စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲမှု ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူလည်း ရှိနေ

စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲမှု ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူလည်း ရှိနေ

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာကို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၉မိနစ်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၈ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ည  ည ၉နာရီ ၉မိနစ်လို့ပြောကြတာပေါ့။ ပထမတစ်ကြိမ် လေယာဉ်လာတယ်မီးပိတ်တယ် ။ ဒါပေမယ့် ဘားမဖြစ်ဘူး ထင်ပြီး မီးပြန်ဖွင့်တယ်။ ဒုတိယတစ်ကြိမ်ကြတော့ လေယာဉ်နဲ့လာကြဲသွားတာပေါ့ ပေါင်၅၀၀ဗုံးနဲ့။ နေအိမ်လည်း တော်တော်များများပျက်စီးသွားတယ်။ သေဆုံးတဲ့အလောင်းကတော့ ၈ယောက်တွေ့ပြီ။ ပျောက်နေတာလည်းရှိသေးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်။ ဘာလို့ဆို စစ်ရှောင်စခန်းက သိတဲ့အတိုင်း တဲအိမ်တွေက ကပ်လျက်ပဲလေ လူဦးရေလည်းများတော့ ထိခိုက်မှုများတယ်။” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲ ကျောင်းတက်နေတဲ့ ကလေးအရွယ် ၆ ဦး အထိ ရှိပြီး အသက် ၄၀ အထက် အမျိုးသမီးနှစ်ဦးပါဝင်တယ်လို့ ကနဦး သိရပါတယ်။ ပျေက်ဆုံးနေဆဲ ရှိသလို အရပ်သားထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းက နေအိမ် ၂၀ လုံးထက်မနည်းလည်း ပျက်စီးသွားခဲ့ပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်း နဲ့ အနီးအနားကို ယခင်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၇ ကြိမ် ရှိခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ လူသေဆုံးမှုနဲ့ ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ သက်ကြီးရွယ်အို နဲ့ ကျောင်းနေအရွယ် ကလေးတွေ ခိုလှုံနေထိုင်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ၊ ၅ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေဖြစ်ပြီး အရပ်သားရှိရာနေရာတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်

January 17, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ ဖယ်ခုံမြို့နယ်အတွင်းက...
January 16, 2025
အာဏာသိမ်း ဒု–စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို...
January 15, 2025
ထိုင်း-ကရင်နီ နယ်စပ်ရှိ ‌ဒေါ်နိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
January 13, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ပအိုဝ်းလူမျိုးတွေနေထိုင်တဲ့ ဖြီကျွတ်ကျေးရွာကို...