ တအာင်းတပ်မတော် TNLA နမ့်ခမ်းမြို့ကိုအုပ်ချုပ်တဲ့နောက်ပိုင်းပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃ရက်နေ့မှာ မန်တုံမြို့နယ်ကို  ၄ ရက်နေ့မှာ သီပေါမြို့တို့ကို လည်းလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတ်ပဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ TNLA ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ TNLA/MNDAA/ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာလ ၂ ရက်နေ့ရက် ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်။

Most read this week

September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...