လူ ငါးယောက်ထက် ပိုမထွက်ရသည့် ညမထွက်ရအမိန့် ရက် ထပ်မံတိုးထားသည်ဟု မြိတ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာ နက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်ထဲတွင် မြိတ်မြို့နယ်အတွင်း လူ ၅ ဦး (သို့မဟုတ်) ၅ ဦးထက်ပို၍ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီး ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများကို မပြုလုပ်ရန် ဖေါ်ပြထားသည်။
မြိတ်မြို့သစ် စက်ဝင်းရပ်နေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “အမိန့်ကတော့ သူတို့က အမျိုးမျိုး ထုတ် ချင်သလို ထုတ်နေကြတာ။ ဘာမှထူးမလာဘူး။ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေတာ ပြန်ကြည့်ထိန်းပေးတာ ဘာမှမရှိဘူး။ လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း မရဘူး” ဟု ပြောသည်။
အဆိုပါ အမိန့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စက်တင်ဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ် ပြန်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ထို့အပြင် မြိတ်မြို့အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မ ဟုတ် အများပြည်သူ နှင့် ဆိုင်သော နေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ညမထွက်ရန် ထုတ်ပြန်ချက်အပေါ် နောက်ထပ် အမိန့်တစ်စုံတစ်ရာ မရမချင်း အတည် ဖြစ်စေရမည်ဟုလည်း ထည့်သွင်းရေးသားထားသည်။
မြိတ်မြို့နယ်အတွင်း ယခင်က ညမထွက်ရ အမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားခဲ့ရာမှ ပြီးခဲ့ သည့် မေလအတွင်းက စတင်၍ ည ၁၂ နာရီအချိန် မှ နံနက် ၄ နာရီအထိ ဖြေလျှော့သတ်မှတ်ခဲ့သည်။
မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းများ အပြင် ခရီးသွား ပြည်သူ များအား ဖမ်းဆီးစစ်ဆေးခြင်း၊ ညဘက်ပြည်သူများ အိပ်စက်ချိန်များတွင် သေနတ် ပစ်ဖောက် ခြောက်လှန့် ခြင်းများကိုလည်း နေ့စဉ်ပြုလုပ်လျက်ရှိနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။