ရခိုင်က မွတ်ဆလင်အသိုင်းကို စစ်မှုထမ်းရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းမှာ အာရက္ခဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ULA ထုတ်ပြန်

ရခိုင်က မွတ်ဆလင်အသိုင်းကို စစ်မှုထမ်းရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းမှာ အာရက္ခဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ULA ထုတ်ပြန်

ရခိုင်က မွတ်ဆလင်အသိုင်းကို စစ်မှုထမ်းရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းမှာ အာရက္ခဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု  ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)က ယနေ့ ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကြုံတွေ့ရတိုင်း အာရက္ခဒေသ အတွင်းရှိ ရက္ခိုင်နှင့် မူဆလင်အသိုင်းအဝိုင်း တို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေရန် ကြိုးပမ်းလေ့ရှိကြောင်း၊  ထို့အတူ ယခုတစ်ကြိမ် တွင်လည်း ယခင်နည်းလမ်းဟောင်း အတိုင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေရန် လူမျိုးအသိုင်းအဝိုင်း နှစ်ခုကြား ရန်တိုက် ပေးလျက်ရှိကြောင်း၊ ဤကဲ့သို့သောလုပ်ရပ်မှာ အာရက္ခဒေသအတွင်း အတူနေထိုင်ကြသော အသိုင်းအဝိုင်းများအကြားတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိစ္စရပ်အား ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်ကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် အာရက္ခဒေသ၌ အုပ်ချုပ်ရေးယန္တရားများ ထူထောင်စဉ် ကတည်းကပင် ဒေသတွင်း မတူညီသော အသိုင်းအဝိုင်းအသီးသီးကြား လူမှုသဟဇာတဖြစ်ပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ကြရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် အပြုသဘောဆောင်သည့် တိုးတက်သော ရလဒ်များကိုလည်း ဖြစ်ထွန်းစေခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုအထဲတွင် မတူကွဲပြားသော လူမျိုး၊ ဘာသာများကြား အားကစား နှင့် ပျော်ပွဲရွှင်ပွဲများကို ဦးဆောင်ကျင်းပပေးခြင်း၊ ဒေသန္တရအုပ်ချူပ်ရေးနှင့် တရားစီရင်ရေး ကိစ္စများတွင် ဒေသခံ များအား ပါဝင်စေခြင်းအပြင် ကိုဗစ်-၁၉ (COVID-19) နှင့် မိုခါဆိုင်ကလုန်းကဲ့သို့သော ကျန်းမာရေးနှင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ချိန်၌လည်း တန်းတူညီမျှစွာ ကူညီစောင့်ရှောက်ပေးခြင်းတို့မှာ အာရက္ခဒေသနေ ပြည်သူလူထုများအကြား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းခိုင်မာစေခဲ့ပါသည်။

ထိုသို့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်များအား ဒေသတွင်းနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ၊ အဖွဲ့အစည်းများမှလည်း အပေါင်းလက္ခဏာဆောင်ပြီး အကောင်းမြင်သောမှတ်ချက်များဖြင့် အသိအမှတ်ပြုထား ကြပြီးဖြစ်သည်။

ဤသည်မှာ မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ရိုးသား၊ ရဲရင့်သော ဦးဆောင်မှုဖြင့် ဆောင်ကြဉ်း နိုင်ခဲ့သောကြောင့်ပင်ဖြစ်သည်။ ဆက်လက်၍လည်း ယခုထက်ပိုမိုအားကောင်းသော၊ သဟဇာတ ဖြစ်သော လူမှုပတ်ဝန်းကျင်ကို အကောင်းဆုံးကြိုးစား တည်ဆောက်သွားမည်ဖြစ်သည်။ သို့သော် အကြမ်းဖက်စစ်ကောင်စီသည် မိမိတို့ လက်နှင့်ရေးသမျှကို ခြေနှင့်ဖျက်ရန် ကြိုးပမ်းလျက်ရှိ နေသည်ဟု ဖော်ပြသည်။

‘စစ်မှုထမ်းဥပဒေ' ကို ခုတုံးလုပ်ကာ မူဆလင်အသိုင်းအဝိုင်းအား စစ်မှုထမ်းစေရန် ကြိုးပမ်းနေခြင်းမှာ သာမန်ပြည်သူလူထုကို စစ်မြေပြင် “သေတွင်း” သို့ တွန်းပို့နေခြင်း ဖြစ်ရုံသာမက အာရက္ခဒေသ၏ အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ရိုက်ချိုးဖျက်ဆီးရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်ပေသည်ဟု ဆိုထားသည်။

