ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ တပ်မဟာ(၉)ဘက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA တပ်သားတွေအပြင် အနုပညာရှင်တွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပါတယ်။
ဒီအရေးနဲ့ ပတ်သက်ပြီး စာရေးဆရာ ၊ မဟာဗျူဟာရေးရာ အတိုင်ပင်ခံနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လင့်တနာ ကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဘာတေးလ်လင့်တနာ ဟာ ဆွီဒင်လူမျိုးသတင်းစာဆရာ ၊ စာရေးဆရာနဲ့ မဟာဗျူဟာအကြံပေးတစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ဆယ်စုနှစ် လေးစုနီးပါး စာရေးနေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဖျားစီးပွားရေးသုံးသပ်ချက်ရဲ့ မြန်မာ သတင်းထောက်၊ ဆွီဒင်နေ့စဉ် Svenska Dagbladet နှင့် ဒိန်းမတ်ရဲ့ Politiken အတွက် အာရှသတင်းထောက်ဖြစ်ပါတယ်။ လက်ရှိမှာ Asia Times ရဲ့ သတင်းထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
၁၉၈၀ ဝန်းကျင်အချိန်က မြန်မာစစ်တပ်ရဲ့ ပိတ်ပင်မှုနဲ့ အမည်ပျက်စာရင်းတင်သွင်းမှု ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အဲဒီလို ပိတ်ပင်မှုတွေကြားက ဘတ်တေလ်းလင့်တနာ ဟာ ၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာမှုနဲ့ ပတ်သက်ပြီး ပထမဆုံးသိရှိခဲ့တဲ့ နိုင်ငံခြားသား သတင်းထောက်ဖြစ်ပြီး မြန်မာသတင်းထောက်တွေကို စုံစမ်းထောက်လှမ်း သတင်းစာပညာ
(investigative Journalism) ကို သင်ကြားပေးခဲ့သူလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကချင်အရေးနဲ့ပတ်သက်ပြီး ကျောက်စိမ်းမြေ ( Land Of Jade) ၊ The Kachin စတဲ့ စာအုပ်တွေကို ရေးသားခဲ့သူဖြစ်တဲ့အပြင် ကေအိုင်အို ထိန်းချုပ်ရာဒေသတွေဖြစ်တဲ့ ဟူးကောင်းချိုင့်ဝှမ်း၊ တြိဂံဒေသ ၊ ပါဂျောင် ကနေ ဗကပ (ဗမာ့ကွန်မြူနစ်ပါတီ) စိုးမိုးရာဒေသတွေကိုလည်း ခြေလျင်ခရီးနဲ့ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီခရီးစဉ်တွေအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ နေထိုင်နေပြီး Asia Times သတင်းစာရဲ့ သတင်းထောက်အဖြစ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
မေး။ ။ မနေ့က စစ်တပ်ကနေ KIA ဖားကန့်မြို့နယ်၊ တပ်မဟာ (၉) ဘက်မှာ KIO နေ့ အထိမ်းအမှတ်ပြုလုပ်ဖို့ စီစဉ်နေတဲ့အချိန် ဗုံးကြဲလို့ အနုပညာရှင်တွေနဲ့ အရပ်သားသေဆုံးမှုတွေ များခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီဖြစ်ရပ်အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်တော် ဒီသတင်းကြားပြီး အရမ်းလန့်သွားတယ်။ ဒါပေမယ့် မအံ့သြမိဘူး။ ဘာလို့လည်းဆိုတော့ စစ်တပ်ဟာ လူ့အသက်ကို လုံးဝတန်ဖိုးမထားလို့ပဲ။ သူတို့ဟာ နိုင်ငံအဝှမ်းက ကျောင်းတွေ၊ ဘုရားကျောင်းတွေ နောက်ပြီး၊ အရပ်သားတွေနေတဲ့ ရွာတွေကို ဗုံးကြဲနေကြဖြစ်တယ်။
