ဒေသခံရခိုင်ပြည်သူများကို ငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားပြီး စစ်ကောင်စီက သူတို့နှင့် နီးစပ်သည့်ကုမ္ပဏီများအား ရခိုင်ရေပြင်တွင် ငါးဖမ်းခွင့်ပြုထား

ဒေသခံရခိုင်ပြည်သူများကို ငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားပြီး စစ်ကောင်စီက သူတို့နှင့် နီးစပ်သည့်ကုမ္ပဏီများအား ရခိုင်ရေပြင်တွင် ငါးဖမ်းခွင့်ပြုထား

စစ်ကောင်စီက ရခိုင်ဒေသခံပြည်သူများအား ငါးဖမ်းခွင့်အား တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားပြီး တစ်ခြားတစ်ဖက်တွင် စစ်ကောင်စီနှင့် နီးစပ်သည့် ရန်ကုန်၊ ဧရာ၀တီနှင့် တနင်္သာရီတိုင်းမှ  ပုဂ္ဂိလကုမ္ပဏီများ၏ ငါးဖမ်း သင်္ဘောများအား ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းခွင့် ပြုပေးထားသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ကျောက်ဖြူ ဒေသခံတစ်‌ဦးက “ ဒေသခံတွေလို သူတို့က စက်လှေတွေ၊ ဘုတ်တွေနဲ့ လာဖမ်းကြတာမဟုတ်ဘူး။ ပိုက်ဆွဲတဲ့ သင်္ဘောကြီးတွေနဲ့ လာဖမ်းနေကြတာ။ ကမ်းနားဘက် မှာတောင် ၈ စီးလောက်တွေ့ရတယ်။ ကမ်းအဝေးမှာဆို အစီး ၂၀ လောက်ရှိမယ်။ ကမ်းနားကိုထိ လာဆွဲကြတယ်။ နေ့တိုင်းလာဆွဲနေကြတာ။ နေ့လည်းဖမ်းတယ်၊ ညလည်း ဖမ်းကြတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်းကျေးရွာအောက်ဘက် ပင်လယ်ပြင်တွင် ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတို့ဘက်မှ ငါးဖမ်းသင်္ဘောကြီးများဖြင့် ငါး၊ ပုစွန်များကို လာရောက် ဖမ်းဆီး နေကြသည်ကို ကမ်းပေါ်ကနေ လူတိုင်း မြင်တွေ့နေရသည်ဟု ဆိုသည်။

လက်ရှိ ကျောက်ဖြူမြို့အနီးတွင် လာရောက်ငါးဖမ်းနေသည့် ပြည်မက ငါးဖမ်း သင်္ဘောကြီး များမှာ  စစ်ကောင်စီနှင့် နီးစပ်သည့် ကုမ္ပဏီများမှ ငါးဖမ်းသင်္ဘောများဖြစ်ကြပြီး စစ်ကောင်စီ အရာရှိကြီးများ ရှယ်ယာဝင်ထားသည့် ကုမ္ပဏီများမှ ငါးဖမ်းသင်္ဘောများလည်း ပါဝင်သည်ဟု ဒေသခံ ငါးလုပ်ငန်း ပိုင်ရှင်တစ်ဦးက  နိရဥ္စရာကိုပြောသည်။

“ အခုဖမ်းနေတဲ့ သင်္ဘောတွေအထဲမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေလည်းပါသလို စစ်ကောင်စီ အရာရှိကြီးတွေ ထောင်တားတဲ့ ကုမ္ပဏီတွေလည်း ပါတယ်လို့ ကြားမိတယ်။ တချို့ကုမ္ပဏီတွေဆို ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေမှာ ရှယ်ယာတွေ ပါတယ်လို့ သိရတယ်‌။ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ငါးဖမ်းလှေတွေက များပါတယ်” ဟုပြောသည်။

ယခုကဲ့သို့  ဒေသခံပြည်သူများ၏ ငါးဖမ်းခွင့်အား ပိတ်ပင်ထားသဖြင့် ဒေသခံပြည်သူများမှာ စီးပွားပျက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရကြရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ ဒေသခံတွေက ကိုယ့်ရေပြင်မှာကိုယ် ငါးဖမ်းခွင့်ကို ကျတော့ စစ်ကောင်စီက ပိတ်ထားတယ်။ တခြားဒေသက သူတို့နဲ့ နီးစပ်တဲ့ ငါးဖမ်းသင်္ဘောတွေက လွတ်လွတ်လပ်လပ်  ငါးဖမ်းခွင့် ရနေကြတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူတွေက ထမင်းငတ် ဟင်းငတ် စီးပွားပျက်ပြီး ဒီအတိုင်း ပင်လယ်ပြင်ကို ထိုင်ကြည့်နေရတယ်” ဟု ၎င်းက ပြောကြားသည်။

