ပုသိမ်မြို့အတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့် မီးရထားလမ်းဘေးရှိ နေအိမ်များကို ဖျက်ခိုင်းသဖြင့် လူဦးရေ ၁၅၀၀ ကျော် အခက်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
အမှတ် ၆ ရပ်ကွက် နှင့် အမှတ် ၇ ရပ်ကွက် ရထားလမ်းဘေးရှိ နေအိမ် ၄၀၀ နီးပါးခန့်ကို စစ်ကောင်စီက ဖိအားပေး ဖျက်ခိုင်းသဖြင့် နေထိုင်သူ ၁၅၀၀ ခန့် အခက်အခဲတွေ့နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“မိုးထဲရေထဲ ဖျက်ပေးရတဲ့အပြင် လောလောဆယ် နေစရာက မရှိသေးဘူး။ ကလေးတွေ ကျောင်းတက် နေဆဲ ကာလဖြစ်နေတာရယ်၊ အလုပ်အကိုင်တွေက မကောင်းတာရယ်၊ ခေတ်ပျက်ကြီးထဲ ဒုက္ခပါပဲ” ဟု အိမ်ဖျက်ပေး ရသူ တစ်ဦးက ပြောသည်။
ရပ်ကွက်အနီးရှိ ဈေး၊ အလုပ်ရုံများ နှင့် ဆိပ်ကမ်းတို့ကို အားထားပြီး လုပ်ကိုင်စားသောက်ရသည့် အခြေအနေ များလည်း ပျက်ပြားသွားသည့်အတွက် ၎င်းတို့မှာ အခက်အခဲများ နှင့် တွေ့ကြုံနေရသည် ဟု အိမ်ဖျက်ပေးရ သည့် သူများက ပြောသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ ဝန်ထမ်း များအပြင် ဘိုဒိုဇာကားတစ်စီးနှင့် စည်ပင်အမှိုက်သိမ်း ဝတ်စုံ ဝတ်ဆင်ထားသူများ ပါဝင်သည့် အင်အား ၁၀၀ ခန့်က ရုတ်တရက် ရောက်ရှိလာပြီး အတင်းအကြပ် နေအိမ်များကို ဖျက်ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လာမည့် သီတင်းကျွတ် တန်ဆောင်မုန်းလအပြီးတွင် ဖယ်ရှားပေးကြရန်နှင့် ပြောင်းရွေ့နေထိုင်ရန် နေရာလည်း စီစဉ်ပေးမည်ဟု ပြောဆိုထားသည့် မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးမင်းမင်း ဆိုသူ အခြားသို့ ပြောင်းရွေ့ ခံရ ပြီးနောက် ဌာနဆိုင်ရာက ရုတ်တရက် ရောက်လာပြီး ဖျက်သိမ်းခိုင်းခြင်း ဖြစ်သည်။
“အားချင်းပဲ ဘိုဒိုဇာနဲ့ ဖျက်မယ် လာလုပ်လို့ ကိုယ့်ဘာသာကိုယ် ဖျက်ပြီး ယူသွားပါရစေ တောင်းပန်ပြီး ဖျက်နေ ကြတာပါ” ဟု အမှတ် ၇ ရပ်ကွက် က နေအိမ်နှင့် ဈေးဆိုင် အဖျက်ခံရသူ တစ်ဦး က ပြောသည်။
အမှတ် ၆ ရပ်ကွက် နှင့် အမှတ် ၇ ရပ်ကွက် အကြားက ထိုမီးရထားလမ်းအား အသုံးမပြုတော့သည်မှာ နှစ်ပေါင်း ၄၀ နီးပါး ကြာနေပြီ ဖြစ်ပြီး နေထိုင်သူများမှာ ၁၅ နှစ်ပါးရှိနေပြီဟု ထိုနေရာတွင် နေထိုင်သူ အသက် ၆၈ အရွယ် ဒေသခံတစ်ဦး က ပြောသည်။
ဖျက်သိမ်းခံရသည်သူများ အနက် အချို့မှာ နေအိမ် ငှါးရမ်းရန်၊ ဝယ်ယူရန် မတတ်နိုင်သဖြင့် မြို့အစွန်ရှိ အဆင် ပြေမည့် လမ်းနံဘေးတွင် ယာယီတဲများ ထိုးကာနေထိုင်ရန် စိတ်ကူးထားကြသည်ဟုလည်း ပြောကြသည်။
မီးရထားလမ်းဘေးတွင် နေထိုင်သူများကို ပြောင်းရွေ့ပေးရန် မြန်မာ့ မီးရထား ပို့ဆောင်ရေးလုပ်ငန်း တိုင်းအ မှတ်-၉ တာဝန်ခံက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ အတွင်း ၄ ကြိမ်တိုင် သတိပေးစာ ပို့ထားသည် ဟု ဒေသခံများက ပြောသည်။
၁၉၅၅ ခုနှစ်၊ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ (၃) အရ အခွင့်မရှိ ကျူးကျော် နေထိုင်သည့် အတွက် ထွက်ခွာရန် နို့တစ်စာရရှိပြီး သတ်မှတ်ရက်အတွင်း မထွက်ခွာပါက အင်အားသုံး နှင်ထုတ်မည်ဟု အဆိုပါ အကြောင်းကြားစာထဲတွင် ဖော်ပြထားသည်ဟု ဒေသခံများက ပြောသည်။