မိုချာ မုန်းတိုင်းသတင်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ကမ်းခြေမှ လူများ ရှောင်တိမ်းနေကြ

မိုချာ မုန်းတိုင်းသတင်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ကမ်းခြေမှ လူများ ရှောင်တိမ်းနေကြ

ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီး ဖြစ်ပေါ်နေသော မိုချာအမည်ရှိ မုန်တိုင်း သတင်းကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် နှင့် ပင်လယ်ကမ်းခြေဒေသတွင် နေထိုင်သူ အများအပြား ဘေးလွတ်ရာသို့ အုပ်စုလိုက်တိမ်း ရှောင်နေကြသည်။

ပင်လယ်ကမ်းခြေ အနီး နေထိုင်သူများ နှင့် ပင်လယ် ဒီရေ ဝင်ရောက်မှု ရှိသော ဒေသများတွင် နေထိုင်သူ အများ စုက ပင်လယ်ဒီရေ မလွှမ်းနိုင်သော ကုန်းမြင့် တောင်ကုန်းနှင့် အနီးဆုံး မြို့ရွာများကို မေလ ၇ ရက်နေ့မှ စတင်၍ မုန်တိုင်းရှောင်ကြခြင်း ဖြစ်သည်ဟု  ဧရာဝတီတိုင်း လူမှုကယ်ဆယ် ကူညီရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာတွင် နေထိုင်သူတစ်ဦးက “လေတိုက်တာထက် မုန်းတိုင်း ဒီရေ ရုတ်တရက် တက်လာပြီး သေကြေ ကုန်ကြမှာ စိုးရိမ်ကြတာ။ ဒေသတွင်း ရွာအနားရှိတဲ့ ဆိုင်ကလုန်း ရှယ်တာတွေက မလုံ လောက်ဘူးလေ။ ဒါကြောင့် မြို့ပေါ် အထိတက်ပြီး ရှောင်ကြတာတော့။ အခုတော့ မုန်တိုင်းက ၁၃ ရက်နေ့ ဒီကို လည်း ဒဲ့မလာဘူး ကြားနေကြတော့ နည်းနည်း စိတ်အေးသွားတယ်” ဟု ပြောသည်။

ပင်လယ်ကမ်းခြေ နှင့် နီးပြီး ပင်လယ်ဒီရေ ဝင်ရောက်မှုကြမ်းသော မြောင်းမြ၊ ကျုံမငေး၊ လပွတ္တာ၊ မော်လမြိုင် ကျွန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ငပုတော၊ ပုသိမ် စသည့် မြို့နယ်များထဲရှိ ကျေးရွာများက မုန်တိုင်းရှောင် သူများသည် ၎င်းတို့နှင့် အနီးဆုံးသောမြို့ နှင့် ကျေးရွာကြီးများရှိ ဘုန်းကြီးကျောင်းဆောင်နှင့် စာသင်ကျောင်း များတွင် တည်းခိုနေကြပြီး မုန်တိုင်း ရှောင်နေကြရသည်။

မုန်တိုင်းနှင့် အတူ ပင်လယ် ဒီရေ မြင့်တက် လွှမ်းပြီး နစ်မြုပ်မှာ စိုးရိမ်သဖြင့် ချောင်းသာ၊ ငွေဆောင်၊ ရွှေ သောင် ယံ၊  ငရုတ်ကောင်း၊ မော်တင် စသည့် ကမ်းခြေမြို့နယ်က မုန်တိုင်းရှောင်သူများကလည်း ရခိုင်ရိုးမ တောင် စွယ် ပေါ် က ဘုန်းတော်ကြီးကျောင်းများတွင် မုန်တိုင်းရှောင်ကြသည်။

မုန်တိုင်းရှောင်သူများကို နေရာချထား ပို့ဆောင်ပေးနေသော ချောင်းသာ ဒေသခံ လူမှု ကယ်ဆယ် ကူညီရေး အသင်း အဖွဲ့ဝင်တစ်ဦးက “မြို့လယ် က ဆိုင်ကလုန်း ရှယ်တာက လူ ၂၀၀ တောင်မဆန့်ဘူးလေ။ အဲ့တော့ တချို့ လည်း တောင်ပေါ် က ဘုန်းကြီးကျောင်းတွေကို သွားကြရတာပေါ့“ ဟု ပြောသည်။

ထို့အပြင် မုန်တိုင်းတိုက်ခတ်မှုနှင့်  ဒီရေမြင့်တက်မှုကို ခံနိုင်ရည်ရှိသော ဟိုတယ်ကြီးများနှင့် တည်းခိုခန်းများတွင် လည်း ရုတ်တရက် ပင်လယ် ဒီရေ မြင့်တက်ပါလာက အခက်ကြုံသူများအတွက် ခိုလှုံနိုင်ရန် နေရာကို အသင့်ပြင် ထားသည်ဟု ဒေသခံ ဟိုတယ် လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ ဒေးဒရဲ၊ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ငပုတော၊ ဟိုင်းကြီး ကျွန်း မြို့နယ်တို့က ရန်ကုန်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင်းနှင့် ပင်လယ်ကမ်းခြေ ကျေးရွာများကို ပြေးဆွဲနေသော ရေယာဉ်လိုင်းများကို မုန်တိုင်းရှောင် ခရီးသည်များအတွက် ပြေးဆွဲမှု ရပ်နားခိုင်း ခြင်း မရှိသေး ဘူးဟု တိုင်းရေကြောင်းပို့ဆောင်ရေး  ညွှန်ကြားမှု ဦးစီးဌာန တာတန်ရှိသူက ပြောသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၈ ရက်နေ့ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ် လာနိုင် ကာ မေလ ၉ ရက်နေ့တွင် မုန်တိုင်းငယ်အဆင့်မှ  မေ ၁၀ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့် ရောက်နိုင် သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၈ ရက်နေ့က သတင်းထုတ်ပြန် ခဲ့ သည်။

ထို့သို့ သတင်းထုတ်ပြန် ခဲ့သော်လည်း စစ်ကောင်စီ အနေဖြင့် ကယ်ဆယ် ကူညီရေး စခန်းများ ဖွင့်လှစ် ဆောင် ရွက်ခြင်း မရှိသော်သေးသော်လည်း အောက်ခြေ ဌာနဆိုင်ရာရုံးများကို အရေးကြီးမှတ်တမ်းများအား လုံခြုံစွာ သိမ်းဆည်းပြီး အချက်အလက်များ မှတ်တမ်းများပြုစု၍ တိုင်းစစ်ကောင်စီရုံးသို့ အမြန်ပို့ထားရန် ညွှန်ကြားထား သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...