စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံ ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကျောက်ကြီးမြို့နယ် ပဒဲကောကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကြီး ပစ်ခတ်လိုက် သည့်အတွက် ဒေသခံများ ထိမှန်သေဆုံး ဒဏ်ရာရရှိခဲ့ကြသည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“၉ လပိုင်း ၂၉ ရက်နေ့ ညနေပိုင်းပေါ့ အဲမှာဘောကထာ စခန်းမှာ သူတို့ လက်နက်ကြီး ပစ်ချပြီးတော့ အဲမှာ ဒေ သခံ ပြည်သူ ၂ ဦး သေဆုံးတာ ထိခိုက်ဒဏ်ရာရတာ ၅ ဦး အဲဒါ ဘောကထာ တံတားဆိုတာ ပဒဲကော ကျေးရွာ ကျောက်ကြီးမြို့နယ်ပေါ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ပဒဲကောကျေးရွာပေါ့။ အဲဒီ ဘောကထာမှာ တပ်စခန်းတစ်ခုရှိတယ်။ ပြီးတော့ ဘောကထာ ဆိုတာ ကျောက်ကြီး ရွှေကျင်သွားတဲ့လမ်း အဲဒီ ပဒဲကောကျေး ရွာဆိုတာ အဲဒီကားလမ်းနဘေးမှာ ကားလမ်း နံဘေးမှာပဲလေ အဲမှာ လက်နက်ကြီးကျတော့ ပဒဲကောကျေးရွာ မှာ ဒေသခံ ၂ ယောက် ပွဲချင်းပြီးနဲ့ ၅ ဦး ဒဏ်ရာရတာပေါ့” ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာ တာဝန် ရှိသူက ပြောသည်။
ဒေသခံများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည့်အပြင် အချို့ မှာ ကြောက်လန့်ကာ တောထဲတောင်ထဲသို့ ထွက် ပြေးတိမ်းရှောင်နေရသည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှု ရေးရာအဖွဲ့ တာဝန်ရှိသူ က ဆက်ပြောသည်။
“အဲဒီကျေးရွာ အနီးအနားရော ပဒဲကောကျေးရွာကော သူက ရွာအကြီးကြီးပဲကို အဲကားလမ်းနဘေးက ပဒဲ ကောဆိုတဲ့ ရွာက ပဒဲကော မဘီကျေးရွာ မဘီကျေးရွာနဲ့ ပဒဲကောကျေးရွာပေါ့နော အိမ်ခြေ စုစုပေါင်း ၈၃၇ ပေါ့ လူဦးရေက ၄၀၇၇ သူတို့ကတောင်ခြေမှာဆိုတော့ ထွက်ပြေးရင်တော့ အပေါ်ပိုင်းမှာပဲ အဲဒီတောင်ပေါ် ဒေသတောထဲမှာပဲ နည်းနည်း အလှမ်းဝေးတဲ့ တောထဲမှာပဲ ပြေးကြတာပေါ့။”
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ စားဝတ်နေရေးကို အရပ်ဖက် လူမှုကူညီရေးအဖွဲ့များက ကူညီ ပေးကြသော်လည်း လိုအပ်မှုများစွာရှိသည်ဟု ဆိုသည်။
ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ပဒဲကော ကျေးရွာသည် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မ ဟာ ၃ နယ်မြေတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။
လက်ရှိတွင် KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်ရှိ၊ ကျောက်ကြီး နှင့် မုန်းမြို့နယ်များတွင် စစ်ကောင် စီ တပ်နှင့် KNU တပ်မဟာ ၃ တို့အကြား စစ်ရေးတင်မာနေပြီး တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားနေသည် ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာ တာဝန်ရှိသူ က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ နေ့ကလည်း စစ်ဘေးရှောင်ရာမှ ကျေးရွာအတွင်းသို့ ရိက္ခာ ပြန်လာယူသည့် ညောင်လေးပင်ခရိုင် မုန်းမြို့နယ် တောင်စုကျေးရွာမှ ဒေသခံ အမျိုးသမီး တစ်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့သည်။
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများကို လုပ် ဆောင်နေသည်သာမက ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာကနေ မောင်း ထုတ်ခြင်း၊ အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းအမျိုး မျိုးဖြင့် ကျူးလွန်လျက်ရှိသည်ဟု ဒေသ ခံများက ပြောသည်။
လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ညောင်လေးပင်ခရိုင်တွင် သေဆုံးသူ ဒေသခံ ၂၀ ကျော်ရှိသည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှုရေးရာအဖွဲ့က ပြုစုထားသည့် စာရင်းအရ သိရ သည်။