IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)တို့ ပူးပေါင်းပြီး “တရားဥပဒေ စိုးမိုးရေးစီမံချက်” ကို ချမှတ်

IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)တို့ ပူးပေါင်းပြီး “တရားဥပဒေ စိုးမိုးရေးစီမံချက်” ကို ချမှတ်

ကရင်နီပြည်မှာ တော်လှန်ရေးအားကောင်းဖို့နဲ့ ပြည်သူလူထုအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)တို့ ပူးပေါင်းပြီး “တရားဥပဒေစိုးမိုးရေးစီမံချက်” တစ်ရပ် ချမှတ်ကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၄ရက်နေ့မှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။

ချမှတ်ထားတဲ့ တရားဥပဒေစိုးမိုးရေး စီမံချက်ထဲမှာ မူးယစ်ဆေးဝါး၊ တော်လှန်ရေး၊ လူမှုကျင့်ဝတ်နဲ့ မညီတဲ့လုပ်ငန်း၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေအပြင် လောင်းကစားရုံတွေ နဲ့ ပါတ်သက်တဲ့ အထူးတားမြစ်ချက်ကြီး ၄ ခုကို ချမှတ်ထားပါတယ်။

အထူးတားမြစ်ချက် တခုချင်းခေါင်းစဉ်အောက်ကနေလည်း တားမြစ်ထားတဲ့ အကြောင်းအရာ စုစုပေါင်း ၁၅ ချက် ပါဝင်ပါတယ်။

အဆိုပါ တားမြစ်ချက်တွေကို လိုက်နာခြင်းမရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်တွေနဲ့ အသင်းအဖွဲ့တွေဖြစ်စေ၊ ပြစ်မှုအပေါ် ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သလို ရာဇဝတ်မှု နှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးတွေကိုလည်း ဖော်ဆောင်သွားမယ်လို့ IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အရေးယူဆောင်ရွက်မှုဆိုတာက သူ့ရဲ့ ရှေ့ဆက်ပြုမှု ဥပဒေတွေရှိတယ်။ ဒါသူ့ရဲ့ ပြစ်မှု ၊ ကျူးလွန်မှု ပေါ်မှာ မူတည်ပြီးတော့မှ တရားစွဲဆိုတာတွေ ပြီးရင် ပြန်လည်ထူထောင်ရေး အခန်းကဏ္ဍမှာ သူ့ကိုပြန်ပြီးတော့မှ ပါဝင်စေတာတွေ ဒါတွေက သူ့ရဲ့ ပြစ်မှု ကျူးလွန်တဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဘယ်ဥပဒေနဲ့ ဘယ်လို တရားစွဲပြီးတော့မှ သူ့ကို အရေးယူမလဲ ဆိုတာက ဒါသီးသန့်ရှိမယ်ပေါ့နော်။ ပြီးရင် လူထုအပေါ်မှာကော တော်လှန်ရေးအပေါ်မှာကော တကယ့်ကို အဟန့်အတားဖြစ်စေတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဒီ KTVမှ မဟုတ်ဘူးပေါ့နော်။ အခြားသော မူးယစ်ဆေးဝါး ရာဇဝတ်မှုတွေ အားလုံးသည် ဒါတော်လှန်ရေးတပ်‌ပေါင်းစုံနဲ့ ဆွေးနွေးထားပြီးသားဖြစ်တယ်။ အားလုံးသဘောတူပြီးမှ အရေးယူဆောင်ရွက်သွားဖို့ ဖြစ်တယ်ပေါ့နော်။” လို့ ခူးပလူးရယ်က ဆိုပါတယ်။

အထူးတားမြစ် စီမံဆောင်ရွက်သွားမည့် အကြောင်းအရာတွေထဲမှာ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ် ဆေးဝါးတွေဖြစ်တဲ့ မက်သမ်ဖတမင်း (Methamphetamine) နဲ့ ကဖိန်း (Caffeine) တို့ ပေါင်းစပ် အခြေခံထားတဲ့ ယာဘ (Ya Ba) ဆေးပြား၊ အိုက်(စ်) (Ice) နဲ့ ဘိန်းဖြူတွေ အပြင် တော်လှန်ရေးနဲ့ လူမှုကျင့်ဝတ်နဲ့မညီတဲ့ လုပ်ငန်းတွေဖြစ်တဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတွေကို တားမြစ်ထားတာဖြစ်ပါတယ်။

