လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးကို ထိုင်းဘုရင်ရဲ့ အမိန့်နဲ့ အမှုကို ဖျက်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းပို့စ် တစ်ခုကို Thein Tun ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဩဂုတ်လ ၂၈ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်မြောက်တယ်ဆိုတဲ့ သတင်းပို့စ်ကို စစ်တပ်လော်ဘီ Kyaw Swar ရဲ့ Telegram အကောင့်မှာလည်း ဩဂုတ်လ ၂၉ ရက်နေ့ ဒီကနေ့မှာ တင်ထားတာကိုလည်း တွေ့ရပါတယ်။
Kyaw Swar က “ဒေါ်စုတို့ NLD အစိုးရ ကာလက ပစ်ထားခဲ့တဲ့ အချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီးမြထွန်းဦး (ညှိုနှိုင်းကွပ်ကဲရေးမှူး) ကိုသွားရောက် တွေ့ဆုံညှိနိူင်းအကူအညီပေးခဲ့သော လိပ်ကျွန်း လူသတ်မှု စွတ်စွဲခံရသော ရခိုင်တိုင်းရင်းသားပြည်သူ ၃ ဦး လွတ်မြောက်လာပြီ ဖြစ်ကြောင်း ကနဦးသတင်း ရရှိပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးတင်ထားတာကို တွေ့ရပါတယ်။ အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုကို ထိုင်းအစိုးရက ဖျက်သိမ်းတာ မရှိသလို လွတ်ငြိမ်းခွင့် ပေးတယ်ဆိုတာကလည်း မဟုတ်လို့ပဲ ဖြစ်ပါတယ်။
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်ငြိမ်းခွင့်ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမှုကို ကူညီလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က ဦးထူးချစ်က အဲဒီသတင်းဟာ သတင်းအမှားဖြစ်တယ်ဆိုတာကို သူရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ဩဂုတ်လ ၂၈ ရက်နေ့ ညက ရှင်း လင်းရေးသားထားတာကို ကြည့်ရင် သိနိုင်ပါတယ်။
သတင်းအမှား ဖြစ်တယ်ဆိုတဲ့ အကြောင်းကို FED က ဦးထူးချစ်ရဲ့ ရှင်းလင်းရေးသားချက်ကို ဒီမှာ https://bit.ly/3TozhNn ဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။
ဒါ့အပြင် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုကို ထိုင်းအစိုးရက ဖျက်သိမ်းပြီး လွတ်ငြိမ်းခွင့် ပေးတယ်ဆို တာ မှန်တယ်ဆိုရင် သတင်းဌာနတွေက သတင်းရေးသားကြမှာဖြစ်ပေမယ့် အခုအချိန်အထိ ဘယ်သတင်း ဌာန ကမှ သတင်းရေးသားထုတ်လွှင့်ထားတာကို မတွေ့ရသေးပါဘူး။
ဒါကြောင့် အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာ Thein Tun နဲ့ Kyaw Swar တို့က လက်ရှိ နိုင်ငံရေး အခြေအနေ ကိစ္စရပ်တွေကနေ ပြည်သူတွေကို အာရုံလွှဲသွားအောင်၊ စိတ်မဝင်စားအောင်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ရေးတင်ထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
Thein Tun ဆိုသူ တင်ထားတဲ့ သတင်းပို့စ်ကိုပဲ Facebook သုံးစွဲသူ တော်တော်များများက Copy ကူးပြီးတော့ ပြန် ပြီး ရေးတင်ထားတာကိုလည်း တွေ့ရသလို လက်ရှိ အချိန်အထိ ကြိုက်နှစ်သက်သူ၊ သဘောထား မှတ်ချက် ပေး သူနဲ့ ထပ်ဆင့်ဖြန့်ဝေသူ ၁၀၀၀ ကျော်အထိ ရှိနေတာကို တွေ့ရပါတယ်။
ဒီလို နိုင်ငံရေး မတည်မငြိမ်ကာလမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေအပြင် လူထုကို ထိတ်လန့်တ ကြားဖြစ်စေမယ့် သတင်းအမှားတွေကိုလည်း ဖြန့်ဝေနေသူတွေရှိပါတယ်။ သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကို လည်း တွေ့ရပါတယ်။
ဒါ့အပြင် လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက် ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင် စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်း အမှားတွေအပြင် လူမျိုး တစ်မျိုးနဲ့ တစ် မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည် ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေကနေ သတင်း တွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည် စိတ် ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။