မောင်တော ဂြိတ်ချောင်းဖြစ်စဉ်တွင် နောက်ထပ် ၆ လအရွယ်ကလေးတစ်ဦး သေဆုံး၊ သေဆုံးသူ ၁၃ ဦးထိရှိလာ

မောင်တော ဂြိတ်ချောင်းဖြစ်စဉ်တွင် နောက်ထပ် ၆ လအရွယ်ကလေးတစ်ဦး သေဆုံး၊ သေဆုံးသူ ၁၃ ဦးထိရှိလာ
နိုဝင်ဘာ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြစဉ်။ Photo – Zaw Gyi
နိုဝင်ဘာ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြစဉ်။ Photo – Zaw Gyi

လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိ၍ မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် မောင်တောမြို့နယ်၊ ဂြိတ်ချောင်း(မြို)ကျေးရွာမှ အသက် ၆ လအရွယ် ကလေးငယ်တစ်ဦးမှာ ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၂ ရက်) ညနေ ၆ နာရီခန့်အချိန်တွင် သေဆုံးသွား‌ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ မဆောင်ဝေ ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျေးရွာအတွင်း ကင်းပွန်းတပ်နားဖောက်ပွဲ ပြုလုပ်ခဲ့သူလည်းဖြစ်သည်။ ၄င်းမှာ ပေါင်နှစ်ဘက်လုံးတွင် ကျည်စထိမှန်ခဲ့၍ ဒဏ်ရာပြင်းထန်မှုကြောင့် မောင်တောမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခြင်းဖြစ်သည်။

“၂၂ ရက်နေ့ ညနေ ၆ နာရီလောက်မှာ မောင်တောမြို့ဆေးရုံမှာ သေဆုံးသွားပါတယ်။ ဒဏ်ရာက ပေါင်နှစ်ဖက်လုံးမှာ ကျည်မှန်သွားတာပါ။ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတာပါ”ဟု ဂြိတ်ချောင်းကျေးရွာသား မိသားစုနှင့်နီးစပ်သည့် မောင်ရဲလင်းနိုင်က DMG သို့ ပြောသည်။

၄င်း၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် မောင်တောမြို့မ သုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိသားစုဝင်များမှာ မောင်တောမြို့ ဂြိတ်ချောင်း(မြို)ကျေးရွာသို့ ပြန်သွားကြပြီဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်သည့် နေအိမ်ကို ပြုပြင်နေကြကြောင်း ၄င်းကပြောသည်။

သေဆုံးသွားသူ မဆောင်ဝေ၏ အစ်ကိုဖြစ်သူ မောင်အေးယောင်မှာလည်း ပြင်းထန်သည့်ဒဏ်ရာများကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ လာရောက်ပြီး ဆေးကုသမှုခံယူနေရကာ ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂြိတ်ချောင်း(မြို)ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရွာသား ၁၁ ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ဒဏ်ရာရရှိသူများထဲမှ တစ်ဦး သေဆုံးသွားခဲ့ပြီး ယခုထပ်မံပြီး တစ်ဦးသေဆုံးသွားခြင် ဖြစ်သည်။ ထိုပစ်ခတ်မှုမှာ မြန်မာစစ်တပ်လက်ချက်ဟု ဒေသခံများက ဆိုကြသည်။

မြန်မာ စစ်တပ်ဘက်ကလည်း ဒေသခံများ၏ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး ၄င်းတို့ လက်ချက်မဟုတ်ဟုငြင်းဆိုသည်။ “AA ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်”ထိုသို့ သေဆုံး၊ဒဏ်ရာရခြင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် ထိုပစ်ခတ်မှုမှာ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဟု ရက္ခိုင့်တပ်တော်(AA)ကလည်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

Most read this week

September 7, 2024
စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာမှ ဒေသခံ ၉၃ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇...
September 6, 2024
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား နှစ်ဖက်တိုက်ပွဲမှာ...
September 6, 2024
စစ်ကောင်စီက လမ်းပိတ်ဆို့ထားသော ရခိုင်ဒေသတွင် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ...
September 5, 2024
တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုင်ငံတဝန်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းအများစု ရပ်တန့်နေချိန်တွင်...