မိခင်အတွင် အိမ်တွင် ဆေးပြန်ယူသူ စစ်ရှောင်လူငယ် ပစ်သတ်ခံရ

မိခင်အတွင် အိမ်တွင် ဆေးပြန်ယူသူ စစ်ရှောင်လူငယ် ပစ်သတ်ခံရ

စစ်ဘေးရှောင်နေချိန် ကျန်းမာရေးမကောင်းသော မိခင်အတွက် နေအိမ်တွင် ဆေးပြန်ယူသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံရသူမှာ သရက်ချောင်းမြို့နယ် ရငဲကျေးရွာသား ကိုဝေယံဟိန်း အသက် ၂၃ နှစ်ဖြစ်ပြီး ဇွန်လ ၁၁ ရက် နေ့၊ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က နေအိမ်အရှေ့လမ်းမပေါ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

“သူ့အမေက နာတာရှည်ရောဂါသည် တစ်ယောက်ပါ။ ဆေးဝါးအားကိုးနဲ့ အသက်ရှင်နေရတာမို့ သွားမယူဖို့ ဝိုင်းတားနေတဲ့ကြားက ဘယ်အချိန်ထွက်သွားလိုက်မှန်း မသိကြဘူး။ ပစ်သတ်ခံရပြီးမှ သိရတယ်” ဟု ဆွေမျိုး တော်စပ်သူတစ်ဦးက ပြောသည်။

မိသားစုနှင့်အတူ စစ်ဘေးရှောင်နေခဲ့ရာမှ မိခင်အတွက် လိုအပ်နေသောဆေးဝါးများယူပေးရန် နေအိမ်သို့ ပြန် သွားစဉ် နံနက်ပိုင်းက ရွာထဲသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်နှင့် တွေ့ဆုံခဲ့ရာမှ ပြန်လှည့်ထွက်ပြေးချိန် ပစ် သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရငဲရွာသားတစ်ဦးက ဆိုသည်။

ပစ်သတ်ခံထားရသည့် ကိုဝေယံဟိန်း၏ အလောင်းကို စစ်ကောင်စီတပ်က သေဆုံးသူ၏ အိမ် အနောက်ဘက်ကို နေရာရွှေ့ စွန့်ပစ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

ဇွန်လ ၈ ရက်နေ့ ကတည်းက မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိ ကျေးရွာများဘက်ကို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သေဆုံးသွားသူ ကိုဝေယံဟိန်း၏ ရုပ်အလောင်းကို မိသားစုဝင်များက ရပ်မိရပ်ဖ ရွာသားများနှင့် တိုင်ပင်ပြီး ညနေပိုင်းမှာပင် နေ့ချင်းပြီး မီးသင်္ဂြိုဟ်လိုက်ကြသည်။

စစ်ကြောင်းထိုး ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကရွာသား ကိုဝေယီဟိန်း ကို ပစ်သတ်ခဲ့သည့်အပြင် ရွာထဲမှ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ကနက်သီရိကျေးရွာဘက်သို့ ဆက်လက် ထွက် ခွာသွားသည်ဟု ရွာသားများပြောသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီမှ စစ်ကြောင်းထိုးနေခြင်းများကြောင့် ဒေသခံများ ထောင်နှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် အမိုးအကာ၊ ဆေးဝါးနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ပေးရန် ခက်ခဲမှု များ ရှိနေပြီး ဝင်ထွက်သွားလာ၍ မရသောကြောင့် ပိတ်မိနေသည့် ကနက်သီရိကျေးရွာသားများအား ကူညီပံ့ပိုးမှုများ မလုပ်သေးသည့်အတွက် ပိုမိုစိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။

ဇွန်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်ကလည်း သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာနှင့် ရငဲကျေးရွာ အကြား စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်ဟု ဒေသခံများက ပြောသည်။

နှစ်ဘက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည့်အပြင် ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၂ ဦး ကျည်ထိမှန်ခဲ့သဖြင့် ကနက်သီရီကျေးရွာတွင် ဆေးကုသမှုခံယူနေစဉ် ၃ ဦးစလုံး ထပ်မံသေဆုံးသွားခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးသူ စုစုပေါင်း ၈ ဦးရှိခဲ့သည်ဟု PDF ပူပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီမှ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးနေခြင်းများ အပြင် PDF တပ်များနှင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းတို့ကြောင့် မင်းဒပ်၊ သီးကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်နှင့် ကနက်သီရိကျေးရွာများမှ အိမ်ထောင်စု ၃၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...