ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။
၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို အခုလိုပြောဆိုပါတယ်။
“ကျမတို့က ဧရာ၀တီမြစ်ကမ်းဘေးမှာနေတော့ အရမ်းအေးတယ်။ စောင်တွေ လိုအပ်နေတယ်။ အနွေးထည်တွေ လိုအပ်နေတယ်။ အရမ်းခက်ခဲနေကြပါတယ်။ မြစ်ကမ်းဘေးမှာဆိုတော့ တော်တော်အေးတယ်။ အနွေးထည်တွေ၊ စောင်တွေ လိုအပ်နေပါတယ်။ ကူညီပေးကြပါအုံးကွယ်” လို့ မြစ်ကမ်းဘေး လဘန်ရွာမှာ စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောင်းချိန်းအထက် လဘန်ကျေးရွာ ဧရာ၀တီမြစ်ကမ်းဘေးက စစ်ရှောင်စခန်းမှာ လူဦးရေ ၁,၀၀၀ ဝန်းကျင်ရှိပြီး သူတို့ဟာ အောင်မြေ ၂ ကျေးရွာနဲ့ ရွှေညောင်ပင်ကျေးရွာက ဒေသခံတွေ စုပေါင်းနေထိုင်တဲ့ စခန်းတစ်ခုဖြစ်ပါတယ်။
သူတို့ဟာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၄ မတ်လတုန်းကကျေးရွာကနေ ထွက်ခွာခွင့်မရဘဲ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုကို တစ်ပတ်ခန့်ကြာ ခံခဲ့ရတဲ့သူတွေဖြစ်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတဲ့သူတွေ ဖြစ်ကြပါတယ်။
စစ်ရှောင်ကာလ ၉ လကျော်လာချိန် သူတို့ကို ဘာသာရေးအသင်းအဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအဖွဲ့တချို့က ရံဖန်ရံခါ အစားအသောက်၊ အသုံးအဆောင်တွေကို လာရောက်ကူညီခဲ့ကြပေမဲ့ အစားအသောက်အခက်အခဲအပြင် အေးစိမ့်တဲ့ ဆောင်းအအေးဒဏ်ကို ဖြတ်ကျော်နိုင်ဖို့ ကူညီမှုတွေ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
“စောင်တွေ အိမ်ကနေ သယ်လာနိုင်တဲ့သူတွေက ကိုယ်သယ်လာတာကိုခြုံ၊ မသယ်လာနိုင်တဲ့သူတွေကတော့ အသင်းတော်ကနေ တတ်နိုင်သလောက် ဝေမျှပြီး ခြုံနေကြတယ်” လို့ စောင်ကို ဝေမျှသုံးစွဲနေရတဲ့အကြောင်း နောင်းချိန်းကျေးရွာ စစ်ရှောင်စခန်းတစ်ခုက တာဝန်ခံတစ်ဦးကလည်း ပြောပါတယ်။
နောင်းချိန်းကျေးရွာနဲ့ လဘန်ကျေးရွာတစ်ဝိုက် စစ်ရှောင်စခန်း စုစုပေါင်း ၂၀ ရှိကာ အများစုကတော့ ကျေးရွာအတွင်း ကုန်းတွင်းပိုင်းဘက်မှာရှိပြီး တချို့က မြစ်ကမ်းဘေးမှာ ရှိနေတာဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေမှာ သောက်ရေအခက်အခဲနဲ့ အစားအသောက်ကျပ်တည်းမှုတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒီ စစ်ရှောင်ပြည်သူတွေအတွက် လာမဲ့နွေရာသီမှာ သောက်သုံးရေ ဖူလုံမှုရရှိနိုင်အောင် နေရာပြင်ဆင်ခြင်းနဲ့ ရေတွင်းတူးဖော်ဖို့အတွက်လည်း ကူညီမှု လိုအပ်နေတယ်လို့ သိရပါတယ်။
