မွန်ကာကွယ်ရေးတပ်နှင့် ကေအဲန်ယူ တိုက်ပွဲဖြစ်၊ ထိခိုက်သေဆုံးမှုရှိ

မွန်ကာကွယ်ရေးတပ်နှင့် ကေအဲန်ယူ တိုက်ပွဲဖြစ်၊ ထိခိုက်သေဆုံးမှုရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် - ရတနာပုံသွားလမ်းတွင် မွန်ပြည်ကာကွယ်ရေး တပ် - MSDFနှင့် KNU တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာရှင် စနစ်တော်လှန်ရေးအတွက် KNU မှ ဗိုလ်ကြီးအဆင့်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးပြီး အပြန် လမ်းခရီးတွင် နှစ်ကြိမ် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရကာ လက်နက်များလည်း ဆုံးရှုံးခဲ့သည်ဟု မွန်ပြည် ကာကွယ် ရေးတပ် MSDF ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ကြေငြာထားသည်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF၏ တာဝန်ရှိသူက “နှစ်ဖက် တွေ့ဆုံဆွေးနွေးကြတဲ့ အချိန်က မပြေလည်တာ ပြဿနာ ဖြစ်တာဘာမှမရှိပါဘူး။ အရင်ကတည်းကလည်း အဲဒီနယ်မြေမှာ အတူတူနေပြီး ရင်းနှီးနေတဲ့ သူတွေ ပါ။ ဘာကြောင့် အခုလိုလုပ်တယ်ဆိုတာ စဉ်းစားမရပါဘူး” ဟု ပြောသည်။

မွန်ပြည် ကာကွယ်ရေးတပ် - MSDF၊ တနင်္သာရီဒေသ တပ်ရင်း (၃) အား ကရင်အမျိုးသားအစည်းအရုံး KNU / KNLA၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ချောင်းမြောင်းပစ်ခတ်၍ လက်နက်များ လုယူခဲ့သည်ဟု မေလ ၄ ရက်န့ နေ့စွဲဖြင့် ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

ဧပြီလ ၂၉ ရက်နေ့က MSDF တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်အဖွဲ့သည် တော်လှန်ရေးတွင် အတူ တကွ လုပ်ဆောင်ကြဖို့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီး စောဘွဲ့မှူးနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံပြီး အပြန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ရှင်းလင်း ဖော်ပြထားသည်။

တွေ့ဆုံပြီး ပြန်လာခဲ့သည့် MSDF တပ်ဖွဲ့ကို ဧပြီလ ၃၀ ရက်နေ့၊ နံနက် ၆နာရီ ၅၀ မိနစ်ခန့်တွင် KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁)မှ တပ်ဖွဲ့ဝင်များက ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင် - ရတနာပုံသွားလမ်း မိုင်တိုင် ၂၃ တွင် ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထပ်မံတိုက်ခိုက်ခံရမှုအတွင်း အရပ်သား ယာဉ်မောင်း ၁ ဦးနှင့် MSDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး တပ်သား ၁ ဦးတွင် ပါလာသည့် AK – 16 သေနတ် ၁ လက် ဆုံးရှုံးခဲ့သည်။

အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် တာဝန်ခံ နိုင်တမော့ချမ်းနှင့် တပ်ဖွဲ့ဝင် ၃ ဦးတို့က မေလ ၃ ရက်နေ့တွင် မိခင်တပ်ရင်းသို့ ပြန်လည် ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့် အဆက်သွယ် ရယူကာ ဖြစ်ပွားခဲ့သော ဖြစ်စဉ် များကို သတင်းပေးပို့ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးတွင် အတူတကွ လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကူညီဖေးမမှု မရှိဘဲ လုပ်ကြံ သတ်ဖြတ်ပြီး လက်နက်များ လုယူခဲ့သည့်လုပ်ရပ်အပေါ်  များစွာ နားမလည်နိုင် ဖြစ်ရပါကြောင်း နှင့် သက်ဆိုင် ရာ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) မှ တာဝန်ရှိသူများက ကျူးလွန်ခဲ့သော တပ်မဟာ (၄) တပ်ရင်း (၁၁) တပ်ဖွဲ့ဝင်များအား စုံစမ်းစိစစ်ပြီး အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် MSDFမှ အသိပေး ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ KNU ဘက်မှ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့  တာဝန်ရှိသူများအား ဆက် သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရသေးပေ။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...