KIA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၃၀၀ ခန့် သိမ်းပိုက်ထား

KIA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၃၀၀ ခန့် သိမ်းပိုက်ထား

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ၃၀၀ ဝန်းကျင်လောက်ရှိပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ လက်ရှိအချိန်အထိ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်စခန်းကြီး/ငယ်ပေါင်းဟာ ၃၀၀ လောက်ရှိပြီဖြစ်တဲ့အပြင် အဲဒီအထဲမှာ ဆုတ်ခွာသွားတဲ့ တပ်စခန်းတွေပါ ပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"တစ်ချို့က သိမ်းတယ်ဆိုပေမဲ့ သူတို့ဟာသူတို့ တပ်ဆုတ်သွားတာလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်သိမ်းနိုင်တာ၊ ချုပ်ကိုင်လိုက်နိုင်တာ စစ်ကောင်စီတပ်စခန်း အားလုံးပေါင်းရင် အကြီးအသေး ၃၀၀ လောက်ရှိပြီ" လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီ အထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအချို့ကို မတ်လ ၇ ရက်နေ့ကနေ KIA ဘက်က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိုးစစ်ဆင်တဲ့နေ့ (မတ်လ ၇) ရက်နေ့ကစပြီး ဒီကနေ့အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်အပြင် KIA တပ်ဖွဲ့ကနေ တရုတ်- မြန်မာ တရားဝင် ကုန်သွယ်ရေးဂိတ်ရှိရာ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါ ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်းယန်မြို့၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော် အစရှိတဲ့ ဒေသတွေလို မြို့နဲ့ မြို့နယ်တွေကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဦးဇခုန်းတိန်းယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) ဒေသတစ်ခုလုံးကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ကချင်အထူးဒေသ (၁) ကို လုံးဝ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 လက်ရှိအချိန် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဘက်မှာ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့ မံစီအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့တာပါ။

ဗန်းမော်မြို့ဘက်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်မျက်နှာပြင်များတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတာတွေရှိသလို စစ်ကောင်စီဘက်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်တာတွေရှိနေတာကြောင့် စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

"ပစ်တဲ့ စစ်မျက်နှာပြင်များတဲ့အတွက် တစ်ချို့နေရာမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတာတွေရှိတယ်။ တစ်ချို့မှာ လက်နက်ကြီး၊ စနိုက်ဘာတွေနဲ့ ပစ်တာတွေရှိတယ်။ စစ်မျက်နှာပြင်များတော့ တစ်ချို့မှာ လက်နက်သံမမြည်ဘူး။ တစ်ချို့ဘက်မှာ လက်နက်သံမြည်တယ်။ စစ်ရေးတင်းမာနေဆဲလို့ ပြောလို့ရတာပေါ့" လို့‌ ပြောပါတယ်။

ဗန်းမော်မြို့ဘက် တိုက်ပွဲတွေ ပြင်းထန်နေချိန် ဒီဇင်ဘာလ (၈) ရက်နေ့မှာ တရုတ်အစိုးရကနေ ဖိတ်ခေါ်တဲ့အတွက် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တရုတ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံချိန် အပစ်အမြန်ရပ်ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးလုပ်ဖို့နဲ့ နယ်စပ်ဂိတ်ဖွင့်မယ့်အရေးတွေကို တရုတ်ဘက်က ဆွေးနွေးလိုက်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တရုတ်ဖိအားကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ အပစ်ရပ်ပြီး စစ်ကောင်စီတပ်နဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ အသီးသီးထုတ်ပြန်ထားကြပေမဲ့ KIA အနေနဲ့ လက်ရှိအခြေအနေအထိ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာကို တွေ့ရှိရပါတယ်။

January 17, 2025
မြစ်ကြီးနား - ပူတာအို ကားလမ်း ပုံမှန်ပြန်လည်သွားလာလို့ရကတည်းက ပူတာအိုမြို့တွင်းမှာ...
January 17, 2025
မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဂိတ်...
January 15, 2025
စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့  နိုင်ငံရေးအကျဉ်းသူ/သားတွေထဲမှာ ကလေးနဲ့အတူ...
January 7, 2025
ဝေးလံခေါင်ဖျားတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်ဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ...