လူထက်နိုင် (ဒွာရာမြီ) — ရန်ကုန်မြို့ ညမီးရောင်မှိန်မှိန်အောက်မှာတော့ မသူဇာ (အမည်လွဲ) ဟာ ဧည်စာရင်းရေးမှတ်ထားတဲ့ ကျောင်းသုံးဗလာစာအုပ်ကို စိုက်ကြည့်နေပါတယ်။
“အေးပေါ့လေ။ ဧည့်စာရင်းဆိုတာ ဧည့်သည်တွေ တိုင်ရတာ။ ကိုယ့်က ရန်ကုန်သူမှမဟုတ်တာ... ရခိုင်သူ။ ကိုယ့်ဒေသမှာ စစ်ပွဲတွေကြောင့် သူတို့ရဲ့ ရန်ကုန်မြို့ကြီးမှာ ခိုကပ်နေဖို့ လာခဲ့ရတာတော့ ဒီလိုဘဲ နေရတာပေါ့လေ” လို့ လက်ရှိ ကြုံနေရတဲ့တွေးရင်း မသူဇာတစ်ယောက် မျက်ရည်တွေကျနေပါတယ်။
မသူဇာဟာ အသက် ၃၀ အရွယ် ကလေး ၂ ယောက်ရဲ့ မိခင်ပါ။ မသူဇာရဲ့ခင်ပွန်းဟာ ဆုံးပါးသွားခဲ့ကတည်းက ကလေးနှစ်ကို တစ်ဖက်၊ မိခင်အိုကြီးကိုတစ်ဖက် လုပ်ကျွေးပြုစုနေသူပါ။ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်လာတော့ မိခင်အိုကြီးကို ရွာမှာကျန်ခဲ့တဲ့ မိသားစုတွေရဲ့ လက်ကိုစောင့်ရှောက်ဖို့အပ်ပြီး ကလေးနှစ်ဦးနဲအတူ ရန်ကုန်မြို့ အစ်မဝမ်းကွဲ ရှိတဲ့နေရာကို စစ်ပြေးရှောင်လာရတာပါ။ အခုတော မြို့ပြမာယာတောကြီးထဲမှာ ကမ်းမမြင်လမ်းမမြင် ရင်သွေးငယ်နှစ်ဦးနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းနေရတာပါ။
မသူဇာရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဘ၀အခြေနေကလည်း ရွာမှာကျန်ခဲ့တဲ့ မိသားစုနဲ့ တစ်ကွဲတစ်ပြားစီ၊ ဖုန်း အင်တာနက်လည်း အဆင်မပြေတော့ အဆက်အသွယ်ရလိုက်၊ ပြတ်လိုက်၊ စကားပြောချင်ပေမယ့် ပြောခွင့်မရ၊ ရန်ကုန်မှာ နေရတာကလည်း သူများအိမ်၊ ကိုယ်အိမ်နဲ့ ဆို လွတ်လပ်မှုကမရှိ၊ အစ်မဝမ်းကွဲ မိသားစုက စိတ်သဘောထား ကောင်းပေမယ့် ဘယ်အရာမဆို ဆင်ဆင်ခြင်ခြင် သတိနဲ့နေရတယ်ဆိုတော့ မလွတ်လပ်သလိုမျိုးတော့ မသူဇာတစ်ယောက် ခံစားနေရတယ်။
ကလေးနှစ်ယောက်လည်းပါလာတော့ ဝန်ထုတ်ဝန်ပိုးဖြစ်မသွားအောင် အတတ်နိုင်ဆုံး ချက်ပြုတာကအစ အကျီလျော်ဖွတ်တာက အဆုံးဝိုင်းကူပေးနေတော့ အစ်မကလည်း တစ်ဖက်တစ်လမ်းက အကူရတယ်ဆိုပြီး စစ်ရှောင်လာတဲ့အပေါ် ဝမ်းသာသလိုမျိုးတော့ တွေ့နေရတယ်။
ဒီလို အစ်မအိမ်မှာတည်းခိုနေထိုင်ရတာအဆင်ပြေသလိုရှိပေမယ့် တစ်ဖက်မှာ ကိုယ်တိုင်သွားပြီး ဧည့်စာရင်းသွားတိုင်ရတာကလည်း ဒုက္ခတစ်ခုလို ဖြစ်နေပါတယ်။ရပ်ကွက်အာဏာပိုင်တွေဟာ ဒုက္ခရောက်လို့ ထွက်ပြေးလာကြတဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ ကိုယ်ချင်းစာ ဂရုဏာသက်ရမဲ့အစား စာနာမှုကင်းမဲ့စွာဆက်ဆံနေတဲ့အပေါ် တွေးတောရင်း မသူဇာတစ်ယောက် မျက်ရည်ကျနေမိပါတယ်။
