လားရှိုး စစ်ရှောင်များ အရေးပေါ် အကူအညီလို

လားရှိုး စစ်ရှောင်များ အရေးပေါ် အကူအညီလို

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် တိုက်ပွဲအတွင်း အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည့် မန်ဘန် ကျေးရွာခံ စစ်ရှောင် အယောက် ၅၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးများ လိုအပ်နေသည်ဟု ကူညီပေးနေသူ များက ပြောသည်။

နေရပ် မန်ဘန်ကျေးရွာကနေ လားရှိုးမြို့ပေါ်ကို စစ်ဘေးရှောင်လာကြသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

မန်ဘန်ကျေးရွာခံတစ်ဦးက “လက်ရှိမှာတော့ မန်ဘန်ရွာအပြင် လွယ်ဆာကျေးရွာခံ ၁၀ ဦးလောက် ကျောင်းမှာ ရောက်ရှိထားတယ်။ အခုလိုအပ်တာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ အလူရှင်တွေက စား သောက်တဲ့ဟာတွေ လာရောက်ကူညီပေးတာရှိထားပါတယ်။ ဒါပေမယ့် လူဦးရေ များတော့ မလုံလောက်ဘူး” ဟု ပြောသည်။

ဇွန်လ ၁၁ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဟိုနားပန်ဟုန်အုပ်စု၊ မန်ဘန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) တပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြရာ ဒေသခံရွာသားများ က လား ရှိုးမြို့ ရပ်ကွက် ၂  ရှိ စံကောင်းလမ်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်များထဲတွင် ကလေးငယ်များ၊ မိခင်များ၊ သက်ကြီးရွယ်အိုများ ပါဝင်သည်ဟု ဆိုသည်။ ထို့ကြောင့် ၎င်းတို့၏ လိုအပ်ချက်များထဲ ဆေးဝါးကလည်း အဓိကလိုအပ်ချက် ဖြစ်နေ သည်ဟု ဆိုကြသည်။

လက်ရှိတွင် မန်ဘန်ကျေးရွာထဲတွင် လက်နက်ကျည်ဆံချို့နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးအချို့ ကျန်ရှိ နေသေးပြီး စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်တို့ အကြားတွင်လည်း ဇွန်လ ၁၆ ရက်နေ့၊ (ယနေ့) အချိန် ထိ နှစ်ဖက်ကြား စစ်ရေးတင်းမာနေကြဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာက ရွာစောင့်ဖို့အတွက် အဖိုးတွေ လေး၊ ငါး၊ ခြောက်ဦးလောက် ရှိထားတယ်။ တောထဲမှာလည်း ရွာခံ တွေ ရှိထားပါတယ်။ သူတို့က ဒီဘက်လည်း မတိမ်းရှောင်လာရဲသေးကြဘူး။ ရွာထဲမှာလည်း လာလို့မရဘူး။ စစ် ကြောင်းနဲ့ တိုးမှာလည်း စိုးရိမ်ကြတယ်။ ရွာဘေးတွေမှာဆိုလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးနဲ့ မိုင်းတွေ ရှိထားတယ်။ ပြီးတော့ စစ်ကောင်စီတွေလည်း ရှိထားတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် ကိုးကန့်တပ်တို့အကြားက မန်ဘန်ကျေးရွာအတွင်း တိုက်ပွဲထဲ MNDAA တပ်ဘက်က ပစ်ခတ်လာသည့် လက်နက်ကြီးကျည်မှာ ပြည်သူပိုင် နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ရာ ပုန်းနေကြသည့် သားအမိနှစ်ကို ထိမှန်ခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မိခင်ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၈ လအရွယ် ကလေးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိတွင် လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူ ထိမှန်သေဆုံးဒဏ်ရာ ရရှိမှုများရှိခဲ့သည့်အပြင် လူထုပိုင်း နေအိမ် ၃ လုံးလည်း လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့သည့်အပြင် နေအိမ် ၈ လုံမှာမူ လက်နက်ငယ်များ ထိမှန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီချိန်ခန့်တွင်လည်း လားရှိုးမြို့၊ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၁၂ ရှိ စစ်တပ်စခန်း ၂ ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အလားတူ မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၁ နာရီ အချိန်ခန့်ကလည်း လားရှိုးမြို့ အေတီတံတား၊ ရှမ်းကုန်းနေရာ ဘက်တွင် တိုင်းရင်းသား လက်နက်တပ်ဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၆ လုံးပေါက်ကွဲခဲ့ပြီး အနီးရှိ နေအိမ်များ ထိမှန်ပျက်စီးမှုများ ရှိခဲ့သည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...