မောင်တော ဂြိတ်ချောင်းဖြစ်စဉ်တွင် နောက်ထပ် ၆ လအရွယ်ကလေးတစ်ဦး သေဆုံး၊ သေဆုံးသူ ၁၃ ဦးထိရှိလာ

မောင်တော ဂြိတ်ချောင်းဖြစ်စဉ်တွင် နောက်ထပ် ၆ လအရွယ်ကလေးတစ်ဦး သေဆုံး၊ သေဆုံးသူ ၁၃ ဦးထိရှိလာ
နိုဝင်ဘာ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြစဉ်။ Photo – Zaw Gyi
နိုဝင်ဘာ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြစဉ်။ Photo – Zaw Gyi

လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိ၍ မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် မောင်တောမြို့နယ်၊ ဂြိတ်ချောင်း(မြို)ကျေးရွာမှ အသက် ၆ လအရွယ် ကလေးငယ်တစ်ဦးမှာ ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၂ ရက်) ညနေ ၆ နာရီခန့်အချိန်တွင် သေဆုံးသွား‌ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ မဆောင်ဝေ ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျေးရွာအတွင်း ကင်းပွန်းတပ်နားဖောက်ပွဲ ပြုလုပ်ခဲ့သူလည်းဖြစ်သည်။ ၄င်းမှာ ပေါင်နှစ်ဘက်လုံးတွင် ကျည်စထိမှန်ခဲ့၍ ဒဏ်ရာပြင်းထန်မှုကြောင့် မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခြင်းဖြစ်သည်။

“၂၂ ရက်နေ့ ညနေ ၆ နာရီလောက်မှာ မောင်တောမြို့ဆေးရုံမှာ သေဆုံးသွားပါတယ်။ ဒဏ်ရာက ပေါင်နှစ်ဖက်လုံးမှာ ကျည်မှန်သွားတာပါ။ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတာပါ”ဟု ဂြိတ်ချောင်းကျေးရွာသား မိသားစုနှင့်နီးစပ်သည့် မောင်ရဲလင်းနိုင်က DMG သို့ ပြောသည်။

၄င်း၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် မောင်တောမြို့မ သုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိသားစုဝင်များမှာ မောင်တောမြို့ ဂြိတ်ချောင်း(မြို)ကျေးရွာသို့ ပြန်သွားကြပြီဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်သည့် နေအိမ်ကို ပြုပြင်နေကြကြောင်း ၄င်းကပြောသည်။

သေဆုံးသွားသူ မဆောင်ဝေ၏ အစ်ကိုဖြစ်သူ မောင်အေးယောင်မှာလည်း ပြင်းထန်သည့်ဒဏ်ရာများကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ လာရောက်ပြီး ဆေးကုသမှုခံယူနေရကာ ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို)ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရွာသား ၁၁ ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ဒဏ်ရာရရှိသူများထဲမှ တစ်ဦး သေဆုံးသွားခဲ့ပြီး ယခုထပ်မံပြီး တစ်ဦးသေဆုံးသွားခြင် ဖြစ်သည်။ ထိုပစ်ခတ်မှုမှာ မြန်မာစစ်တပ်လက်ချက်ဟု ဒေသခံများက ဆိုကြသည်။

မြန်မာ စစ်တပ်ဘက်ကလည်း ဒေသခံများ၏ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး ၄င်းတို့ လက်ချက်မဟုတ်ဟုငြင်းဆိုသည်။ “AA ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်”ထိုသို့ သေဆုံး၊ဒဏ်ရာရခြင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် ထိုပစ်ခတ်မှုမှာ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဟု ရက္ခိုင့်တပ်တော်(AA)ကလည်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

September 16, 2024
အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး...
September 13, 2024
စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ပြည်သူ့စစ်များကို လစာပေးရန်အတွက် မွတ်ဆလင်...
September 12, 2024
သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က အလုံးစုံသိမ်းပိုက်ပြီးနောက် ရခိုင်တောင်ပိုင်းအစွန်ဆုံး...
September 11, 2024
ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ရန် တစ်ခုတည်းကျန်ရှိနေသည့်...