“ရခိုင်က စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ အများကြီးပါဘဲ။ ဒီအခက်အခဲတွေ အထဲမှာ အကြီးမားဆုံးက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားပြီး ဧည့်စာရင်းတိုင်ရတာကလည်း အကြီးမားဆုံး ဒုက္ခတစ်ခုဖြစ်နေပါတယ်။ ရပ်ကွက်ရုံးကို ဧည့်စာရင်းသွားတိုင်တဲ့ အခါတိုင်း အော်ငေါက်ခံရတာ၊ မလိုအပ်ဘဲ အချိန်ကြာကြီး ထိုင်စောင့်ရတာ၊ မတူမတန်သလို ဆက်ဆံခံရတာ၊ လူတွေများတော့ တန်းစီ စောင့်ရတာတွေက တကယ့်ကို ကြီးမားတဲ့ ဒုက္ခတစ်ခုပါဘဲ” လို့ သူမ မျက်ရည်စတွေနဲ့ ရင်ဖွင့် ပြောဆိုပါတယ်။
ရန်ကုန်မှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဧည့်စာရင်းတွေကို ညဘက်တွေမှာ သွားတိုင်ရပါတယ်။ အဲဒီရုံးတွေ အချိန်ပုံမှန် မဖွင့်လို့ အချိန်ကြာကြီး ထိုင်စောင့်နေရလည်းရှိပါတယ်။ တစ်ခါတိုင်တာနဲ့ မပြီး ၁၄ ရက်တစ်ကြိမ် သွားတိုင်နေရတာပါ။ သွားတိုင်တဲ့အခါလည်း ငွေမပေးရင် ရပ်ကွက်တာဝန်ရှိသူတွေက မျက်လုံးပင့်ပြီး ကြည့်နေတာကြောင့် တစ်ထောင်စ၊ နှစ်ထောင်စ အလှူခံဖလားခွက်ထဲကို ထည့်နေရတာကလည်း ဘ၀အမောတစ်ခုပါပဲ။ ငွေကြေးမတတ်နိုင်သူ အလုပ်အကိုင်မရှိသူ ကျွန်မ တစ်ယောက်အနေနဲ့တော့ ဒီငွေက ဒုက္ခတစ်ခုလိုဖြစ်နေရပါတယ်လို့ သူမက ပြောဆိုပါတယ်။“ဧည့်စာရင်းတခါသွားတိုင်ရင် ဆူလိုက် ဆဲလိုက်နဲ့ ဟိုစာရွက် မိတ္တူဆွဲခိုင်းဒီစာရွက်မိတ္တူ ဆွဲခိုင်း၊ ကြိုတင်ပြီးဆွဲသွားတာကျတော့ မလိုဘူးပြောတယ်။ နင်တို့ စစ်ရှောင်တွေ ၁၄ ရက်တခါ လာတိုင်နော်။ မဟုတ်ရင် အဆိုးမဆိုနဲ့ လို့ဆိုပြီး ခြိမ်းခြောက်သလို ဘာလိုလို ပြောတာတွေလည်းရှိတယ်။ တိုင်ပြီးလို့ ထွက်လာရင်နောက်မှာ သူတို့တွေ ကျွန်မအကြောင်းပြောပြီး ဝိုင်းရယ်နေသံလည်းကြားရတယ်”လို့ မသူဇာကပြောပါတယ်။
အခုလို ယောကျ်ားသားတွေရဲ့ လှောင်ပြောင်မှုတွေကြုံရတိုင်း ကလေးနှစ်ဦးရဲ့မျက်နှာနဲ့ ရင်သွေးငယ်နှစ်ဦးရဲ့ ဖခင်ဖြစ်သူကို အရမ်းသတိရမိတယ်လို့ ပြောပါတယ်။
ခုလို အခြေအနေကြားထဲမှာ ဘ၀က ငွေကြေး မချမ်းသာပေမယ့် စိတ်ချမ်းသာမှုအပြည့်နဲ့ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်ထဲက သူမရဲ့ မွေးရပ် ရွာကလေးကိုတော့ နေ့တိုင်း သတိရနေမိတယ်လို့ဆိုပါတယ်။
ကိုယ့်ပြည်ကိုယ့်ဒေသမှာစစ်ဘေးကြောင့် အသက်အန္တရာယ်ကိုစိုးရိမ်လို့ မွေးရပ်ရွာနဲ့ မိသားစုတွေကို ခွဲခွာပြီး တစိမ်းဆံတဲ့ ရန်ကုန်မြို့ကို စစ်ရှောင်လာခဲ့ရပေမယ့် အခုလိုမျိုး ဆက်ဆံခံရတဲ့ အပေါ်မှာတော့ ကြုံတွေ့နေရတဲ့ ဘ၀ကို တွေးပြီး ထိခိုက်စေလို့ဆိုပါတယ်။ ဒါပေမယ်လည်း ရင်သွေးငယ်နှစ်ဦးရဲ့ အနာဂတ်ကို တွေးမိရင်တော့ ဘာဘဲဖြစ်ဖြစ် စိတ်အားငယ်လို့ မရဘူးဆိုပြီး မိမိကိုယ်ကို အားတင်းမိတယ်လို့ ပြောပြပါတယ်။
အခုလို ဆောင်းရာသီဆိုရင် နှင်းမြူတွေကြား မိမိဒေသက သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေတွေကို ရှုရှိုက်ရင်း ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ခဲ့ရတဲ့ ပျော်ရွှင်ကြည်နူးစရာအချိန်လေးတွေကို သူမက အမြဲသတိရနေတယ်လို့ ဆိုပါတယ်။
“ညဘက်ဆို ညဘက်ဆို ရွာကို အရမ်းသတိရတယ်။ ဟိုအဝေးကြီးက ဖြတ်သန်းတိုက်ခိုက်လာတဲ့ လေတွေနဲ့ ပင်လယ်လှိုင်းတွေသံတွေအကြားမှာ ဘ၀အမောတွေပြေခဲ့ရတယ်လေ။ အခုလို ချမ်းအေးညနေခင်းလေးဆို ပင်လယ်ကမ်းနားမှာ အမေတို့ အမတို့ လှမ်းထားတဲ့ ငါးခြောက်တွေကို သွားရုပ်ရတာ။ ပင်လယ်ကြီးကလည်း အကျယ်ကြီးဆိုတော့ တိုက်ခိုက်လာတဲ့လေတွေကလည်းသန့်ရှင်းလတ်ဆတ်နေတော့ ရှုရှိုက်ရတာ လွတ်လပ် ပေါ့ပါးလိုက်တာ။ ကျွန်မ ရွာကို သတိရလိုက်တာ အရမ်းပါလေ”လို့ သူမက ပြောဆိုပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော်ဟာ မြို့တွေ တစ်မြို့ပြီး တစ်မြို့သိမ်းပိုက်နေပါတယ်။ စစ်ရှုံးလာတာနဲ့အတူ စစ်ကောင်စီဟာရခိုင်က မြို့တွေကိုမြို့ပျက်ကြီးတွေဖြစ်အောင် လေကြောင်းက ဗုံးကြဲလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ ဒါကြောင့် မသူဇာ အပါအဝင် ရခိုင်ဒေသခံတွေဟာရန်ကုန်ကိုလည်း ထွက်ပြေးခဲ့ကြရပါတယ်။ အမေအိုကို ခေါ်ချင်ပေမယ့် ဘယ်လိုမှ ခေါ်ယူလာဖို့ အခြေအနေ မပေးတာကြောင့် မျက်ရည်စက်လက်နဲ့ ခွဲခွာခဲ့ရတဲ့ အဖြစ်က အလွန်ကြေကွဲထိခိုက်ရတယ်လို့ သူမက ပြောပါတယ်။
အဲ့ဒီလိုထွက်ပြေးလာကြတဲ့သူတွေထဲမှာ အများစုက ရန်ကုန်မြို့ကို ထွက်ပြေးလာသူတွေများပြီး ဧရာ၀တီတိုင်းက ကျုံပျော်၊ ပုသိမ်၊ ငွေသောင်ယံစတဲ့ မြို့တွေကိုလည်း ထွက်ပြေး ခိုလှုံသွားကြသူတွေရှိတယ်လို့ ဆိုပါတယ်။
အများစု စစ်ဘေးရှောင်တွေကတော့ နဂိုကတည်းက ဆင်းရဲကြသူတွေများပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာကြောင့် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
