နိုင်ငံအဝန်း ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် ကုမ္ပဏီများဘက်မှ တိုက်ရိုက်ရောင်းချသည့် စားသုံးဆီဈေးနှုန်း များ ကျဆင်းလာသော်လည်း စျေးကွက်တွင် အမှန်တကယ် ကျဆင်းခြင်း မရှိသေးဟု စားသုံးသူများ က ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များနှင့် စားသုံးဆီ လက်လီလက်ကား ရောင်းချနေ သော ဆိုင်များလည်း တက်ဈေးဖြင့်သာ ပေးဝယ်ထားရသည့်အတွက် လတ်တလော ဈေးချရောင်းနိုင်ခြင်း မရှိ သေးဘူးဟု ကုန်စုံဆိုင်ပိုင်ရှင်အချို့က ပြောသည်။
မြို့မဈေးထဲတွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အသက် ၅၀ အရွယ် ဈေးသည်အမျိုးသား တစ်ဦးက “လျှပ်စစ် ပစ္စည်း တွေကျတော့ ဒေါ်လာတက်ရင် လိုက်တက်၊ ဒေါ်လာကျရင် လိုက်ကျ လုပ်ဖို့လွယ်တယ်။ သူရဲ့ အရင်းက ဒေါ်လာ နဲ့တိုက်ရိုက် ဆက်စပ်တော့ အရှုံးမရှိဘူး။ အခြေခံစားသောက်ကုန်တွေကျတော့ မလွယ်ဘူး။ စားအုန်းဆီဆိုရင် တက်ဈေးနဲ့ ၁၂၀၀၀ ပေးပြီးဝယ်ရတယ်။ လက်ကျန်ကုန် ရှိနေသေးရင်လည်း ကျနော်တို့က တက်ဈေးနဲ့ ရောင်း ရတယ်။ လက်ကျန်ကုန် ပြတ်တဲ့အခါ ပြန်ဝယ်ရင် တက်ဈေးနဲ့ပဲ ဝယ်ရမှာလေ။ ကျပြီဆိုရင်လည်း ၁၂၀၀၀ ထက် လျော့ရောင်းလိုက်ရင် အရင်းထဲက ဆုံးရှုံးမှုဖြစ်ပြီ” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ နေကြာဆီအများဆုံး တင်ပို့သည့် ယူကရိန်းနိုင်ငံမှာ ရုရှားနှင့် စစ်ပွဲကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်း ထားရပြီး လတ်တလော ဈေးကွက်ထဲတွင်လည်း ပစ္စည်းပြတ်နေသောကြောင့် လက်ကျန် ကုန်ပစ္စည်းများ အနေဖြင့် တစ်ပိဿာလျှင် ၁၆,၀၀၀ ကျပ် ဝန်းကျင်ရှိနေပြီး ဈေးမကျနိုင်သေးဘူးဟု ပြည်ပစားသုံးဆီများကို ဒိုင်ခံဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦး က ပြောသည်။
အလားတူ ဟင်းသီးဟင်းရွက်ဆီနှင့် စားအုန်းဆီတို့မှာလည်း ကုမ္ပဏီများဘက်မှ ကျပ် ၈,၀၀၀ ဝန်းကျင်အထိ ဈေးချရောင်းပြီးဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဆိုင်ရှင်များမှာ တက်ဈေးဖြင့်သာ ဝယ်ယူနေရသည်ဟု ဆိုကာ ကျပ် ၁၀၀၀၀ ကျော်ဖြင့် ရောင်းနေရသည်ဟု ပြည်တွင်း ဆီဈေးကွက် အသိုင်းအဝန်းက ပြောသည်။
“ကိုယ့်မြို့မှာက မကျနိုင်သေးဘူး။ ပြောတော့ တက်ဈေးနဲ့ ဝယ်ထားလို့ပါတဲ့။ ဈေးတက်တုန်းကလည်း လက် ကျန်အပေါ် တက်ရောင်းကြတယ်။ အခုက ဆိုင်တွေ ချမပေးတာပါ။ ကုမ္ပဏီ တိုက်ရိုက်ဝယ်ရင် ကျဈေးနဲ့ ရ တယ်။ ဒါပေမယ့် တစ်လီတာဗူးလောက်နဲ့တော့ ကုမ္ပဏီက ပို့မပေးဘူးလေ။ သူဌေးတွေလို ကုမ္ပဏီတိုက်ရိုက် အများကြီး ဝယ်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်ရှိ အသက် ၅၅ နှစ်အရွယ် အိမ်ရှင်မတစ်ဦး က ပြောသည်။
စစ်ကောင်စီအစိုးရမှ အဓမ္မ ဒေါ်လာထိန်းချုပ်မှုကြောင့် ဩဂုတ်လအစအပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၄,၆၀၀ ကျပ်အထိ မြင့်တက်ခဲ့၍ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက် ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဩဂုတ်လလယ်ပိုင်းတွင် စစ်ကောင်စီက သွင်းကုန်များ ကန့်သတ်ထားပြီး ဒေါ်လာများကို ထိန်းချုပ်ထား မှုတို့ကြောင့် ဒေါ်လာဈေးမှာ ၃,၀၀၀ ကျပ်ခန့်အထိ ဆက်တိုက်ကျဆင်းလာကာ စားသုံးဆီဈေးနှုန်းမှာလည်း ကျဆင်းလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိ တောင်ကြီးမြို့ရှိ ဈေးကွက်တွင် စားသုံးဆီစျေးနှုန်းမှာ ကျဆင်းခြင်း မရှိသေးပဲ လက်ကား ကုန်စုံ ဆိုင် ကြီးများ၊ Ocean Center နှင့် ကုမ္ပဏီတိုက်ရိုက် ဝယ်ယူမှု စသည့်နေရာများတွင်သာ
အနည်းငယ်စျေးကျနေ သည် ဟု သိရသည်။
မြေပြင်စျေးကွက်တွင်မူ စားသုံးဆီစျေးနှုန်းမှာ ကျဆင်းခြင်း မရှိသေးပဲ တက်ဈေးဖြင့် ပေးဝယ်နေရခြင်းကြောင့် လုပ်လက်လုပ်စား အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက်
နေ့စဉ်နှင့်အမျှ အခက်အခဲများ ရှိနေသည်ဟု ဆိုကြသည်။
ထို့အပြင် ဆီကုန်သည်များအသင်းမှ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ တစ်ပိဿာကို ၅,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသည်များ ရှိသော်လည်း တန်းစီ၍ ဝယ်ယူရသည့်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် အခက်အခဲများနှင့် ကြုံနေကြသည်။