ငါးလုပ်ငန်းသည် ရခိုင်ပြည်၏ စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် ဒုတိယ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းဖြစ်ပြီး တကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့်  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့စပြီး စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊  မာန်အောင်၊ သံတွဲ အပါအဝင် မြို့နယ်များအားလုံးမှ ရေလုပ်သားများကို ပင်လယ်ပြင်သို့ သွားရောက် ငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ကောင်စီက ပိတ်ပင် ထားမြစ်ထားသည်ဟု သိရသည်။

တစ်ခြား ကျောက်ဖြူဒေသခံတစ်ဦးက “ ကျွန်တော်တို့ ကျောက်ဖြူမှာဆိုရင် ငါးဖမ်းလို့ လုံးဝမရပါ။ အခု စက်လှေလေးတွေနဲ့ ငလပွေ့ချောင်းတို့၊ ပြင်ဖြူမော်တို့ဘက်မှာ ဖမ်းရင်တောင်မှ စစ်ကောင်စီက စက်လှေတွေကို သိမ်းတယ်။ ချက်ချင်းဖမ်းပြီး ရဲစခန်းကို ပို့တယ်။ ပြီးတော့ ကျောက်ဖြူထောင်ကို ပို့လိုက်ကြတယ်။ ထောင်ချပါတယ်။ ထောင်ချရင်လည်း ပိုက်ဆံပေးတဲ့သူတွေဆို ၆ လလောက်ချတယ်။ မပေးနိုင်တဲ့သူတွေသူတို့ ထောင် တစ်နှစ်ချတယ်။ ငါးဖမ်းမရတော့ စားဝတ်နေ‌ရေးက အစ ခက်ခဲလာတယ်။ အခုဆို ရေလုပ်ငန်း လုပ်ကိုင်သူတွေ ဘ၀ပျက်ပြီး မိတ်ဆွေတွေဆီက ချေးငှားစားသောက် နေရပါတယ်” ဟုပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပြီးနောက် ကျောက်ဖြူမြို့နယ်ရှိ ဂုံးချွိန်၊ လိပ်ခမော်၊ စေတီယျ၊ တောင်ရင်း၊ ငလပွေ့၊ စိုင်ခြုံ၊ ပြင်ဖြူမော်အစရှိသည့် ကျေးရွာ အနီးအနားမှ ကျေးရွာများနှင့် ရပ်ကွက်များတွင် ငါးဖမ်းခွင့်မရှိကြောင်း၊ ဖမ်းဆီးလျှင် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း သိရသည်။

စစ်ကောင်စီက ယခုကဲ့သို့ ရခိုင်ပြည်သူများကို ငါးမဖမ်းမရအမိန့် တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားသော်လည်း ပြည်မဘက်က ငါးဖမ်းသင်္ဘောများကိုမူ ဖမ်းဆီးခွင့်ပေးထားခြင်းမှာ လူမျိုးရေးအရ နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက ဝေဖန်ပြောဆိုလိုက်သည်။

“ဒါက ကျနော်တို့ လူမျိုးရေးအရ နှိပ်ကွပ်တယ်လို့ပဲ ပြောရပါမယ်။ ဘာလို့လဲဆိုရင် ဒီမှာ အများပြည်သူလုပ်ကိုင်စားသောက်ဖို့အတွက်ကို ပိုက်လေးတွေ၊ ကွန်လေးတွေနဲ့ သွားပြီး ငါးဖမ်းတဲ့သူတွေကို ဖမ်းပြီး၊ ထောင်ချပြီးတော့ စက်လှေကြီးတွေ၊ သင်္ဘောကြီးတွေနဲ့ ဗမာပြည်က လာပြီးဖမ်းတဲ့သူတွေကို တစ်ခုမှ အရေးယူဆောင်ရွက်မှုမရှိဘူးဆိုတာဒါကျနော်တို့ လူမျိုးကို သက်သက် ဒုက္ခတွေရောက်သွားအောင်၊ စားဝတ်နေရေးကျပ်တည်း အဆင်မပြေ ဖြစ်သွားအောင် သူတို့(စကစ) က လုပ်ဆောင်နေတယ်လို့ပဲ၊ ကျနော်ကတော့ အဲလို မြင်မိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများ များပြားပြီး စစ်ကောင်စီက ယခုကဲ့သို့ ငါးဖမ်းခွင့်ကို ပိတ်ပင်ထားပြီး  စားဝတ်နေရေးအတွက် မဖြစ်မနေ ငါးဖမ်းကြသူများကိုလည်း ဖမ်းဆီးထောင်ချခြင်းများရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်ကလည်း ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ငါးဖမ်းသမား တစ်ဦးနှင့် သစ်ပုတ်တောင်တိုက်နယ်၊ ကြံချိုင်ကျေးရွာမှ ငါးဖမ်းသမား နှစ်ဦးတို့ကို ကျေးရွာအနီးရှိ မြစ်တွင်းတွင် ငါးဖမ်းနေစဉ် စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

Most read this week

September 17, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့်...
September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...
September 16, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့...