“အဓိကတော စားရေးသောက်ရေး၊ နေထိုင်ရေး ခက်ခဲနေကြတာပါ။ ထွက်ပြေးလာကြရတဲ့ မိသားစုတွေဟာရန်ကုန်မှာအထိုင်မကျနိုင်ဘဲ တစိမ်းပတ်ဝန်းကျင်မှာနေထိုင်ကြရတာဆိုတော့ အထူး ခက်ခဲနေကြတာပါ။ အလုပ်အကိုင်က မရှိ၊ ပါလာတဲ့လက်ဝတ်လက်စားတွေကို ထုခွဲရောင်းစား၊ ဖြစ်သလို ဘ၀ကို ရုန်းကနေကြရတယ်” လို့ မသူဇာက ဂွမြို့နယ်ထဲက ထွက်ပြေးလာကြရသူတွေရဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။
ဒေသခံတွေက တစ်စိမ်းတွေဖြစ်ပေမယ့် ရခိုင်က စစ်ရှောင်လာတဲ့သူတွေအပေါ်မှာ တစ်စုံတစ်ရာ နှောင့်ယှက်တာတွေမရှိသလို အများစုကတော့ ဖော်ရွေတဲ့ အပြုအမှုတွေလေးတွေနဲ့ ဆက်ဆံမှုတွေတော့ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ကစစ်ဘေးရှောင်တွေအပေါ်မှာ အငြိုးအတေးတွေနဲ့ ဆက်ဆံတာကတော့ စစ်တပ်၊ ရဲ၊ ရက်ကွက် တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ လက်ပါးစေတွေဖြစ်တယ်လို့ ဆိုပါတယ်။
“ရခိုင်က စစ်ဘေးရှောင်တွေက ဗမာပြည်မဘက်ကို စစ်ရှောင်လာတဲ့အပေါ် ဒီက ဗမာလူမျိုးအများစုက နားလည်တယ်။ ကိုယ်ချင်းစာကြတယ်။ ဖော်ဖော်ရွေရွေ ဆက်ဆံခံရတာလည်းရှိတယ်။ အဆိုးဆုံးကတော့ အာဏာပိုင်အသိုင်းအဝိုင်းကပါဘဲ။ မတူသလို မတန်သလို ရန်သူလို မျက်နှာပေးနဲ့ ဆက်ဆံကြတော့ စိတ်ထဲမှာ မသက်မသာခံစားရတယ်” လို့ ပြောပါတယ်။ရခိုင်ကထွက်ပြေးလာကြရတဲ့စစ်ရှောင်တွေဟာရန်ကုန်မြို့မှာ ခက်ခဲနေပေမယ့် ကူညီသူတွေနည်းပါးပြီးတရားဝင်းအသင်းအဖွဲ့နဲ့ကူညီနိုင်တာမျိုးမရှိဘဲ တနိုင်တပိုင် လက်သင့်ရာကူနေကြရတာတွေတော့ ရှိပေမယ့် ရှားတယ်လို့ ဆိုပါတယ်။
မသူဇာအနေနဲ့လည်း ရခိုင်ကို ပြန်ရမယ့် အခြေအနေက ဝေးနေသေးသမို့ ရန်ကုန်မှာ ရေရှည် စားဝတ်နေရေးကို ဖြေရှင်းဖို့ အလုပ်တစ်ခု ဝင်လုပ်ဖို့ စဉ်းစားပေမယ့် တစ်ဖက်မှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကြောင့် ဗျာများနေရတယ်လို့ပြောပါတယ်။
“စစ်ရှောင်အိမ်ထောင်ဦးစီး အမျိုးသမီးတွေကတော့ အလုပ်အကိုင် လုပ်ချင်ပေမယ့် အလုပ်အကိုင် ရှာဖွေရတာ ခက်ခဲသလို တဖက်မှာလည်း သားသမီးတွေရဲ့ ပညာရေး၊ မိဘတွေရဲ့ကျန်းမာရေးတွေကိုပါ တပြိုင်နဲ့စောင့်ရှောက်နေရတာမို့လို့တခြား စစ်ရှောင်တွေ ထက်ပိုခက်ခဲတယ်” လို့ သူမက ပြောပါတယ်။
