ဆဒုံး စစ်ရှောင်များ အကူအညီ လိုအပ်

ဆဒုံး စစ်ရှောင်များ အကူအညီ လိုအပ်
ဓါတ်ပုံ - The Kachin Net
ဓါတ်ပုံ - The Kachin Net

ကချင်ပြည်နယ်၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းပေါ်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြားက တိုက်ပွဲကြောင့် ဒေသခံ ၄၀၀ ကျော်ခန့် ဆဒုံးမြို့ရှိ နေရာသုံး နေရာတွင် စစ်ဘေးရှောင်နေကြပြီး အရေးအပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဆဒုံး စစ်ဘေးရှောင်များသည် တိုက်ပွဲများကြောင့် ရွာမှ ထွက်ပြေးလာသည်မှာ တပတ်ရှိပြီဖြစ်ပြီး လက်ရှိတွင် စစ်ရှောင်များအတွက် စားဝတ်နေရေးပိုင်း လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင်များအား ကူညီနေပေးနေသူ တစ်ဦးက ပြောသည်။

“ဒီဘက်က စားဝတ်နေရေးပဲ။ ဘာကြောင့် ဆိုရင် ဗြုန်းကနဲထားခဲ့ရတာဆိုတော့ ဘာမှ ယူခဲ့လို့ မရတာမျိုးဆို တော့ စားဝတ်နေရေးပေါ့။ ရေရှည်အတွက်တော့ Shutter တွေလိုမယ်။ ဒါပေမယ့် စစ်က ဘယ်လောက်ကြာ မယ်ဆိုတာ မပြောတတ်ဘူး။”

ဝိုင်းမော်-ကန်ပိုက်ဆီ လမ်းမပေါ်က အင်ဝမ့်ကောင်ကျေးရွာနားတွင် စစ်တပ်နှင့် KIA တို့အကြား ဩဂုတ် လဆန်း ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ကျေးရွာများက ရွာသားများသည် ဆဒုံး KBC ဘုရားကျောင်း၊ လီဆူဘုရား ကျောင်းနှင့် လီဆူဘော်ဒါဆောင်နေရာတို့တွင် စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။

ဆဒုံးဒေသခံတစ်ဦးက “ဆဒုံးနှစ်ခြင်း ကချင်နှစ်ခြင်း အသင်းတော်မှာ တဖွဲ့ပေါ့။ ပြီးရင် မြန်မာနိုင်ငံ လီဆူ ခရစ် ယာန်အသင်းရဲ့ ဘော်ဒါမှာ ဟုတ်တယ်။ အဲ့မှာရော တဖွဲ့ အဲ့လိုမျိုးပေါ့။ နောက်တစ်နေရာက ဒီ အထက်မြန်မာ ပြည် လီဆူခရစ်ယာန်ရဲ့ ဘော်ဒါနဲ့ ဘုရားကျောင်းဝန်းမှာ။ လူဦးရေက ခန့်မှန်းခြေတော့ ၅၀၀ ပတ်ဝန်းကျင် တော့ ရှိမယ်ထင်တယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် အင်ဝမ်ကောင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဩ ဂုတ်လ ၂ ရက်နေ့ က သွားရောက် တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဩဂုတ်လ ၃ ရက်နေ့တွင် စစ်ကူ လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဝိုင်းမော်-ကန်ပိုက်တိလမ်းပေါ်ရှိ ဘွမ်တောင်ကျေးရွာနားတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်က ဒုတပ်ရင်းမှူး အပါအဝင် တပ်သား ၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့ စတင်ပြီး ဖြစ်ပွားလာသည့် ထိုတိုက်ပွဲများသည် ဩဂုတ်လ ၇ ရက်နေ့အထိ သေနတ်သံများ ကြားနေရ သေးသည်ဟု ဒေသခံများက ဆိုသည်။

“ဆက်ဖြစ်နေလားဆိုတော့ ဆက်ဖြစ်နေတယ် ဆရာမ။ လွန်ခဲ့တဲ့ အင်္ဂါနေ့က ဖြစ်တာ စဖြစ်တာ။ အင်္ဂါနေ့မှာက ဒီတောဘက်က KIO က လမ်းပေါ်မှာ နေရာယူလိုက်တာပေါ့။ အဲ့ကနေစဖြစ်တာ။ ဒီဝိုင်းမော်နဲ့-ဆဒုံး-ကန်ပိုက် တီ သွားလမ်းပေ့ါ။ လမ်းမပေါ်မှာရှိတယ်။ ဝိုင်းမော်ကနေ မိုင် ၃၀ အဲ့လောက်ပတ်ဝန်းကျင်မှာ ရှိတဲ့ရွာပေါ့နော်။ အင်ဝမ့်ကောင်တဲ့” ဟု ဆဒုံးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် KIA တပ်ရင်း ၃ လက်အောက်ခံ တပ်များက ဆဒုံးရေတံခွန်နားတွင် တပ်စွဲထားသည်ဟု ဒေသခံ များ က ပြောသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲ ဇူလိုင်လ ဒုတိယပတ်ခန့်မှ စတင်ပြီး KIA နှင့် စစ်တပ်တို့ အကြား တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှ ယခုတွင် ဆဒုံးမြို့နယ်ဘက်အထိ ဖြစ်ပွားလာ နေခြင်း ဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...