စစ်တွေမြို့မှ ထွက်ခွာသွားသည့် NGO/INGO ဝန်ထမ်းများကို စစ်တွေမြို့သို့ ပြန်လာရန် စစ်ကောင်စီက ပြန်လည်ခေါ်ယူနေ

စစ်တွေမြို့မှ ထွက်ခွာသွားသည့် NGO/INGO ဝန်ထမ်းများကို စစ်တွေမြို့သို့ ပြန်လာရန် စစ်ကောင်စီက ပြန်လည်ခေါ်ယူနေ

ရခိုင်ပြည်၊ စစ်တွေမြို့မှ တိုက်ပွဲရှောင်ရန် ထွက်ခွာသွားသည့် NGO/INGO ဝန်ထမ်းများကို စစ်တွေမြို့သို့ပြန်လာရန် စစ်ကောင်စီက ပြန်လည်ခေါ်ယူနေသည်ဟု NGO/INGOနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ NGO/INGO အဖွဲ့တော်တော်များများက ပြီးခဲ့တဲ့မတ်လလောက်ကနေ ရန်ကုန်တို့၊ ပြည်မဖက်တို့ကို တိုက်ပွဲရှောင်သွားကြတာရှိတယ်။ ဝန်ထမ်းတွေကိုပါ ရန်ကုန်မှာအလုပ်လုပ်ဖို့ခေါ်သွားတာတွေရှိတယ်။တချို့ကလည်း ကိုယ်လွတ်မြောက်နယ်မြေကို ရှောင်တာတွေရှိတယ်။ သူတို့က ရန်ကုန်ကိုရှောင်နေတာ လစာလည်းအပြည့်မရကြဘူး။ အလျှော့ခံရတယ်လို့သိရတယ်။ နေဖို့ထိုင်ဖို့တော့ သူ့အဖွဲ့အစည်းကနေ စီစဥ်ပေးတယ်။အခု စစ်ကောင်စီက စစ်တွေက NGO/INGO ဝန်ထမ်းတွေကိုပြန်ခေါ်နေလို့ လာနေတဲ့သူလည်း ရှိနေပြီ။ စစ်တွေမှာနေရင် လစာအပြည့်ရမယ်လို့ပြောတယ်။ တချို့တောင် ပြန်လာဖို့ပြင်ဆင်နေကြပြီ” ဟုပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ NGO/INGO လုပ်ငန်းလည်ပတ်မှုလျော့ကျသွားပြီး ဝန်ထမ်းတချို့မှာလည်း အလုပ်ကိုင်ရှားပါးကာ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု NGO ဝန်ထမ်းတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်ကောင်စီက လမ်းတွေပိတ်၊ စစ်ဆေးရေးတွေတင်းကျပ်၊ စစ်တွေကလွဲပြီး တခြားမြို့နယ်တွေကိုလည်းသွားလာခွင့်မရဆိုတော့ အလုပ်မဖြစ်ကြတော့ အခက်ခဲတွေ ရှိနေတယ်။ အခုစစ်ကောင်စီက ပြန်ခေါ်တာတွေရှိနေတော့ သူတို့လုံခြုံမှုပေးနိုင်လို့လား ဒါဘဲမေးချင်တယ်”ဟုပြောသည်။

NGO/INGO လုပ်ငန်းများ လည်ပတ်မှုနည်းသဖြင့် ရခိုင်ဒေသခံများမှာ လိုအပ်သင့်သလောက်အကူအညီမရရှိဟု သိရသည်။

မိုခါဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် အမိုးအကာအောက် မရောက်ရှိသည့် ပြည်သူများစွာရှိနေသကဲ့သို့ စားဝတ်နေရေးအကူအညီများလည်း လိုအပ်လျက်ရှိသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်အထက်မြတ်လှဲစစ်ရှောင်မှ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ကျနော်တို့မှာ လာကူညီတဲ့အဖွဲ့အစည်းတွေက နည်းပါတယ်။ WFPကလည်း မထောက်ပံ့တာ နှစ်လ သုံးလရှိပြီ။ အခုမိုးရာသီလဲရောက်တော့မယ်။ စားဝတ်နေရေးကလည်း လုံးဝအဆင်မပြေဘူး။ ကြုံရာကျဗန်းလုပ်စားနေကြရတယ်” ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်NGO၊ INGO အဖွဲ့များကို မဖြစ်မနေ မှတ်ပုံတင်လျှောက်ရန် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃နှစ်စက်တင်ဘာလအတွင်းက ညွှန်ကြားခဲ့ကြောင်း  မြန်မာ့အလင်းသတင်းစာက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် NGO၊ INGO များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှာ စစ်ဆေးရေးဂိတ်အချို့တွင် ကန့်သတ်ခံရခြင်း၊ စစ်ကောင်စီထံမှ ခရီးသွားလာရေးခွင့်ပြုချက် မရသဖြင့် ရပ်တန့်နေရသည့် အခြေအနေများရှိလျက်ရှိကြောင်း သိရသည်။

ရခိုင်တွင် တစ်နေ့ထက်တစ်နေ့ စစ်ရေးပြင်းထန်နေပြီး စစ်ဘောင်ကျယ်ပြန့်လာသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့် UN နှင့် နိုင်ငံတကာအကူအညီပေးရေး INGO အဖွဲ့အစည်းများသည် ရခိုင်မှ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

နိရဥ္စရာမှ စုံစမ်းချက်အရ စစ်တွေတွင် UN နှင့် ICRC အဖွဲ့အစည်း နှစ်ခုသာကျန်ရှိနေခဲ့ပြီး ကျန်အဖွဲ့အစည်းအများစုသည် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ မြို့ကို စွန့်ခွာသွားကြပြီဟု မြို့ခံများကပြောသည်။

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ထွက်ပြေးတိမ်းရှောင်နေသည့်   ပညာရေးဝန်ထမ်း၊အုပ်ချုပ်ရေးပိုင်းဝန်ထမ်းအပါအဝင် ဝန်ထမ်းအကြီးပိုင်းများကို ယခု မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ လာရမည်ဟု သက်ဆိုင်ရာဌာနများက ညွန်ကြားထားသည်ဟု စစ်တွေမြို့ခံ စစ်ကောင်စီဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။

October 4, 2024
ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA...
October 3, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီ...
October 3, 2024
ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ...
October 2, 2024
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည်...