မသူဇာအနေနဲ့လည်း ဆွေမျိုးဆိုပေမယ့် သူတစ်ပါးအိမ် ကပ်ခိုစားသောက်နေရတာ အချိန်ကြာလာတာနဲ့ ပါလာတဲ့ ငွေစရွှေစတွေလည်း ကုန်နေပြီမို့ အလုပ်တစ်ခုခုတော့ ဝင်လုပ်ချင်တယ်လို့ စိတ်ကူးပေမယ့် လက်တွေ့မှာ ဖြစ်မလာဘူးလို့ ဆိုပါတယ်။
ရန်ကုန်လို လူပေါင်းစုံတဲ့ အရပ်မှာ အလုပ်လုပ်ရင်းနဲ့ အစော်ကားခံရတာ၊ မမျှော်လင့်ဘဲ ပြဿနာတွေကြုံရမှာကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
"ကျွန်မတို့က အတန်းစာလည်း သိပ်မတတ်ဘူး။ ရေးတတ်ဖတ်တတ်လောက်ပါဘဲ။ ရန်ကုန်မှာ အလုပ်တစ်ခု ရဖို့ဆိုတာ မလွယ်လှပါဘူး။ အစ်မကတော့ အိမ်မှာဝိုင်းကူရင် ရပြီ။ တစ်သက်လုံးနေမှာမှ မဟုတ်တာ။ ခဏနေတာမှာ ပျော်ပျော်သာနေပါလို့ပြောပါတယ်။ ရခိုင်စစ်ပွဲတွေလည်း ပြီးသွားမှာပါလို့ ပြောပါတယ်" လို့ မသူဇာက ပြောပါတယ်။
ရန်ကုန်မြို့မှာ ပညာတတ်ပြီး ကိုယ်ပိုင်ကားတွေပိုင်ထားတဲ့သူတွေတောင် လုပ်ငန်း အဆင်မပြေတာကို မြင်တော့ အပြင်ထွက် အလုပ်လုပ်မယ့် စိတ်ကူးကလည်း မိုးတိမ်တွေလို လေနဲ့ အတူ ပျောက်ကွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရန်ကုန်ရောက်စမှာဆွေမျိုးအိမ်မှာနေထိုင်ခဲ့ပြီးရေရှည်မှာအဆင်မပြေတာကြောင့်တိုက်ခန်း တစ်ခန်း ငှားရမ်းနေထိုင် အွင်လိုင်း Shopping လုပ်ကိုင်နေတဲ့ သံတွဲက သူငယ်ချင်း အမျိုးသမီးတစ်ယောက် အကြောင်းကိုလည်း သူမက ခုလို ပြောဆိုပါတယ်။
“သူက ကိုယ်ပိုင်ကားရှိတယ်။ ရခိုင်မှာကတည်းက စီးပွားရေးအဆင်ပြေတယ်။ ရန်ကုန်ရောက်တော့ အလုပ်မရှိတော့ အွန်းလိုင်းက ပစ္စည်းရောင်းတာလေးကို စမ်းလုပ်ကြည့်တယ်။ ရခိုင်ဒေသထွက်ကုန် ငပိ ငါးခြောက် ရွှေပုန်ဇွန်တွေကို အွင်လိုင်းကနေ ရောင်းကြည့်တာပေါ့လေ။ အခုလို လုပ်ပေမယ့်လည်း လူသိနည်းလို့ အဆင်မပြေရတဲ့အထဲ မက်ဆင်ဂျာကနေ သားပြောမယားပြော ပြောတာတွေလည်း ကြုံရတယ်။ တချို့သူတွေဆို ညစ်ညမ်းတဲ့ဗွီဒီယိုတွေ ပို့တာတွေရှိလို့ သူမအနေနဲ့ စိတ်ဓာတ်ကျနေတယ်” လို့ ဆိုပါတယ်။
သူမသူငယ်ချင်းရဲ့ ကြုံနေရတဲ့ အဖြစ်တွေကိုကြည့်ပြီး အလုပ်လုပ်ဖို့ စိတ်ကူးတိုင်း သက်ပြင်းအကြိမ်ကြိမ်ချမိတယ်လို့ မသူဇာက ဆိုပါတယ်။
တချို့ ရခိုင်က စစ်ဘေးရှောင်လာတဲ့ အမျိုးသမီးတွေဆိုရင် အလုပ်အကိုင်ကလည်း မရှိ ၊ ရှိတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချလို့ ကုန်ပြီဆိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ကိုယ့်ကိုယ့်သတ်သေချင်လောက်အောင် ဖြစ်နေကြသူတွေလည်း ရှိတယ်လို့ မသူဇာက ပြောပြပါတယ်။
“ဒီအကြောင်းတွေဘယ်လိုသွားပြောမလဲ။ အခုတောင် ကြုံလို့ မီဒီယာသမားတစ်ဦးကို ပြောပြရတာ။ ရခိုင်က စစ်ရှောင်အမျိုးသမီးတွေ အနေနဲ့ ရင်ဖွင့်စရာ နေရာမရှိ။ တကယ့်ကို ကြိတ်မှိတ်ခံစားနေကြရတာ” လို့ ပြောပါတယ်။
ရခိုင်စစ်ရှောင်အမျိုးသမီးတွေဟာ စစ်ဘေးဒဏ်ကြောင့် ရလာတဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်ဆိုင်ရာ ဒဏ်ရာတွေ မကျက်နိုင်သေးခင်ရန်ကုန်မြို့မှာအသစ်အသစ်သော ဒဏ်ရာတွေကို ရင်ဆိုင်နေရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါတွေကတော့ အိမ်လခဈေးကြီးတာ၊ ကုန်စျေးနှုန်းမြင့်တက်တာ၊ ဝင်ငွေပုံမှန် မရှိတာ၊ အမျိုးသမီး အသုံးအဆောင်တွေ ပုံမှန်ဝယ်မသုံးနိုင်တာတွေဖြစ်တယ်လို့ သူမက ပြောပြပါတယ်။
ရန်ကုန်မြို့ကတိုက်ခန်းငှားခတွေဟာစစ်ရှောင်တွေမရောက်ခင်က ဈေးနှုန်းထက်တစ်သိန်းခွဲလောက်ရှိရာကနေ အခုအခါ ပိုတက်သွားတယ်လို့ မသူဇာက ပြောပြပါတယ်။
အရင်တုန်းက ရန်ကုန်မြို့ ယုဇနဉယျာဉ်မြို့တော်ရဲ့ မြေညီထပ် တိုက်ခန်းငှားဈေးဟာ ၁သိန်းကျော်လောက်သာ ရှိခဲ့ပေမယ့်အခုအချိန်မှာတော့၂သိန်းကျော် အထိရှိနေပြီးအလွှာလိုက် ဈေးတွေတက်နေတယ်လို့သိရပါတယ်။
“ပြဿနာကြုံတွေ့နေတာက အိမ်လခတွေကို ဈေးတက်နေတာ။ ၁ သိန်းခွဲတန်တဲ့ဟာကို ၃ သိန်းတောင်းတယ်၊ နောက်အလုပ်အကိုင်က ဒီမှာကိုက အရင်ကတည်းက စီးပွားရေးမကောင်းတာ။ အလုပ်အကိုင်တွေက ရှားပါးတယ်။ မရှိ ရှိတာလေးကိုရောင်းစားနေရတာဆိုတော့ အလွန်ခက်ခဲပါတယ်။ ဒီကြားထဲ အမျိုးသမီးတွေဆိုရင် အမြင်တမျိုးနဲ့ ကြည့်တဲ့သူတွေကလဲရှိသေးတယ်” လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင်တွေဟာ ရွှေပြည်သာ၊လှိုင်သာယာ၊ သာကေတ၊ ကမာရွတ်မြို့နယ်တွေမှာ နေထိုင်ကြတယ်လို့ သူမကပြောပါတယ်။
ရခိုင်က စစ်ရှောင်အမျိုးသမီးတွေဟာ ရန်ကုန်မှာကြုံနေရတဲ့အလုပ်အကိုင်ရှားပါးမှု၊ ခွဲခြားဆက်ဆံခံရမှုတွေအပြင် သားသမီးတွေကို ကျောင်းမထားနိုင်တာ၊ မိသားစုတွေကို မစောင့်ရှောက်နိုင်တာ၊ သားသမီတွေရဲ့ပညာရေး စရိတ် မလိုက်နိုင်တာ၊ လကုန်ရင်ပေးရမယ့် အိမ်လခ၊ မီတာခ၊ ရေခ၊ ဧည့်စာရင်း စတာတွေနဲ့ လုံးထွေးရှည်လျားတဲ့ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေကြရတယ်လို့ဆိုပါတယ်။
