ဖျာပုံထောင်အတွင်း နိုင်ကျဉ်းများ ဆန္ဒပြ

ဖျာပုံထောင်အတွင်း နိုင်ကျဉ်းများ ဆန္ဒပြ

ဧရာဝတီတိုင်း ဖျာပုံထောင်ထဲက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်အရာရှိက ရိုက်နှက် နှိပ်စက်သဖြင့် အခြား နိုင်ငံရေး အကျဉ်းသားများက အသံတိတ် ဆန္ဒပြခဲ့ကြသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ် သူများက ပြောသည်။

ဖျာပုံထောင်ထဲက နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံအား ထောင်အရာရှိ ဇော်ထွန်းဦးက ရိုက်နှက် နှိပ်စက်သဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျန်နိုင်ငံရေးအကျဉ်းသားများက အသံတိတ်ဆန္ဒပြကြခြင်းဖြစ်သည်။

အကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦး က “ဒဏ်ရာရထားတဲ့ နိုင်/ကျဉ်း ကို ဆေးကုသပေးဖို့ နဲ့ ထောင်အရာရှိကို အရေးယူပေးဖို့ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေက ထောင်ပိုင် တန်းစီ စစ်ဆေးတဲ့နေ့မှာ တန်းမစီဘဲ ဆန္ဒပြခဲ့ကြတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမ ပတ်ထဲမှာ တစ်ကြိမ် ဆန္ဒပြသေးတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံအား နိုဝင်ဘာလ ၄ ရက်နေ့မတိုင်ခင်က ရိုက်နှက်နှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ ရိုက်နှက်ခံခဲ့ရသည့်အတွက် နိုဝင်ဘာလ ၄ ရက်တွင်တကြိမ် ကျန် နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြခဲ့ကြသေးသည်။

ရိုက်နှက် နှိပ်စက်ခံရသည့် ကိုစံလင်း၏ ဒဏ်ရာများကို ဆေးကုသခွင့်ရရှိရန်နှင့် အကျဉ်းထောင် စည်းကမ်း ဥပဒေ ချိုးဖေါက်သည့် ထောင်အရာရှိကို ဥပပဒေနှင့်အညီ အရေးယူပေးရန် အတွက် နိုင်ငံရေး အကျဉ်းသားများက တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

နိုင်ငံရေး အကျဉ်းသား ကိုစံလင်းစံ အား ‌နေ့လယ် အိပ်ဆောင်ပိတ်ပြီးချိန်တွင် ထောင်အရာရှိ တစ်ဦးက ထောင် ပိုင်ရုံးခန်း အတွင်းသို့ ခေါ်သွားပြီး လက်ပြန်ကြိုးတုပ်၍ ရိုက်နှက်ကန်ကျောက်ပြီးနောက် ကျဉ်စက် တချောင်း အား ကုန်သည်အထိ နှိပ်စက်ခဲ့သည့်အပြင် နောက်ထပ် ကျဉ်စက် တချောင်းဖြင့် ထပ်မံနှိပ်စက်ရာ ဒဏ်ရာများ ဖြင့် သတိလစ်နေချိန်တွင် တိုက်ပိတ်ပြီး ပစ်ထားခဲ့သည်ဟု ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “ဘယ်ထောင် အာဏာပိုင်ဖြစ်ဖြစ် အကျဉ်းသားတွေကို ရိုက်နှက် နှိပ်စက်ခွင့် သတ်ဖြတ်ဖို့ အခွင့်မရှိဘူး။ ဒီလို လုပ်တာဟာ အကျဉ်းထောင် စည်းကမ်း ဥပဒေကိုချိုးဖေါက်တဲ့ အပြင် ရာဇ ဝတ်မှု ပြစ်မှုကို ကျူးလွန်တာ ဖြစ်တယ်။ ထောင်အရာရှိကို ကျူးလွန်တဲ့ပြစ်မှု အရ အရေးယူရမှာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ကိုစံလင်းစံအား ထောင်တွင်းရှိ ဆေးရုံတွင် ဆေးကုသပေးထားသည်ဟု အကျဉ်းဦးစီးဌာန ဘက် က ပြောသည်ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

ထောင်တွင်း ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို ပစ်ခတ်နှိမ်နင်းရန် ထောင်အာဏာပိုင်များကမြို့ခံ စစ် ကောင်စီ တပ်ရင်းကို အကူအညီတောင်း၍ ရောက်ရှိလာပြီး စစ်ကောင်စီအဖွဲ့မှ တာဝန်ရှိသူက ထောင်အာဏာ ပိုင် နှင့် နိုင်ငံရေး အကျဉ်းများအကြား ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ပစ်ခတ်မှု

မဖြစ်ပွားခဲ့ဘူး ဟု အကျဉ်း ထောင် အသိုင်းအဝိုင်းမှ တဆင့် သိရသည်။

ဖျာပုံထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများက ကိုစံလင်းစံအား နှိပ်စက်မှုနှင့် ပတ်သက်၍ အကျဉ်းသား အခွင့် အရေး အပြည့်အဝ ရရှိရေးနှင့် ထောင်စည်းကမ်း ချိုးဖောက်သည့် ထောင်အရာရှိကို အရေးယူပေးရေး အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က ပထမအကြိမ် ဆန္ဒပြခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျဉ်းသားများကို ပြစ်မှတ်ထား နှိပ်စက်မှုများနှင့် အကျဉ်သား အခွင့်အရေး နှင့် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံရခြင်းတို့ကြောင့် အိုးဘိုထောင်၊ အင်းစိန်ထောင် နှင့် ပုသိမ်ထောင်တို့ အပါအဝင် အကျဉ်းထောင်များတွင် ထောင်တွင်း ဆန္ဒပြမှုများ မကြာမကြာ ဖြစ်ပွားလေ့ရှိသည် ဟု ဒေသခံ သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...