AA နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းမှုမျိုးကို ချင်းတော်လှန်ရေးအင်အားစုများကလိုလားသောကြောင့် သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း CNF ပြော

AA နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းမှုမျိုးကို ချင်းတော်လှန်ရေးအင်အားစုများကလိုလားသောကြောင့် သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း CNF ပြော

ချင်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အာရက္ခတပ်တော် (ULA/AA) နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းမှုမျိုးကို ချင်းတော်လှန်ရေးအင်အားစုများကလိုလားခဲ့သောကြောင့် ပွတ်တိုက်မှုဖြစ်မလာစေရန် AA နှင့် သုံးကြိမ်ဆွေးနွေးမှုရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

“ အခုလို ပွတ်တိုက်မှုတွေ ဖြစ်မလာဖို့ AA နဲ့ သုံးကြိမ် ဆွေးနွေးခဲ့တယ်၊၊ စကစ (စစ်ကောင်စီ) အာဏာ စသိမ်းချိန်မှာ AA က စကစ နဲ့ ပြေလည်ထားတယ်။ အခု AA က စကစ ကို ပြန်တိုက်ချိန်မှာ ဆွေးနွေးဖို့ ပြန်ပြောထားပါတယ်၊၊ စားပွဲဝိုင်းမှာ ဖြေရှင်းတာမျိုးကို ကျနော်တို့က လိုလားတာပါ၊၊ ပြည်သူရဲ့ နစ်နာဆုံးရှုံးမှုကို အလေးထားသင့်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ULA/AA အနေဖြင့် ချင်းပြည်တွင် စစ်ရေးလှုပ်ရှားလျှင် ကြိုတင်ညှိနှိုင်းရန်၊ အပြန်အလှန် ကူညီကြရန် ဆွေးနွေးမှုများ ရှိခဲ့သော် လည်း ဖြစ်မလာခဲ့ကြောင်း၊ ပွတ်တိုက်မှုကို ချင်းအင်အားစုဘက်မှလည်း မလိုလားကြောင်း ဆလိုင်းထက်နီက ပြောသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက အမေရိကန်နိုင်ငံမှာ ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် အာရက္ခတပ်တော် AA နှင့် စစ်မက်ဖြစ်ပွားခြင်းထက် မိတ်ဆွေဖွဲ့ရမည်ဟု စက်တင်ဘာလ ၄ ရက်က မှတ်ချက်ပြု ပြောဆိုမှုနှင့်ပတ်သက်၍ CNF/ CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုလိုပြောဆိုသည်။

“ပူးလာလ်ဒုအောမ်အနေနဲ့ AA နဲ့ ကျနော်တို့နဲ့ ပွတ်တိုက်မှု ဖြစ်ရတဲ့ ပြသနာအရင်းခံကို မသိလို့ပါ၊ သူ့အနေနဲ့ အဲလိုပြောတာလဲ မမှားပါဘူး၊ AA အပါအဝင်တိုင်းရင်းသား လက်နက်ကိုင် တွေအကြား လူမျိုးရေးအရဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ဖြစ်စေ၊ အပြန် အလှန်လေးစားအသိအမှတ်ပြုရေး၊ CNF ကနေ AA ကို သုံးကြိမ်တွေ့ဆုံမှုမှာ AA က မလိုက်လျောပေးနိုင်မှုတွေကို မသိလို့ပါ၊၊ CNF ဟာ ယုံကြည်ချက်တူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို လေးစားတယ်၊ မဟာမိတ်အနေနဲ့ ဆက်ဆံချင်တယ်၊၊ သို့သော် စစ်ရေး နိုင်ငံရေးအရ အပြန်အလှန် နားလည်လေးစား အသိအမှတ်ပြုမှုမဲ့တဲ့ ဆက်ဆံမှုကိုတော့ လက်မခံနိုင်ဘူး”  ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF သည် ယုံကြည်ချက်တူညီသော မည်သည့်အဖွဲ့အစည်းနှင့်မဆို မဟာမိတ်ဖွဲ့ လက်တွဲနိုင်ပြီး စစ်ရေး နိုင်ငံရေးတွင် အပြန်အလှန် နားလည်လေးစားအသိအမှတ်ပြုမှုမရှိသော ဆက်ဆံမှုမျိုးကိုတော့ လက်မခံနိုင်ဘူးလို့ ဆလိုင်းထက်နီကပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကိစ္စကို ULA/AA နှင့် ချင်းအင်အားစုများအကြား ဖြေရှင်းရန် ရှိသကဲ့သို့ ချင်းပြည် ကောင်စီ ဦးဆောင်သည့် ချင်းအင်အားစုများနှင့် ချင်းညီနောင်အဖွဲ့၊ ULA/AA တို့အကြားက အပြန်အလှန်ပစ်ခတ်မှု ပဋိပက္ခများမှာ ထင်းရှားသည့် နှစ်ဖက်တွေ့ဆုံ ဖြေရှင်းရမည့် ကိစ္စရပ်များ ဖြစ်သည်။

ULA/AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ချင်းတောင်မှာ ဖြစ်ပွားနေသည့် တချို့ အငြင်းပွားစရာ ပဋိပက္ခများကို ဖြေရှင်းသွားမည်ဟု ဧရာဝတီနှင့် စက်တင်ဘာလ ၅ ရက်က အင်တာဗျူးတွင် ဖြေကြားသည်။

“ချင်းတောင်မှာ ကျနော်တို့ တချို့ အငြင်းပွားစရာ ပဋိပက္ခတွေတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ဒီဟာတွေကို သေချာ ရှင်းပြပြီးမှ ဖြေရှင်းသွားဖို့လည်း စဉ်းစားထားပါတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

သို့သော် ချင်းပြည်တောင်ပိုင်းက ပဋိပက္ခများနှင့် ပတ်သက်၍  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသေးစိတ်ပြောကြားမှုမျိုး မရှိခဲ့ပါ။

အာရက္ခတပ်တော် ULA/ AA သည် ချင်းပြည်တောင်းပိုင်း ပလက်ဝမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး လုပ်ငန်းများ ဖော်ဆောင်လျက်ရှိကြောင်း၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနှင့် မတူပီမြို့သိမ်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးအင်အား စုများဖြစ် သည့် ချင်းညီနောင်အဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး စစ်ရေးအကူအညီများ ပေးနေကြောင်း သိရသည်။

September 14, 2024
အိန္ဒိယအစိုးရက ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ်စစ်တွေမြို့ အထိ...
September 13, 2024
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့...
September 10, 2024
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည် အဆင့်...
September 6, 2024
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက...