ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေ

ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေ

ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ၂၀၂၄ ခုနှစ်အတွင်း ပိုလုပ်လာခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းစတင်ကာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံမှာ ပြောင်းလဲလာပြီး အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်မှုများ လုပ်လာနေခြင်းဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှုး - ၂ ဦးဗညားက ပြောသည်။

"စစ်ကောင်စီကလည်း အရင်ကလို မဟုတ်တော့ဘူး။ ချက်ချင်းလာ ချက်ချင်းဗုံးကြဲပြီးမှ သွားတဲ့ဟာတွေ ကင်းထောက်တဲ့ သေချာထောက်ပြီးမှ ဗုံးကြဲတာတွေ၊ နောက်တစ်ခု တချို့နေရာတွေမှာ ရမ်းသမ်းပြီး ဗုံးကြဲတာတွေရှိတော့ ခန့်မှန်းရ တော်တော်ခက်ပါတယ်" ဟု ၎င်းကဆိုသည်။

ယခင်က စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများမလုပ်ခင် နှစ်ကြိမ်ခန့် ကင်းထောက်ပျံဝဲခြင်းများ ပြုလုပ်ပြီးမှ ကြဲချလေ့ရှိသောကြောင့် တိမ်းရှောင်ချိန်ရရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကဲ့သို့မဟုတ်တော့ကြောင်း ၎င်းကဆက်ပြောသည်။

၂၀၂၄ ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း လွိုင်ကော်အရှေ့ခြမ်းနှင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းနေရာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ခံစောတာအယ်စိုးက ပြောသည်။

"၂၀၂၄ နှစ်ကုန် ဒီဇင်ဘာလ နှစ်သစ်ကူးညမှာပေါ့နော်၊ ဒီဇင်ဘာလ ၃၁ ညမှာ လွိုင်ကော် အရှေ့ဖက်ခြမ်းမှာ တစ်ခါကြဲတယ်။ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ တစ်ခါကြဲတယ် နှစ်သစ်ကူးမှာပဲ။ ဒီးမော့ဆို အနောက်ဖက်ခြမ်းကို နောက်တခါလာကြဲတယ်။ နောက်ပြီးတော့မှ ဖယ်ခုံ၊ ပီကင်းမှာပေါ့နော်၊ ၃ ရက်နေ့တုန်းက နှစ်ခါလာကြဲတယ်။ စုစုပေါင်း အားလုံး ၇ ခါပေါ့နော်" ဟု ၎င်းက ပြောသည်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာထဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု စောတာအယ်စိုးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်ထဲက တိုက်ပွဲများဖြစ်ပွားခြင်း မရှိသည့်နေရာများ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်သော နေရာများနှင့် စစ်ရှောင်စခန်းများအား လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ပုံမှန်လုပ်ရပ်တခုကဲ့သို့ လုပ်လာသည်ဟု စောတာအယ်စိုးက ဆိုသည်။

“စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကတော့ ကျနော်တို့ပြည်နယ်မှာဆို မထူးဆန်းတော့ဘူးလို့တောင် ပြောလို့ရတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ဘက်က တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကရင်နီပြည်ထဲက မြို့နယ်တွေ စစ်ရှောင်စခန်းတွေ ရွာတွေကို တိုက်ခိုက်တာတော့ သူတို့ရဲ့ ထုံးစံလိုဖြစ်နေပြီ" စောတာအယ်စိုးက ပြောသည်။

ကရင်နီလူ့အခွင့်ရေးအဖွဲ့ KnHRG ၏ စာရင်းများအရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် အတွင်း သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၄၁ ဦး အထိရှိခဲ့သည်။

ထိခိုက်သေဆုံးသူများထဲ၌ ကလေးငယ်များ အများဆုံးပါဝင်ပြီး ၁၇ ဦး သေဆုံးခဲ့သည်။

ထို့အပြင် အမျိုးသမီး ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စုစုပေါင်းမှာ ၁၀၇ ဦးရှိခဲ့သည်ဟု KnHRG က ဆိုသည်။

ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်နေမှုများသည် ပြည်သူများအား အကြောက်တရားဖြင့် ခြိမ်းခြောက်ပြီး ရန်သူကဲ့သို့ သဘောထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ယက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောသည်။

"သူတို့ရဲ့ Mind sent ထဲမှာ လူတွေကို ကြောက်အောင်ခြောက်ဖို့ပေါ့နော် ဒါတစ်ခုဖြစ်မယ်။ ပြည်သူတွေက သူတို့ဘက်ကို ပြန်ပြီး ရပ်တည်လာအောင်ပေါ့နော်။ သူတို့ လုပ်နေကြသူတို့ရဲ့ ဗျူဟာဖြစ်တယ်။ ပြီးတော့ ပြည်သူကလည်း သူတို့ရဲ့ ရန်သူပဲလို့ အဲ့လိုမျိုး သတ်မှတ်လာတာ ရှိတယ်ပေါ့နော်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူထုအုံကြွမှု တအားကြီးမားတော့ သူတို့ကို လက်နက်ကိုင်ပြီးတော့ တော်လှန်တဲ့သူတွေ သူတို့ရန်သူပဲ ပြည်သူတွေလည်း သူတို့ရန်သူပဲ။ ဒါက သူတို့ရဲ့ သတ်မှတ်တဲ့ စံနှုန်းတစ်ခုပေါ့" ၎င်းကဆိုသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုများသည် စစ်ရာဇဝတ်မှုမြောက်ပြီး ထိုလုပ်ရပ်များအတွက် စစ်ကောင်စီအား အရေးယူနိုင်ရန် နိုင်ငံတကာကို တောင်းဆိုမှုများ လုပ်နေပြီဟု ၎င်းတို့က ပြောဆိုကြသည်။

၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ ကရင်နီပြည်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံ၊ မိုးဗြဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အရေအတွက်မှာ ၁,၇၆၅ ကြိမ်၊ အရပ်သားသေဆုံးမှု ၅၃၆ ဦး ရှိခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) အဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...