တရုတ်ဘက်က ကုန်စည်တွေ မဝင်ရောက်တာကြောင့် ကန်ပိုက်တီမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်

တရုတ်ဘက်က ကုန်စည်တွေ မဝင်ရောက်တာကြောင့် ကန်ပိုက်တီမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်

တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိဘဲ ဈေးအဆမတန် မြင့်မားနေတဲ့အတွက် ဒေသခံတွေ အခက်အခဲဖြစ်နေပါတယ်။

ကန်ပိုက်တီနယ်စပ်ဂိတ် ပိတ်ထားတဲ့အချိန် တရုတ်ဘက်က ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိတဲ့အတွက် ဝိုင်းမော်မြို့ဘက်က မှာယူရတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်မားနေပြီး စားသောက်ရေးမှာ အခက်အခဲရှိတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဘယ်လိုမှ မလုပ်တတ်တော့ ကိုယ့်ဟာကိုယ် စိုက်စားတယ်။ ဝက်သား၊ အမဲသား မဝယ်စားနိုင်ဘူး။ ရတဲ့ပိုက်ဆံလည်း သုံးလို့ကုန်လာပြီ။ ဈေးကကြီးတော့ အသားဝယ်စားဖို့တောင် မလွယ်တော့ဘူး။ တတ်နိုင်သလိုပဲ နေတော့တယ်။ တချို့က စားဖို့တောင်မရှိတဲ့သူတွေလည်း များတယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဘက်က ကုန်ပစ္စည်းတွေကို ကန်ပိုက်တီဘက် ပို့ကြပေမဲ့ ဆဒုံးမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်မှာ အခွန်တွေ တိုးပြီးကောက်တဲ့အတွက် ကုန်ပစ္စည်းတွေ ဈေးကြီးတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန် ကန်ပိုက်တီမြို့မှာ ဆန်တစ်အိတ်ကို ကျပ် သုံးသိန်းနီးပါးအထိရှိနေပြီး ခြံပိုင်တဲ့ဒေသခံတွေကတော့ အသီးအရွက်တွေစိုက်ပြီး ဝမ်းရေးဖြေရှင်းကြတာတွေရှိပေမဲ့ အများပိုင်းက ခြံမရှိကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင်  ဝိုင်းမော်မြို့က စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) တပ်ရင်းအရှေ့မှာ လမ်းပိတ်ထားတဲ့အတွက် ဖြတ်သန်းသွားလို့ မရတာကြောင့် တခြားကွင်းလမ်းဘက်ကနေပတ်ပြီး ခ.လ.ရ (၅၈) အထက်ပိုင်းက ကျေးရွာတွေအပါ ကန်ပိုင်တီဘက်ကို ကုန်ပစ္စည်းတွေ ပို့နေရတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကန်ပိုင်တီနယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းဝင်ရောက်မှု ပိတ်ထားပေမယ့် မြန်မာပြည်ဘက်က တရုတ်ငှက်ပျောကားတွေနဲ့ ဖရဲသီးတင်တဲ့ကားတွေ နေ့တိုင်းနီးပါး ဝင်ထွက်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။

KIA သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့ ကုန်သွယ်ရေးဂိတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွင့်ပေမဲ့ တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက်ကို လက်ရှိအချိန်အထိ ဝင်ရောက်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာဘာလ နောက်ဆုံးအပတ်က ကချင်အထူးဒေသ ၁ ကို KIA က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လအကြာမှာပဲ ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီးတော့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ပြည်ခရီးစဉ် တစ်ပတ်ခန့်အကြာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ခဲ့ပါတယ်။

လွယ်ဂျယ်ဂိတ်မှာတော့ လူသုံးကုန်၊ စားသောက်ကုန်တွေ အနည်းငယ် တင်ပို့ထားတွေတော့ရှိပေမဲ့ စက်သုံးဆီနဲ့ လူအဝင်/အထွက်ကိုတော့ တရုတ်ဘက် ခွင့်မပြုသေးဘူးလို့ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဂိတ်က ဖွင့်ပြီ ဟုတ်တယ်။ ဒါပေမဲ့ ဘာမှဖြတ်တာတော့ မတွေ့သေးဘူး။ တမင် ဘာမှမဖြတ်ခိုင်းတာထင်တယ်။ လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန် အသီးအရွက်တွေပဲ ဖြတ်သေးတယ်။ တခြားတော့ မကြားသေးဘူး” အထက်ပါအမျိုးသားက ဆိုပါတယ်။

တရုတ်−မြန်မာ နယ်စပ် ကချင်ပြည်နယ်က ကန်ပိုက်တီ၊ ပန်ဝါ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ လိုင်ဇာ စတဲ့ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးခဲ့ပေမယ့် အများစုမှာတော့ လူအဝင်/အထွက် မရှိသေးတဲ့အပြင် တရုတ်ဘက်က ကုန်ပစ္စည်းတွေလည်း မြန်မာပြည်ဘက် ဝင်ရောက်တာတော့ မရှိသေးပါဘူး။

Most read this week

January 17, 2025
မြစ်ကြီးနား - ပူတာအို ကားလမ်း ပုံမှန်ပြန်လည်သွားလာလို့ရကတည်းက ပူတာအိုမြို့တွင်းမှာ...
January 17, 2025
မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဂိတ်...
January 15, 2025
စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့  နိုင်ငံရေးအကျဉ်းသူ/သားတွေထဲမှာ ကလေးနဲ့အတူ...
January 7, 2025
ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ...