ကျေးရွာတစ်ခု၏ အဝင်ဝတွင် ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ပျူစောထီး အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သဗျာကျေးရွာထိပ်ရှိ မြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးတွင် ပျူစောထီး အဖွဲ့၏ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ ပျူစောထီးများ လိုက်ပါလာသည့် ယာဉ်တန်းတွင် အံစာတုံးကားတစ်စီး၊ Vigo ကားတစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ပါဝင်ပြီး ပေါက်ကွဲအား ပြင်းထန်သည့် မိုင်းနှင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ် သည်ဟု သိရသည်။
“ဝုန်း ဆိုတဲ့ မိုင်းကွဲသံက တော်တော်ကြမ်းတယ်။ ကားတစ်စီးလည်း ကားဘီးတွေတောင် ပေါက်သွားပြီး ဆက် မောင်းလို့ မရအောင် ပျက်စီးသွားတယ်” ဟု အသက် ၄၀ ခန့်အရွယ် ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။ သြဂုတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ပျူစောထီးယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရခြင်းကြောင့် တစ်ဦး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေအထိ ဒဏ်ရာရရှိသွားပြီး နောက်တစ်ဦးမှာလည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ကို တွေ့မြင်ရသည်ဟု သဗျာရွာသားတစ်ဦးက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီး ခဏအကြာတွင် လောင်းလုံးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးဝန်း ကျင်ကိုလည်း ရမ်းသမ်းကာ သေနတ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသူတွေကို ညနေ ၅ နာရီခန့်တွင် အရေးပေါ် လူနာတင်ကားဖြင့် ထားဝယ်မြို့ကို ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။
အလားတူ သြဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင်လည်း ထားဝယ် -လောင်းလုံး လမ်းပိုင်း တနေ ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီး
မိုင်းဆွဲတိုက်ခိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။
ဩဂုတ်လ ၂၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dawei Defence Team-DDT တပ်ခွဲတပ်ခွဲ (၃) ထားဝယ်-ပကဖနှင့် PLA အထူး စစ်ဆင်ရေး အဖွဲ့ မှ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူလူထုများနှင့် လုံးဝ မသက်ဆိုင်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် DDT အဖွဲ့က သတင်း ထုတ်ပြန် ထားသည်။
ထို့အပြင် လောင်းလုံးမြို့အဝင် ဆိုင်းဘုတ်နေရာသည်လည်း ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး အဖွဲ့၏ ယာဉ်တန်းများ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် ပစ်ခတ်ခံရခြင်းများ ရှိခဲ့သည့် နေရာတစ်ခု ဖြစ်သည်။