တချို့မိန်းခလေးတွေဆိုရင် အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိလို့ စစ်ရှောင်ရင်း ဘ၀ပျက်သွားရတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကိုယ့်အိမ်ကိုယ်ရာကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးမှာ ရပ်တည်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေမဟုတ်တာကြောင့် စစ်ကြီး အမြန်သာပြီးပါစေလို့ဘဲ ဆုတောင်းနေတယ်လို့ မသူဇာက ပြောပါတယ်။
ကိုယ့်ဒေသ ကိုယ့်ပြည်ကိုယ့်ရွာက ဆင်းရဲပေမယ့် ကိုယ့်ဘ၀ကို ကိုယ်လက်နဲ့ ထုဆစ်ပြီး ရှင်သန်နိင်သလို တမင်းတစ်လုတ်အတွက် ချောင်းဆင်းငါးရှာ၊ တောင်တက်ယာခုတ် အလုပ်မျိုးစုံကို ခက်ခဲပင်ပန်းစွာရပ်တည်ရပေမယ့် အနှောင်အဖွဲ့ကင်းလွတ်တဲ့အတွက် ပျော်ရွှင်ကြည်နူးရတယ်လို့ ပြောပါတယ်။
အခုလို သူတစ်ပါး ရပ်ရွာနယ်မြေ ဒေသအသီးသီးမှာ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေကတော့ ကိုယ့်မြေ ကိုယ့်ပြည် ပြန်ရမယ့်ရက်ကိုဘဲ နေတိုင်းမျှော်နေရတယ်လို့ ဆိုပါတယ်။
"စစ်ရှောင်ရတဲ့ ရက်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးက ခက်ခဲလာနေပါတယ်။ အိမ်ပြန်ချင်တဲ့ပေမယ့် ဘယ်အချိန် ပြန်ရမယ် ဆိုတာလည်း မသိသေးပါဘူး။ ရန်ကုန်မှာလည်း ဘယ်နေ့ ငတ်ပြတ်မယ်ဆိုတာလည်း မသိသေးဘူး။ ကိုယ့်ရွာကိုယ့်ဒေသကိုတော့ ဒီနေ့ရရင် ဒီနေ့ပြန်ချင်ပါတယ်" လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီစစ်ကြီးက ဘယ်နေ့ပြီးမှာလဲ။ ဘယ်သူကော ဒီစစ်ပွဲတွေ ရပ်အောင်လုပ်နိုင်မလဲ။ ဘယ်သူမှ တတ်အပ်မပြောနိုင်တဲ့ အခြေအနေအောက်မှာ မသူဇာတို့လို စစ်ဘေးရှောင်တွေရဲ့ ဘ၀အနာဂတ်က မသေမချာ မရေရာမှုတွေနဲ့ ဝေဝါးနေတယ်လို့ သူမက ပြောပါတယ်။
"မရေရာမသေချာတဲ့ ဘ၀မှာ ကျွန်မတို့ရဲ့ အနာဂတ်ဆိုတာ ဘာလဲ။ ကျွန်မတို့ လှပတဲ့ အိပ်မက်တွေကို ဘယ်နေ့ မက်ခွင့်ရှိမလဲ။ ကျွန်မတို့က အနာဂတ်အတွက် ကျွန်မတို့ လွတ်လပ်စွာ အိပ်မက် မက်ခွင့်ပြုကြပါ။ ဒီကနေ့ ခေတ်မှာ လူသားတိုင်းအတွက် လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်ရှင်သန်မှုတွေကို ဘယ်သူမှ မတားဆီးစေချင်တော့ဘူး"လို့ အဝေးတစ်နေရာကို ငေးရင်း မသူဇာ တစ်ယောက်ပြောဆိုပါတယ်။
စစ်ကြီးပြီးရင် အိမ်ပြန်ရမယ့်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတဲ့ မသူဇာတစ်ယောက် ကိုယ့်ရပ်ရွာလေးကို စစ်ပွဲတွေရပ်ပြီးနောက် အမြန်ပြန်နိုင်ပါစေလို့သာ........။