တောင်ကလေး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား စစ်ကောင်စီ လွှတ်ပေး

တောင်ကလေး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား စစ်ကောင်စီ လွှတ်ပေး

၁၀၂ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ဟုဆိုကာ အာသိမ်းစစ်ကောင်စီမှ အကျဉ်းသား ၅,၇၇၄ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလွတ်ပေးကြောင်း ထုတ်ပြန်ချက်အရ ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေး အကျဉ်းထောင်မှ ၅၀၅(က) ဖြင့် တရားစွဲထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား လွှတ်ပေးသည့်အထဲတွင် ပါ၀င်ကြောင်း သိရသည်။

“တောင်ကလေးက ၅၄ ယောက် လွတ်မယ်လို့တော့ သိရတယ်၊ အဲ့မှာဖားအံသားက ၃ ယောက်ပဲပါလာတယ်၊ အခုလောလောဆယ်တော့ သိရတာ၊ ဖားအံကလေးတွေ တော်တော်ကျန်နေသေးတယ်၊ ထောင်ပြောင်းခံလိုက်ရတဲ့ ဖားအံက ကျောင်းသားတွေတော့ သူတို့ ပြောင်းခံရတဲ့ထောင်တွေက လွတ်စာရင်း ပါမပါတော့ မသိဘူး။ ကျန်တာက အခုလွတ်တာမှာ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီးနဲ့ တခြားနယ်က သူတွေ၊ ကျောင်းဆရာ/ဆရာမတွေ လူငယ်တွေ အခုလွှတ်ပေးတဲ့ စာရင်းထဲမှာ အလွတ်များတယ်”ဟု နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ၏ မိသားစု၀င် တစ်ဦးက ပြောသည်။

ယနေ့ နို၀င်ဘာလ ၁၇ရက်နေ့တွင် စစ်ကောင်စီမှ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅,၇၇၄ ဦး ပြန်လွှတ်ပေးရာတွင် NLD အစိုးရ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်း အပါအ၀င် နိုင်ငံခြားသား ပေါင်း ၄ဦးအား လွတ်ငြိမ်းဖြင့် လွှတ်ပေးသည့် အကျဉ်းသား စာရင်းတွင်ပါ၀င်ပြီး ပြည်တွင်းမှ အနုပညာရှင်နှင့် ထင်ရှားကျော်ကြားသူ ၁၀ ဦး ထက်မနည်း ပါ၀င်သည်ဟု စစ်ကောင်စီသတင်းများအရ သိရသည်။

စစ်အာဏာသိမ်း ဖြစ်စဉ်အပြီး နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်မှုများကြောင့် ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခုမှ မတရား ဖမ်းဆီးထောင်ချခံထားရသူ၊ ဖမ်းဆီးချုပ်နှောင် တရားစွဲခံထားရပြီး တရားရင်ဆိုင်နေရသူနှင့် ဖမ်း၀ရမ်းထုတ်ဆင့်ခံထားရသူပေါင်း ၅၀၀ ၀န်းကျင်ခန့်ရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

လက်ရှိ ဖားအံမြို့ တောင်ကလေး အကျဉ်းထောင်တွင်းနှင့် နယ်ခြားရပ်ခြား အကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ဆောင် အကျဉ်းကျခံနေရသူအကျဉ်းသားပေါင်း ၂၀၀ ၀န်းကျင် ခန့်ရှိနေကြောင်း၊ ထိုအထဲမှ ယခုလွတ်ငြိမ်းဖြင့် ၅၄ ဦး လွှတ်ပေးခြင်းဖြစ်ကြောင်း ဖားအံ မြို့နယ် တရားရုံး နီးစပ်သူများထံမှ သိရှိရသည်။

January 11, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ...
January 10, 2025
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ရုံ၌...
January 9, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့်...
January 9, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင်...