“မူးယစ်ဆေးကတော့အရမ်းကိုပြောချင်တယ်၊ ကျနော့်ထက်ငယ်တဲ့သူတွေတောင် သောက်နေကြပြီ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ဆေးပေမဲ့ မထိရောက်ဘူးလို့ထင်တယ်။ ဥပဒေကိုအဓိကလူငယ်တွေ၊ ပြည်သူတွေကို မြေပြင်မှာအသိပေး၊ ကြေညာပေးတာသော်လည်းကောင်း၊ လုံးဝကိုတားမြစ်သင့်တယ်။ အဓိကတော့ ဒီအရာကိုထုတ်ပြန်ပြီးတော့ တကယ်ကို တရားဥပဒေစိုးမိုးရေးရှိမှ ပြည်သူတွေက လုံခြုံစိတ်ချရတဲ့ လူမူဘဝနေနိုင်မှာဖြစ်ပါတယ်” လို့ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အများပြည်သူနဲ့ တော်လှန်ရေးကို ထိခိုက်စေတဲ့ ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုနဲ့ သတင်းပေးမှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုများနဲ့ အစွန်းရောက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေ၊ တရားမဝင်အာဏာသိမ်း စစ်တပ်အတွက် ထောက်လှမ်းရေး လုပ်ဆောင်တာတွေလည်း တားမြစ်ထားပါတယ်။

တပ်ဖွဲ့ဝင်တွေမဟုတ်တဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှု နဲ့ လက်နက်ခဲယမ်းတွေ ရောင်းဝယ်ဖောက်ကားမှုတွေအတွက် တားမြစ်ချက်အနေနဲ့ မောင်းပြန် (အော်တို)နဲ့ ဆီမီး (အော်တို) သေနတ်တွေ၊ စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး)ရဲ့ ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေတဲ့ လက်နက်တွေ၊ မှောင်ခိုနည်းနဲ့ ရောင်း၊ ဝယ်၊ စုဆောင်းထားတဲ့ ကျည်မျိုးစုံတွေ၊ တပ်ဖွဲ့ရဲ့ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။

“ဒီကရင်နီမှာကလည်း ဒီလက်နက်ကိုင်တွေက အရမ်းများတယ်လေနော။ ဘယ်သူဘယ်ဝါမှန်းလဲ မသိဘူး။ ဒီအပေါ်မှာ သူတို့ တားမြစ်ချက်တွေ၊ ထုတ်ပြန်ချက်တွေထုတ်လိုက်တော့ ဒါကအရမ်းကောင်းတယ်၊ ပြီးတော့ မူးယစ်ဆေးဝါးတွေ၊ အွန်လိုင်းလောင်းကစားတွေပေါ့နော။ မူးယစ်ဆေးဝါးတွေ ၊ အွန်လိုင်းလောင်းကစားတွေကို ပိတ်လိုက်တာကလည်း အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ လောင်းကစားတွေကြောင့်ပဲ ပျက်စီးနေတာတွေလည်း ကျနော်တို့မြင်နေရတယ်၊ တွေ့နေရတယ်။” လို့ ထုတ်ပြန်ချက်နဲ့ပါတ်သက်ပြီး ဒီးမော့ဆိုမှာ နေထိုင်တဲ့ လူငယ်အမျိုးသားတစ်ဦးက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဒါ့အပြင် မြေပြင်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဖြစ်တဲ့ မြေပြင်လောင်းကစားရုံတွေ၊ အွန်လိုင်းဂိမ်းတွေ (Online Game) ဖြစ်ကြတဲ့ Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စတဲ့ ဂိမ်းတွေအပါအဝင် အခြားသော အွန်လိုင်းဂိမ်းတွေကို အသုံးပြုပြီးစီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းတွေကိုလည်း တားမြစ်ထားပါတယ်။

တရားဥပဒေစိုးမိုးရေးစီမံချက်ကို စက်တင်ဘာလ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစု (စစ်ဦးစီးအဖွဲ့)တို့က တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့ ( Task Force ) နဲ့ အထူးတပ်ဖွဲ့ ( Special Force) တို့ဖွဲ့စည်းကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ချမှတ်ထားတဲ့ “တရားဥပဒေစိုးမိုးရေးစီမံချက်”တစ်ရပ်အနေနဲ့ ကရင်နီပြည်တစ်ပြည်နယ်လုံးအတိုင်းအတာအထိ ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ IEC က ပြောဆိုထားပါတယ်။

Most read this week

September 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ...
September 16, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ပွန်ချောင်း စစ်ရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့...
September 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းတစ်ခုမှာ...
September 13, 2024
မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေတွေနဲ့အတူ မြှင့်တက်လာတဲ့ချောင်းရေ၊ မိုးရေကြောင့် ကရင်နီနဲ့...