“နောင်းချိန်းမှာ အခု ရေလည်း တော်တော်ခက်တယ်။ လူ ၅၀၀ မှာ ရေတွင်းတစ်ခုပဲ သုံးတာဆိုတော့ ရေလည်း အခုတော့ ခန်းနေပြီ။ ဒါကြောင့် ရေသိပ်မချိုးကြဖို့ ပြောထားတယ်။ ရေတွင်းက တူးလည်း ရေမရှိတာပေါ့” ဟု နောင်းချိန်းကျေးရွာ စစ်ရှောင်တာဝန်ခံတစ်ဦးကလည်း ပြောပါတယ်။
တစ်ဖက်မှာလည်း နောင်းချိန်းနဲ့ လဘန်ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်ဘက်က တပ်နေရာချပြီး လှုပ်ရှားသွားလာတဲ့အတွက် ဒေသခံတွေနဲ့ အဲဒီနယ်မြေတွေမှာ စစ်ရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လုံခြုံရေအတွက်လည်း စိုးရိမ်နေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂွေထူဒေသကို ထိန်းချူပ်ထားသူ ဦးလဆန်အောင် ကွယ်လွန်သွားပြီးနောက် ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ အရင်က နေရာမယူဖူးတဲ့ နောင်းချိန်း၊ လဘန်ဘက်တွေမှာ နေရာယူ တပ်ချ လှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်ဖက်မှာ KIA ဘက်ကလည်း သတိပေးထားတာတွေလည်းရှိတော့ ကျနော်တို့ စစ်ရှောင်တွေလည်း နေရာထပ်ရွှေ့ဖို့ အတော်ဝန်လေးနေတယ်။ နေရာထပ်ရွှေ့ဖို့၊ အဆောင်တွေထပ်ဆောက်ဖို့၊ ပစ္စည်းတွေထပ်သယ်ဖို့၊ အိမ်သာ၊ ရေတွင်းအမျိုးမျိုး အစကနေ ပြန်လုပ်ဖို့ တော်တော်တော့ ဝန်ပိနေတယ်။ ဒါပေမဲ့ အရမ်းအရေးကြီးလာပြီဆိုရင်တော့ ခဏတဖြုတ် တည်းခိုဖို့ဆိုပြီး နေရာပြင်ဆင်ဖို့ ကော်မတီတွေ ဖွဲ့ထားတာတွေတော့ရှိတယ်” လို့ နောင်းချိန်းကျေးရွာ စစ်ရှောင်တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲကြောင့် ဝိုင်းမော်မြို့ အရှေ့ဘက်နဲ့ တောင်ဘက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူထောင်ချီ စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
လက်ရှိ ဝိုင်းမော်ဒေသခံ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ ဧရာ၀တီမြစ်ကမ်းဘေး နောင်းချိန်း၊ လဘန်၊ အင်ဂန်း စတဲ့နယ်မြေဘက်မှာလည်း စစ်ကောင်စီတပ်က နေရာယူတပ်စွဲတာတွေရှိလာတာကြောင့် စစ်ဘေးရှောင်တွေဟာ ထပ်မံပြီး နေရာရွှေ့ပြောင်းတိမ်းရှောင်ဖို့ ပူပြင်သောကတွေ ရောက်နေကြတာလည်း ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်မှာ ဗလမင်းထင်အထက်ဘက် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်အပါအဝင် ၅၈ တပ်ရင်းနဲ့ ၀ူယန်ရွာအထိ စစ်ကောင်စီတပ်ဘက်က နေရာယူထားပြီး ဗန်းမော်သွားလမ်းဘက်မှာတော့ ၀ိုင်းမော်ကနေ ခတ်ချိုလမ်းခွဲအထိ စစ်တပ်နေရာယူထားတာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ ဝိုင်းမော် – ဆဒုံး လမ်းပိုင်းနဲ့ ဝိုင်းမော် – ဗန်းမော် ကားလမ်းတစ်လျှောက် ထိန်းချူပ်ထားပါတယ်။