မေး။ ။ တခြားအချိန်တွေမှာ ဗုံးကြဲတိုက်ခိုက်လို့ရရဲ့သားနဲ့ ဒီလိုအချိန်မှာမှ ရွေးပစ်တာ ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ။ ။ ကျွန်နော့်အထင်ကတော့ KIA တပ်မတော်ကို (၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီ ၅)မှာ ထူထောင်ခဲ့တဲ့ အထိမ်းအမှတ်ပွဲ ကျင်းပတဲ့အတွက် ကချင်တွေကို အပြစ်ပေးဖို့ လုပ်တာဖြစ်နိုင်တယ်။
မေး။ ။ အခုလို ဖားကန့်ဘက် တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိသလောက်ဖြစ်နေတဲ့ အချိန်မှာ အခုလို ပစ်ခတ်တဲ့ လမ်းကြောင်းကို ရွေးချယ်လာတာ ဘာလို့ကြောင်လို့ ထင်ပါသလဲ။ စစ်ကောင်စီရဲ့ အကြံအစည်က ဘာဖြစ်နိုင်မလဲ။
ဖြေ။ ။ ကျွန်တော်ခုနက ပြောခဲ့သလိုပါပဲ။ နောက်ပြီး ဖါးကန့်ဟာ စီးပွါးရေးအတွက် အဓိကအချက်အခြာကျတာလည်း ပါတာပေါ့ဗျာ။ ကျောက်စိမ်းထွက်တယ်၊ နောက်ပြီး စစ်တပ်က KIA ကို အဲဒီနေရာမှာ လုံးဝ ခြေကုပ်မယူနိုင်အောင် လုပ်ချင်တာလည်း ပါတယ်။
မေး။ ။ ကရင်၊ စစ်ကိုင်းနဲ့ ရခိုင်ဘက် အင်အားသုံးနေရတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်လို အထက်ပိုင်းကိုလည်း အစုလိုက်သေဆုံးနိုင်တဲ့အထိ တိုက်ခိုက်တာလာတဲ့ ခြေလှမ်းဟာ ဘာဖြစ်နိုင်မလဲ။
ဖြေ။ ။ ဒါက အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သုံးလေ့သုံးထရှိတဲ့ ကြမ်းတမ်းမိုက်ကန်းတဲ့ အင်အားသုံးပြီး ပြောတဲ့ ဘာသာစကားတစ်ရပ်လို့ ဆိုလို့ရတယ်။ ကျွန်တော့်အထင်ကတော့ ပြည်တွင်းစစ်မီးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုစိတ် လုံးဝ မရှိပဲ ဒီထက်ပိုတဲ့ ရိုင်းစိုင်းယုတ်မာ သတ်ဖြတ်မှုတွေ ဆက်ပြီးလုပ်ဆောင်သွားဖို့ပဲ ရှိတယ်ဗျ။
မေး။ ။ မြန်မာနိုင်ငံတောင်ပိုင်း အလယ်ပိုင်း မြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေကို
လှည့်တိုက်နေရတဲ့အချိန်မှာ ဘယ်ဒေသတွေကို အင်အားပိုသုံးလာနိုင်မလဲ။
ဖြေ။ ။ ကျွန်တော့်အထင် ဗမာလူမျိုးအများစု နေထိုင်တဲ့ စစ်ကိုင်းနဲ့ မကွေးမှာ တိုက်ပွဲ အများဆုံး ဖြစ်နေတာတွေ့ရတော့ စစ်တပ်က အဲဒီဒေသတွေမှာ စစ်အင်အားပိုသုံးလာနိုင်တယ်။ ချင်းပြည်နယ်မှာလည်း တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး ဒုက္ခသည်ပေါင်း လေးသောင်းလောက် အန္ဒိယနယ်စပ်ကျော်ပြီး မီဇိုရမ် ပြည်နယ်ထဲ သွားရောက်ခိုလှုံနေတာ တွေ့ရတယ်။ နောက်ပြီး ကချင်၊ ကရင်နဲ့ ကယား (ကရင်နီ) ပြည်နယ်အပြင် တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေ ရှိတယ်။
