ခြောက်လအတွင်း ရိုဟင်ဂျာ ၁၀၉ ဦးကို ထောင်ဒဏ် အပြစ်ပေး

ခြောက်လအတွင်း ရိုဟင်ဂျာ ၁၀၉ ဦးကို ထောင်ဒဏ် အပြစ်ပေး

ဧရာဝတီတိုင်းတွင် ဧပြီလမှ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဖမ်းထားသည့် ရိုဟင်ဂျာ ၅၀၀ ကျော် အနက် ၁၀၉ ဦးကို စစ်ကောင်စီ လက်အောက်ခံ တရားရုံးများက လဝက ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ်စီချ လိုက် သည်ဟု တရားရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပုသိမ်၊ ရေကြည်၊ ကြံခင်း၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငရုတ်ကောင်း၊ ဘိုကလေး၊ ကျိုက်လတ် စသည့် မြို့နယ် အသီးသီးတွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ စုစုပေါင်း လူဦးရေ ၅၀၀ ကျော် ရှိနေ သည်။

အဆိုပါ ရိုဟင်ဂျာများအနက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က ဝါးခယ်မမြို့ တရားရုံးက ၅၆ ဦး နှင့် ရေ ကြည်မြို့ တရားရုံးက ဇွန်လ ၁၇ ရက်နေ့ က ၅၃ ဦး တို့ကို လဝက အက်ဥပဒေ ပုဒ်မ-၆ (၃) ဖြင့် ထောင် ၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

“တရားရုံး ကြားနာ စစ်ဆေးမှုက အကျဉ်းချုံး စစ်ဆေးပြီး တစ်လအတွင်း အမိန့်ချလိုက်တာပါ။ ဒါပေမယ့် အပြစ် ဒဏ်က များတယ်” ဟု အငြိမ်းစား ဥပဒေအရာရှိဟောင်း တစ်ဦးက ထောက်ပြသည်။

အဆိုပါ ဥပဒေသည် အကျဉ်းချုံး စစ်ဆေးကြားနားရာမှာ တရားလို၏ စွပ်စွဲတင်ပြချက်အရ တရားသူကြီးက စစ်ဆေး မေးမြန်းပြီး အဖမ်းခံ ရိုဟင်ဂျာများက အပြစ်ရှိကြောင်း ဝန်ခံပါက ထောင်ဒဏ် ၆ လ သာ အပြစ်ဒဏ် ချမှတ်ရသည့် ကျင့်ထုံး၊ စီရင်ထုံး ရှိဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးခံထားရသည့် အဆိုပါ ရိုဟင်ဂျာ ၁၀၉ ဦးကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ (လဝက) ဥပဒေ ပုဒ်မ-၆ (၃) ဖြင့် ထောင်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။

ထိုဥပဒေမှာ ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါ အက်ဥပဒေသည် နိုင်ငံအတွင်းနေထိုင်သူများအား မှတ်ပုံ တင်ရန် ပြဋ္ဌာန်းထားသည့် ယေဘုယျဥပဒေ ဖြစ်သည်။ ထိုဥပဒေအရ မှတ်ပုံတင်၌ မမှန်ကန်သော အချက်ကို ဖော်ပြခြင်း၊ ကာယကံရှင် မဟုတ်သူကို ကိုင်ဆောင်စေခြင်း၊ ဆင်တူယိုးမှား ကတ်ပြားကို ကိုင်ဆောင်ခြင်း စသည့် ပြစ်မှုများအတွက် ပုဒ်မ-၆ (၃) တွင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို အလုပ်ကြမ်းဖြင့် ဖြစ်စေ၊ အလုပ်မဲ့ဖြင့် ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဝါးခယ်မမြို့ တရားရုံးက အမိန့်ချလိုက်သည့် ရိုဟင်ဂျာများမှာ သြဂုတ်လ တတိယပတ် အတွင်းက ဝါးခယ်မ မြစ် အတွင်း ဖမ်းဆီးခံရပြီး၊ ရေကြည်မြို့ တရားရုံးက အမိန့်ချလိုက်သည့် ရိုဟင်ဂျာများမှာ မေလ ဒုတိယပတ်အတွင်း ရေကြည်-ငသိုင်းချောင်း-ဂွကားလမ်းရှိ ရေနံသာဂိတ်တွင် ဖမ်းဆီးခံရသူများ ဖြစ်သည် ဟု သိရသည်။

ဧရာဝတီတိုင်း၌ ရိုဟင်ဂျာများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း လူကုန်ကူးပွဲစားများ ကို ထိထိရောက်ရောက် အရေးယူမှု နည်းပါးသည်ဟု ဧရာမြန်မာ မူဆလင်ကွန်ရက် အဖွဲ့ဝင်တစ်ဦး က ပြောသည်။

“ပွဲစားက သူတို့ကို ရန်ကုန်ကနေ တစ်ဆင့် မလေးရှားကို အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး ငွေယူပြီး ခေါ် လာ တယ်။ ပြီးတော့ ထွက်ပြေးသွားတယ် ဖမ်းမမိဘူး” ဟု ဧရာမြန်မာ မူဆလင်ကွန်ရက် အဖွဲ့ဝင်တစ်ဦး က ပြော သည်။

ယခု ထောင်ဒဏ် ၂ နှစ်စီ ချခံရသည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော နှင့် ရခိုင်ပြည် နယ်မြောက်ပိုင်း ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကာ ရခိုင်ဒေသအတွင်း လုပ်ကိုင်စားသောက်ရန် ခက် ခဲ၍ အလုပ်အကိုင်နှင့် နေရာသစ်အတွက် မွေးရပ်မြေတို့ကို စွန့်ခွာလာသူများဖြစ်သည် ဟု သိရသည်။

ရိုဟင်ဂျာများအား ငွေကြေးယူ၍ သယ်ယူ ပို့ဆောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့အပြင် ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်း အကြား စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသည့် ဝန်ထမ်းအချို့လည်း ပါဝင်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယခုနှစ် သြဂုတ်လ ၇ ရက်နေ့ က အမှတ် (၁) ယာဉ်သိုလှောင်ရေး တပ်ရင်း (မင်္ဂလာဒုံ) မှ တပ်ကြပ်ကြီး ကျော် ကျော်မျိုး၊ တပ်သား သူရစိုး၊ တပ်သား အောင်မျိုးထွန်း နှင့်အရပ်သား ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၃ ဦးတို့က ရခိုင်ပြည်နယ်ဘက်က ရိုဟင်ဂျာ အယောက် ၄၀ ဦးခန့်ကို သယ်ဆောင်ရန် ချိတ်ဆက်နေစဉ် ဧရာဝတီတိုင်း ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့ နယ် အကြား တောလမ်းတွင် ဒေသခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ဖူးသည်။

ဓါတ်ပုံ - ပုံဟောင်း

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...