စစ်ခေါင်းဆောင်ရဲ့ လွိုင်ကော်ခရီးစဉ်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ ၊ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့

စစ်ခေါင်းဆောင်ရဲ့ လွိုင်ကော်ခရီးစဉ်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ ၊ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့

တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ စစ်ကောင်စီခေါင်းဆောင် လွိုင်ကော်ကို ရောက်လာတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဘယ်လိုနေရာတွေကို အဓိက တိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ အသေးစိတ် ပြောပြလို့မရပါဘူး။” လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ မှာ လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် ရောက်ရှိလာစဉ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ထိခိုက်မှုအခြေအနေကိုတော့ KNDF က ပြောဆိုထားခြင်းမရှိပါဘူး။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တချို့မှာ လွိုင်ကော်မြို့တွင်း သာသနာ့ဗိမာန်အနီးအနားမှာ လက်နက်ကြီး ကျရောက်မှုရှိပြီး လူထိခိုက်မှု မရှိဘူးလို့ ရေးသားထားတာရှိပါတယ်။

စစ်ခေါင်းဆောင်ဟာ လွိုင်ကော်မြို့က သူ့ရဲ့လက်အောက်ခံဝန်ထမ်းတွေကို လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ အထူးအလေးပေး မှာကြားခဲ့သလို ပုံမှန်အခြေအနေ အမြန်ဆုံး ပြန်ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားကြောင်း MRTV ကကြေညာထားပါတယ်။

စစ်ခေါင်းဆောင်ရောက်ရှိလာတာဟာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ စည်းရုံးရေးဆင်းတာဖြစ်ပြီး လွိုင်ကော်မြို့အနီးအနားမှာ စစ်အင်အားဖြည့်တင်းမှုလည်း ရှိနေတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

“ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့က အဓိက ။ နောက် ရွေးကောက်ပွဲလုပ်နိုင်ဖို့ သူ့အမည်နာမ ရှိနိုင်အောင် ဆိုပြီးတော့မှ ကြိုးစားတဲ့အနေအထားလို့ပဲ သတ်မှတ်ပါတယ်။” လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က သုံးသပ်ပြောဆိုပါတယ်။

စစ်ခေါင်းဆောင်က လွိုင်ကော်ခရီးစဉ်ကို လေကြောင်းနဲ့ ရောက်ရှိလာပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ကို ဦးစွာသွားရောက်ခဲ့သလို နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတွေကို စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီပိုင် MRTV ရုပ်သံကနေ စက်တင်ဘာလ ၄ ရက်နေ့ ည ၈ နာရီမှာ သတင်းကြေညာထားပါတယ်။

ထို့နောက် ပြည်နယ်ခန်းမမှာ လူထုနဲ့ တွေ့ဆုံစဉ်မှာလည်း ဒေသဖွံ့ဖြိုးမှုနောက်ကျစေပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင် လုပ်ဆောင်နေတာဟာ ဒေသခံတွေကိုယ်တိုင် ဖြစ်တယ်လို့ သူက ပြောဆိုသွားပါတယ်။ ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ ဒေသခံတွေပါ ပါဝင်ကြဖို့ သူကတိုက်တွန်းပါတယ်။

“ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက် လုပ်ဆောင်မှုလျော့ပါးစေရေးအတွက် ပြည်သူအနေနဲ့ ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလိုကြောင်း ၊ မြို့ရွာများရှိ ပြည်သူလူထုနေအိမ်တွေမှာ ဝင်ရောက်နေထိုင်၍ အကာအကွယ်ယူတိုက်ခိုက်ကြခြင်းဖြစ်သဖြင့် ပြည်သူအနေနဲ့ သတိတရား၊ အသိတရားများဖြင့် ရှောင်ရှားမည်ဆိုပါက ချေမှုန်းရေးလုပ်ငန်းတွေကို ပိုမိုမြန်ဆန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။” လို့ စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။

အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ ၊ မြို့မိမြို့ဖ၊ ဒေသခံပြည်သူတွေနဲ့တွေ့ဆုံတယ်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ပြောဆိုထားပေမဲ့ ဒေသခံတွေလို့ ဆိုတဲ့နေရာမှာ တပ်ပိုင်းဆိုင်ရာ ၊ ဌာနဆိုင်ရာမိသားစုဝင်တွေသာ ဖြစ်ပြီး မြို့တွင်းနေထိုင်တဲ့ ဒေသခံတွေကတော့ မသိရှိရဘူးလို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ ပြည်နယ်ခန်းမမှာ လူထုတွေ့ဆုံတာလည်း မသိရဘူး။ ပြည်ထောင်စုလမ်းမကြီးပဲသွားတာတောင် လမ်းပိတ်ပြီး ဆက်မသွားခိုင်းဘူး။ လုံခြုံရေးလည်းအပြည့်ပဲ ပုံမှန်ခြေအနေထက်စာရင်ပေါ့ ။ တခုခုတော့ တခုခုပဲလို့ ထင်နေတာ သတင်းတက်လာမှပဲ မင်းအောင်လှိုင် လွိုင်ကော်လာမှန်း သိတော့တယ်။”လို့ သူက ဆိုပါတယ်။

လွိုင်ကော်မြို့ ၁လေးလုံးစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်နဲ့ မြို့တွင်းနေရာအများစုကို လေယာဉ် ၊ ဒရုန်း ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အိမ် ရာချီ မီးလောင်ပျက်စီးခဲ့ရပါတယ်။ သို့ပေမယ့် ပျက်စီးရတဲ့ အကြောင်းရင်းက တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့ပြီး ဖြစ်ပေါ်နေတဲ့အခြေအနေကို သင်ခန်းစာယူပြီး ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။

Most read this week

September 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ...
September 16, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ပွန်ချောင်း စစ်ရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့...
September 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းတစ်ခုမှာ...
September 13, 2024
မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေတွေနဲ့အတူ မြှင့်တက်လာတဲ့ချောင်းရေ၊ မိုးရေကြောင့် ကရင်နီနဲ့...