အေအေ (Arakan Army) တွေ နယ်မြေ အတော်များများ စိုးမိုးထားနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်တောင် ရှိနေပြီဖြစ်တဲ့ ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်။ နောက်ပြီး စစ်တပ်နဲ့ စီးပွါးရေးအရ ညှိနှိုင်းထားဟန်ရှိတဲ့ RCSS (Restoration Council of Shan State) ရဲ့ ခေါင်းဆောင် ယွတ်ဆတ် (Yawd Serk) တို့ ကြီးစိုးထားတဲ့ ရှမ်းပြည်နယ်မှာတော့ စစ်တပ်ကို တော်လှန်တိုက်ခိုက်မှုတွေ မတွေ့ရဘူး။ ဒါဟာ တိုင်းရင်းသားဒေသ တွေထဲက စစ်ကောင်စီတပ်နဲ့ စစ်မဖြစ်နေတဲ့ တစ်ခုတည်းသော တိုင်းရင်းသား နယ်မြေ ဖြစ်နေတာကိုတွေ့ရတယ်။ နောက်ပြီး တိုင်းရင်းသားအုပ်စုတွေထဲက ရှမ်းမြောက်မှာ ရှိတဲ့ လက်နက်အင်အားပြည့်စုံပြီး စစ်အင်အားကောင်းကောင်းနဲ့ “ဝ” အဖွဲ့ ဖြစ်တဲ့ UWSA (The United Wa State Army) ဟာ စစ်တပ်နဲ့ ၁၉၈၉ ခုနှစ်ကထဲက နှစ်ဖက်သဘောတူ အပစ်အခတ် ရပ်စဲခဲ့တာ တွေ့ရပါတယ်။
မေး။ ။ ဒီတိုက်ခိုက်မှုကြောင့် စစ်ရေးပိုကြီးလာနိုင်သလား။ KIA ရဲ့တန်ပြန်ထိုးစစ် ရှိလာရင် စစ်ရေးအခြေအနေက ဘယ်လောက်ပြင်းထန်လာနိုင်လဲ။
ဖြေ။ ။ အခြေအနေတွေက ပိုဆိုးလာနိုင်ပါတယ်။ အမှန်တကယ်က ပိုဆိုးနေပြီးသားပါ။ အရင်ကထက် ပိုလို့တောင် ဆိုးဝါးလာနိုင်ပါတယ်။
မေး။ ။ စစ်ကောင်စီကနေ ကချင်လူထုပေါ်ထားတဲ့ သဘောထားကရော ဘယ်လိုရှိမယ်လို့
ထင်ပါသလဲ?
ဖြေ။ ။ ကျွန်တော့်အထင်ကတော့ စစ်ဗိုလ်ချုပ်တွေဟာ ဗမာအမျိုးသားရေးကို လက်ကိုင်စွဲထားသူတွေပါ။ ဒါ့ကြောင့်လည်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို အထင်မြင်သေးတာ တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီ စစ်ဗိုလ်ချုပ်တွေဟာ ကချင်လူမျိုးတွေအပေါ် ပိုပြီးရန်လိုနေတာပါ။ ဘာကြောင့်လည်းဆိုတော့ ကချင်တွေဟာ ခရစ်ယာန်တွေ ဖြစ်နေလို့ပါပဲ။
မေး။ ။ စစ်မျက်နှာ (၆) ခုဖွင့်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရေးအတွက်လည်း တစ်နှစ်စီမံချက်ရေးဆွဲထားပြီး ဖြစ်တာကြောင့် လာမယ့်နှစ်ဟာ တော်လှန်ရေးအတွက် အဆုံးအဖြတ်နှစ်
ဖြစ်လာမယ်လို့ ခံယူထားတယ်လို့လည်း NUG ကနေထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အဲဒီထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုလို့ရော ယူဆနိုင်ပါသလား။
ဖြေ။ ။ ကျွန်တော်တို့အားလုံးနားလည်ထားရမှာက NUG ဦးဆောင်တဲ့ PDF အင်အားစုတွေဟာ ဗဟိုက ထိန်းချုပ်ပြီး အမြင့်ဆုံးအမိန့် အာဏာတွေနဲ့ လုပ်ရှားနေကြတာ မဟုတ်ပါဘူး။ ဒီတော်လှန်ရေးအဖွဲ့ တော်တော်များများက စစ်တပ်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တိုက်ခိုက်နေကြတာပါ။ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်ပေမယ့် ဒါက NUG ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ။ တစ်ခြားပြောစရာမရှိတော့ပါဘူး။