ရန်ကုန်တွင် ရခိုင်လူမျိုးများအား ပစ်မှတ်ထားဖမ်းဆီးမှု မြင့်တက်နေချိန်တွင် စစ်တွေလည်း စစ်ပြေးရှောင်နေသူများ၏ စာရင်းများကို ကောက်ခံနေ၍ လူထုကြား စိုးရိမ်မှုမြင့်တက်

ရန်ကုန်တွင် ရခိုင်လူမျိုးများအား ပစ်မှတ်ထားဖမ်းဆီးမှု မြင့်တက်နေချိန်တွင် စစ်တွေလည်း စစ်ပြေးရှောင်နေသူများ၏ စာရင်းများကို ကောက်ခံနေ၍ လူထုကြား စိုးရိမ်မှုမြင့်တက်

ရန်ကုန်မြို့တွင် ရခိုင်လူမျိုးများအား ဦးတည်ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးနေချိန်တွင် စစ်တွေမြို့တွင်လည်း စစ်ဘေးရှောင်ပြည်သူများ၏ စာရင်းများကို လိုက်လံကောက်ယူနေသဖြင့် လူထုအကြား စိုးရိမ်မှုများရှိနေကြကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် စစ်ရှောင်သွားသည့် နေအိမ်များမှ လူဦးရေစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်တပ်၊ ရဲများက အိမ်ထောင်စုစာရင်းများကို ကိုင်ဆောင်လာကာ တစ်အိမ်တက်ဆင်း အတိအကျ စစ်‌ဆေးနေသည်ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အိမ်မှာ လူ ၅ ယောက်ရှိရင် ၂ ယောက်က ရန်ကုန်ကို စစ်ရှောင်သွားရင် အဲ့ဒီ နှစ်ယောက်က ဘယ်နေရာကိုသွားလဲ။ ရန်ကုန်ကိုရှောင်ရင် ရန်ကုန် ဘယ်ရပ်ကွက်၊ ဘယ်လမ်းမှာနေလဲ။ ဘယ်လောက်ကြာပြီလဲ အတိအကျမေးပြီး စစ်တယ်" ဟု ပြောသည်။

စစ်ဘေးရှောင်သွားသူများ၏ ရန်ကုန်အပါအဝင် တစ်ခြားနေရာများတွင် နေထိုင်သည့် နေရပ်လိပ်စာကိုပါ မေးမြန်းနေ၍ အထူးစိုးရိမ်စရာကောင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ဘေးကိုကြောက်၍ ရန်ကုန်ကို စစ်ရှောင်သွားသည့် စစ်တွေမြို့ခံများကိုပင် သင်္ကာမကင်းသံသယများ ထားရှိလာသဖြင့် အထူးစိတ်မကောင်းဖြစ်ရသည်ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"နပခဌာနချုပ်ကိုသိမ်းပြီး စစ်တွေကနေ ရန်ကုန်ကို ဒီဇင်ဘာလမကုန်ခင်ကတည်းက အထွက်များတယ်။ စစ်ကောင်စီက ရန်ကုန်ရောက်နေတဲ့သူတွေကိုတောင် အေအေနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယတွေ ဝင်နေတာ။ သူတို့စိတ်ကိုက ရခိုင်ဆို အကုန် အပြစ်မရှိ အပြစ်ရှာနေတာ။ ကြောက်စိတ်လွမ်းမိုးနေတယ်လို့ ပြောရမလားဘဲ" ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရခိုင် စစ်ရှောင်များ၏ ဧည့်စာရင်းတိုင်ကြားသည့် လူဦးရေစာရင်းကိုလည်း နေထိုင်သည့်ရပ်ကွက်အလိုက် အတိအကျ စာရင်းကောက်ခံနေသည့်အတွက် စိုးရိမ်မှုနှင့် နေထိုင်နေရသည်ဟု  ရန်ကုန်ရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရန်ကုန်မှာ ရခိုင်များရင် များတဲ့ရပ်ကွက်အလိုက် ဧည့်စာရင်းတိုင်ထားတဲ့ စာရင်းတွေကို တိတိကျကျ စုနေတယ်။ ရခိုင်ဆိုရင် စစ်တွေကပဲဖြစ်ဖြစ်၊ တခြား ဘယ်ကပဲဖြစ်ဖြစ် စစ်ကိုစစ်တာ။ ကျွန်မတို့မှာ သားပျိုသမီးပျိုမရှိပေမယ့် ခုလို စစ်ဆေးကြမ်းလာတော့ နေရတာ မွန်းကျပ်လာတယ်" ဟု ပြောသည်။

ယင်းနောက်ပိုင်းတွင် စစ်တွေမြို့ခံအများစုမှာ စစ်တွေတွင် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး တခုတည်းသောထွက်ပေါက်ဖြစ်သည့် ပြည်မဖက်သို့ လေယာဉ်ဖြင့် စစ်ရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ စစ်တွေရှိမြို့မှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး လက်နက်မဲ့ပြည်သူများကို စစ်ကောင်စီမှ ခြိမ်းခြောက်မှုများကြောင့် မြို့ခံများမှာ လှောင်အိမ်ထဲတွင်နေရသကဲ့သို့ စိတ်မွန်းကျပ်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

April 11, 2025
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု...
April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...