၂၀၁၇ ခုနှစ် ရက္ခိုင်ပြည်မြောက်ဖက်မြို့နယ်များတွင် မြန်မာစစ်တပ် (ယခု စစ်ကောင်စီ) ၏ အစုလိုက်၊ အပြုံလိုက် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဂုဏ်သရေရှိ နိုင်ငံကြီးများမှ ပြေလည်ရန် ကြိုးပမ်းနေခြင်းအပေါ် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် အသိအမှတ်ပြုကြိုဆိုပါသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ မူဆလင်အသိုင်းအဝိုင်းအား စစ်မှုထမ်းစေရန် ယခုကဲ့သို့ အတင်း အကျပ် ကြိုးပမ်းအားထုတ်လာနေခြင်းမှာ ဒေသအတွင်း မတည်မငြိမ်ဖြစ်မှုများကို ပိုမိုကြီးထွားစေပြီး၊ မူဆလင် အသိုင်းအဝိုင်းနှင့် တခြားသော အာရက္ခဒေသနေ ပြည်သူများကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုသာ ဖြစ်စေလျက် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်မှာ ပို၍ ဝေးကွာသွားစေမည်ဖြစ်ပါသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် ဒေသတွင်း မိတ်ဖက်နိုင်ငံကြီးများ၏ မဟာဗျူဟာ မြောက်သော အကျိုးစီးပွားကိုပါ ထိပါးနှောင့်ယှက်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (ASEAN)၊ ဥရောပသမဂ္ဂ (EU) တို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ ယခု လုပ်ဆောင်မှုအား ပိုမို အာရုံစူးစိုက်စွာ စောင့်ကြည့်ပြီး၊ ကြိုတင်ဟန့်တားနိုင်ရန်နှင့် အထူးကြိုးပမ်းပေးကြရန်လည်း အရေးတကြီးလိုအပ်နေပါသည်ဟု ဖော်ပြသည်။

ထို့အပြင် မူဆလင်အသိုင်းအဝိုင်းထဲမှ တချို့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့သည် နိုင်ငံရေးနှင့် စီးပွားရေးအရ ကိုယ်ကျိုးရှာလိုခြင်း၊ လူမျိုးရေးအမုန်းတရားနှင့် အစွန်းရောက်သော ခံယူချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းစေရန် လုပ်ဆောင်မှုကို အခွင့်အရေးယူကာ လက်နက်နှင့် လူအင်အားများ စုဆောင်း၍ ဒေသတွင်းအရပ်သားပြည်သူများကို ထိပါး၊ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါသည်။

ထိုကဲ့သို့ အပြုအမူများသည် မိမိတို့ ရက္ခိုင့်တပ်တော်ကို ရန်လိုစိန်ခေါ် သည့်လုပ်ရပ်ဖြစ်ပြီး၊ ပို၍ကြီးမားသော သွေးထွက်သံယိုမှုများဖြစ်လာစေရန် ကြိုးပမ်းအားထုတ်နေခြင်းသာ ဖြစ်သည်ဟု သတိပေးလိုသည်။

အာရက္ခဒေသနေ မိတ်ဆွေမူဆလင်အသိုင်းအဝိုင်းများအနေဖြင့် အနာဂတ်တွင် ငြိမ်းချမ်းတိုးတက်ပြီး ညီညွတ်မျှတသောတိုင်းပြည်ကို တည်ဆောက်လိုပါက တစ်ကမ္ဘာလုံးနှင့် တစ်နိုင်ငံလုံးမှ ဆန့်ကျင်တိုက်ခိုက်ခြင်းကို ခံနေရသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်းစေရန် ကြိုးပမ်းအားထုတ်မှုအား ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်၊ ကန့်ကွက်ကြရန် အရေးကြီးပါသည်။

မိမိတို့အနေဖြင့် အာရက္ခဒေသတွင် နေထိုင်ကြသည့် လူမျိုး၊ ဘာသာတိုင်းအတွက် တန်းတူညီမျှသော နိုင်ငံသားဖြစ်မှုနှင့် လူ့အခွင့်အရေးတို့ကိုရရှိနိုင်ရန် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ပြီး၊ မိတ်ဆွေမူဆလင်အသိုင်းအဝိုင်းအနေဖြင့်လည်း ‘သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ကြရန်’ အကြုံပြုတိုက်တွန်းပါကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ သဘောထားကို လေးနက်စွာ ထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...