အိုင်စီအာရ် ဥက္ကဋ္ဌသည် မြန်မာခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် ရခိုင်သို့ သွားရောက်ခဲ့

အိုင်စီအာရ် ဥက္ကဋ္ဌသည် မြန်မာခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် ရခိုင်သို့ သွားရောက်ခဲ့

ကမ္ဘာ့ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mirjana Spoljaric သည် သူမ၏ ၅ ရက်တာ မြန်မာ ခရီးစဉ်အတွင်း ရခိုင်ပြည်သို့ သွားရောက်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)မှ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ သွားရောက်ခြင်းမှာ အလွန်အမင်း လိုအပ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် အတွက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC ) ၏ ဥက္ကဋ္ဌ Mirjana Spoljaric သည် ပဋိပက္ခနှင့် အခြားသောအကြမ်းဖက်မှုအခြေအနေများ ပိုမိုအရှိန်မြင့်တက်လျက်ရှိနေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုယိုယွင်းလာလျက်ရှိနေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ICRC  ဥက္ကဋ္ဌ၏  စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၅ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူမသည် စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံစဉ်တွင် Ms Spoljaric သည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးလိုသည့် အိုင်စီအာရ်စီ၏ ရည်ရွယ်ချက်နှင့် ယင်း၏ ဆောင်ရွက်ပေးနိုင်စွမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောဆိုခဲ့သည့်အပြင် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ သွားရောက်ခွင့်ကို ပိုမို ရရှိနိုင်ရန်လည်း တိုက်တွန်းခဲ့သည်။

အိုင်စီအာရ်စီ ဥက္ကဋ္ဌက "ကျွန်မတို့အနေနဲ့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကြား အတွင်းရေး ကိစ္စအဖြစ်သတ်မှတ်ထားရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆောင်ရွက်ရာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေသူတွေ ဘေးကင်းလုံခြုံစေဖို့ အတွက် သူတို့မှာရှိတဲ့ တာဝန်ဝတ္တရားကို အသိပေးပြောဆိုမှုတွေပြုလုပ်ပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခဒဏ်ခံနေရသည့် နေရာများရှိ ရပ်ရွာလူထုများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာစနစ်၊ သန့်ရှင်းသည့်ရေ၊ အစားအစာနှင့် နေထိုင်ရန်အမိုးအကာများ ရရှိနိုင်မှုတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟုဆိုသည်။

ခက်ခဲသည့် စိန်ခေါ်မှုများ ရှိသော်လည်း အိုင်စီအာရ်စီအဖွဲ့များသည် ဘေးဖြစ်ရန် အလွယ်ကူဆုံး ရပ်ရွာလူထုများ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံနေရသည့် နေရာဒေသများတွင် နေထိုင်လျက်ရှိသူများထံသို့ သွားရောက်ပံ့ပိုးကူညီနိုင်ရန် သန္နိဋ္ဌာန်ချထားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတော်တော်များများက အခြေခံဆေးဝါးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရှိဘဲ နေထိုင်နေကြပြီး ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် သန့်ရှင်းတဲ့ရေနဲ့မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုတွေမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ပဋိပက္ခနဲ့ အခြားသောအကြမ်းဖက်မှုအခြေအနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက် ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ပါဘူး" ဟု ဥက္ကဋ္ဌက ပြောသည်။

လူနေထူထပ်သည့် နေရာများတွင် ထိခိုက်မှုမြင့်မားသည့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများကို ပုံမှန် အသုံးပြုခြင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ စိုးရိမ်ဖွယ် မြင့်တက်လာသည်ကို သတိပြုတွေ့ရှိခဲ့ ကြောင်းသူကပြောသည်။

ထို့ပြင် လူထု၏ သွားလာနိုင်မှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် ချမှတ်ထားသည့် တားမြစ် ကန့်သတ်ချက် များကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်မှု လျော့နည်းလာသည့်အခြေအနေတွင် ရပ်ရွာလူထု တော်တော်များများအတွက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုများ ရရှိနိုင်မှုအပေါ် အကန့်အသတ်ဖြစ်လာကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပျက်ပြားလာခြင်းကြောင့် ကြိုတင် ကာကွယ်နိုင်သည့် ရောဂါများ ပိုမိုဖြစ်ပွားလာသည့်အပြင် ဆေးဝါးအထောက်အပံ့များ ပေးပို့ဖြည့်ဆည်းမှု မရှိခြင်းကလည်း ဒဏ်ရာရသူများနှင့် နာတာရှည်ရောဂါသည်များ၏ ထိခိုက်ခံစားရမှုများကို ပိုမိုဆိုးရွားစေကြောင်းသိရသည်။

ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အခြားသောအကြမ်းဖက်မှုအခြေအနေများကြောင့် ထောင်နှင့်ချီသော မိသားစုများသည် မကြာခဏဆိုသလို မည်သည့်ပိုင်ဆိုင်မှုကိုမျှ ယူဆောင်နိုင်ခြင်းမရှိဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခရီးစဉ် ပြီးဆုံးချိန်တွင် အိုင်စီအာရ်စီ ဥက္ကဋ္ဌသည် နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် အရပ်သားပြည်သူလူထုအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ပိုမိုသွားရောက်ပေးအပ်နိုင်ရန်အတွက် တောင်းဆိုခဲ့ကြောင်းသိရသည်။

ထို့ပြင် အိုင်စီအာရ်စီဥက္ကဋ္ဌသည် အိုင်စီအာရ်စီ၏ ကြားနေသည့် အခန်းကဏ္ဍနှင့် အကူအညီ လိုအပ်မှုများ အများဆုံးရှိနေသည့် လူထုထံသို့ သွားရောက်နိုင်ရေးဟူသည့် ရည်မှန်းချက်ကို အထူးအလေးပေး ပြောကြားခဲ့ကြောင်းသိရသည်။

"မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ဆိုတဲ့ အိုင်စီအာရ်စီရဲ့ သန္နိဋ္ဌန်က မဆုတ်မနစ် ဆက်လက်တည်ရှိနေမှာပါ” ဟု အိုင်စီအာရ်စီ ဥက္ကဋ္ဌက ပြောကြားသည်။

၎င်းပြင် နိုင်ငံအတွင်း အဆောတလျင် လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဟူသည့် အိုင်စီအာရ်စီ၏ ဆုံးဖြတ်ချက် သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။

September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...