NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရမှသာ ၎င်း၏ နိုင်ငံရေးသဘောထားကို ထုတ်ဖော်ပြောကြားနိုင်မည်ဟူသော ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်ကို ထောက်ခံကြိုဆိုကြောင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ယမန်နေ့ နိုဝင်ဘာလ (၁၄)ရက်နေ့ ဦးဆောင်မှုကော်မတီ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
PPST ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က "ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲနိုင်ငံရေးသဘောထားကိုပြောဖို့ NLD ဗဟိုအလုပ် အမှုဆောင်ကော်မတီနဲ့ တွေ့ဆုံစကားပြောမှ ပြောလို့ရမယ်ဆိုတဲ့ သတင်းစကားက PPST သွားနေတဲ့အခင်းအကျင်းနဲ့လည်း ကိုက်ညီမှုရှိပြီး PPST က မှတ်ယူ ထားတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့လည်း တစ်ထပ်တည်းဖြစ်တယ်လို့ပြောလို့ရတဲ့အတွက် ကျနော်တို့အနေနဲ့ သဘောတူထောက်ခံတယ်ဆိုတာကို ထည့်သွင်း ထုတ်ပြန်ရတာဖြစ်ပါတယ်။"ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ဗိုလ်မှူးကြီးစောကျော်ညွှန့်၏ ပြောဆိုချက်ထဲတွင် PPST ၏ နိုင်ငံရေးရည်မှန်းချက် (၇)ချက်ပါအတိုင်း လက်ရှိ နိုင်ငံအတွင်း ရင်ဆိုင်နေရသည့် အခက်အခဲများ ကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းဖြင့်သာ ဆောင်ရွက်သင့်သည်ကို လက်ခံထားပြီး ကြိုးပမ်းဆောင်ရွက်မှုများရှိကြောင်း၊ ထို့အတွက်ကြောင့် ပါဝင်သင့် ပါဝင်ထိုက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းကို နားလည်မှုရှိထားသဖြင့် အာစီယံ၏ ဘုံသဘောတူညီချက်(၅)ရပ်နှင့် မကွာ ခြားကြောင်းလည်း ပြောဆိုခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းနှင့် NCA အကောင်အထည်ဖော်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် မလုပ်ဆောင်နိုင်သည့်ကာလတွင် PPST အတွင်း တွေ့ဆုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် လုပ်ဆောင်နေပြီး NCA ၏ အနှစ်သာရ (၃)ချက်ပေါ် အခြေခံ၍ လက်ရှိနိုင်ငံရေးအကြပ်အတည်းကာလရှိ အခက်အခဲများကို ကျော်လွှားရန် PPST က ပူးပေါင်းလုပ်ဆောင်မှုများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂၊ နိုဝင်ဘာလ (၁၃)ရက်နေ့က ပြုလုပ်ပြီးစီးခဲ့သည့် (၄၁)ကြိမ်မြောက် အာစီယံထိပ်သီးအစည်းအဝေးတွင် အာစီယံ၏ အလှည့်ကျ ဥက္ကဌအဖြစ် တရားဝင်လွှဲပြောင်းပေးပြီးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသမ္မတအား ကြိုဆိုဂုဏ်ပြုကြောင်းနှင့် မြန်မာပြည်၏ နိုင်ငံရေးအကြပ်အတည်းကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်မည်ဟုယုံကြည်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် အာစီယံ၏ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးအား ဂုဏ်ပြုကြိုဆိုကြောင်းနှင့် အာစီယံ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးစင်တာ (AHA Centre)နှင့်ပူးပေါင်းလက်တွဲ၍ မြန်မာနိုင်ငံအတွင်း အထောက်အပံ့များပေးအပ်ရန် PPST အနေဖြင့် အသင့်ရှိ ကြောင်း၊ စစ်ကောင်စီအနေဖြင့် အာစီယံ ဘုံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ တိုက်တွန်းချက်ကိုလည်း PPST က ထောက်ခံကြိုဆိုပါကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
PPST အဖွဲ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့ ပါဝင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့သော ဦးဆောင်အဖွဲ့တစ်ခု ဖြစ်သည်။