အင်တာနက်ဖြတ်တောက်မှု လျော့ပါးစေရေး နိုင်ငံတကာအသိုင်းအဝိုင်းကို MIP တောင်းဆို

အင်တာနက်ဖြတ်တောက်မှု လျော့ပါးစေရေး နိုင်ငံတကာအသိုင်းအဝိုင်းကို MIP တောင်းဆို
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။

မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို Myanmar Internet Project (MIP) ကွန်ရက်က တောင်းဆိုလိုက်သည်။

အင်တာနက်ဖြတ်တောက်မှုများအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူပြီး သံတမန်ရေးရာအရ ဖိအားပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ ပိတ်ပင်မှုများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် မြန်မာစစ်အစိုးရအား ပြင်းထန်စွာရှုတ်ချရန် စသည့် အချက်များအား ယမန်နေ့ (ဇန်နဝါရီ ၈) က ထုတ်ပြန်သည့် အစီရင်ခံစာတင် ထည့်သွင်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုများ လျော့ပါးသွားစေရေးနှင့် မြန်မာနိုင်ငံသားများ ဒစ်ဂျစ်တယ် အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုလိုက်သည်” ဟု MIP က ဆိုသည်။

ယင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် အာဆီယံကဲ့သို့သော လမ်းကြောင်းများကို အသုံးပြုပြီး ပဋိပက္ခဒေသများအပါအဝင် အင်တာနက်ပြတ်တောက်နေသည့် နေရာများအား အင်တာနက် ပြန်လည်အသုံးပြုခွင့်ပေးရေး ဖိအားပေးရန်လိုအပ်ကြောင်း MIP က တောင်းဆိုထားသည်။

ထို့အတူ ပြည်သူများ လုံခြုံစွာ ဆက်သွယ်နိုင်ရေး နည်းပညာနှင့် ဒစ်ဂျစ်တယ် ကြံ့ခိုင်နိုင်စွမ်း မြင့်မားရေးတွင် အထောက်အပံ့၊ နည်းပညာများ ပံ့ပိုးပေးရန်လည်း ထည့်သွင်းတောင်းဆိုထားခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီသည် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး စသည့် တိုင်းနှင့် ပြည်နယ်များထဲမှ မြို့နယ်ပေါင်း (၈၂) ခုကို အင်တာနက်ဖြတ်တောက်မှု အကြိမ်ပေါင်း (၁၃၀) ကျော် ပြုလုပ်ခဲ့သည်ကြောင်း MIP ၏ အချက်အလက်များတွင် ဖော်ပြသည်။

ထိုသို့ အင်တာနက် ဖြတ်တောက်ခံထားရမှုနှင့် နောက်ဆက်တွဲ ရခိုင်ကို လေကြောင်းပစ်ခတ်မှု (၁၇၆) ကြိမ်နှင့် ရှမ်းပြည်မြောက်ပိုင်းကို (၁၅၁) ကြိမ် အများဆုံး တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း MIP ၏ အစီရင်ခံစာတွင် တွေ့ရသည်။

စစ်ကောင်စီ အနေဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို ဖြတ်တောက်ကာ ပြည်သူများနေထိုင်သည့် နေရာများသို့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ပြုလုပ်နေသည်မှာ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာက မသိအောင် ဖုံးဖိရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“စစ်ကောင်စီကတော့ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက မသိနိုင်အောင် အင်တာနက် ကို ဖြတ်ထားတာ။ အင်တာနက်ဖြတ်တောက်မှုဟာ ပြည်သူတွေရဲ့ နားမျက်စိကို ပိတ်လိုက်တာလည်း ဖြစ်သလို စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် နှိပ်စက်မှုမျိုးစုံကိုလည်း အများတကာ မသိနိုင်အောင် ဖုံးဖိနေတာဖြစ်တယ်” ဟု ကရင်ပြည်နယ်၊ ဘားအံမြို့မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

MIP အနေဖြင့် အင်တာနက်ဖြတ်တောက်မှုနှင့် ကန့်သတ်မှုများကို ရှောင်တိမ်းနိုင်ရေးအတွက် VPN များ၊ ဝှက်စာစနစ်ပါသည့် အပ်ပလီကေးရှင်းများနှင့် Mesh Network Devices များကဲ့သို့ လုံခြုံသော ဆက်သွယ်ရေး နည်းပညာဆိုင်ရာပစ္စည်းများကို ဖြန့်ဝေပေးနိုင်ရန်အတွက် အရင်းအမြစ်နှင့်‌ ငွေကြေးပံ့ပိုးပေးရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။

ယင်းအပြင် စစ်အာဏာသိမ်းချိန်မှစ၍ ပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်စွာအရေးယူဆောင်ရွက်ခြင်း မပြုလုပ်နိုင်ခြင်းအပေါ်  စိတ်မကောင်းဖြစ်ရကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“သတင်းစီးဆင်းမှုအပိုင်းမှာဆိုရင်လည်း အင်တာနက်မရှိလို့ သတင်းသိရှိပိုင်ခွင့်တွေ ဆုံးရှုံးတယ်။ သတင်းတု၊ သတင်းမှားတွေ ပိုပြီးတော့ ပြန့်နှံ့လာတာပေါ့။ စစ်ကောင်စီဟာ ပြည်တွင်းမှာ ပြည်သူတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ။ ဒါတွေကို နိုင်ငံတကာက အရေးယူဆောင်ရွက်မှု အားနည်းတာဟာ တကယ့်ကို စိတ်မကောင်းစရာပါ” ဟု ရခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း အီလက်ထရောနစ် နည်းပညာများအသုံးပြီး ခွင့်ပြုချက်မရှိ VPN ထူထောင်ခြင်း၊ အွန်လိုင်းလောင်း ကစားများထူထောင်ခြင်းနှင့် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်သူများအတွက် ငွေဒဏ်နှင့် ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်မှာ ပြဌာန်းလိုက်သည်။

Most read this week

ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
January 9, 2025
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား...
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 8, 2025
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား...
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။
January 7, 2025
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊...
AA တပ်ဖွဲ့ဝင်များမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်။
January 6, 2025
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် HIV ပိုးထိန်းဆေးဖြစ်သော...