စက်ယန္တရားကြီးများနှင့် ရွှေအလွန်အကျွံတူးဖော်မှုများကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက မြန်မာ နိုင်ငံ၏ အကြီးဆုံး သဘာဝအင်းကြီးရှိသည့် အင်းတော်ကြီးအိုင်နေရာသည် တိမ်ကောလာပြီး ထိခိုက်ပျက်စီး မှုများ ပိုများလာနေသည်ဟု ဒေသခံများက ပြောသည်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် စစ်တပ်က အာဏာသိမ်းနောက်ပိုင်း စက်ယန္တရားကြီးများနှင့် တရား မဝင် ရွှေတူးဖော်မှုများ ပိုများလာနေခြင်းဖြစ်ပြီး ထိုသို့တူးဖော်နေမှုများကြောင့် အင်းတော်ကြီးအိုင် ထိခိုက် ပျက်စီးမှု များလာနေသည် ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။
“ဘက်ဟိုး ယန္တရားနဲ့ အဓိက မိုင်းနောင်၊ မမုံကိုင်၊ နတ်မီးလောင်၊ ညောင်ပင်ပေါ့ အဲ့ဒါတွေက ရွှေလုပ်ငန်းကို အဓိ က တူးဖော်နေတာ ဖြစ်တယ်။ အင်းတော်ကြီးရဲ့ အင်းကန်ကို အဓိက အန္တရာယ်ပြုတာကတော့ မမုံကိုင် ကျေးရွာ အုပ်စု မမုံကိုင်နဲ့ မိုင်းနောင်ပေါ့။ ရွှေမှော်က တဆက်တဆက်တည်း ဖြစ်နေတာ။ အခုဆိုရင် ဘယ် လောက်ထိ ဖြစ်နေလဲဆိုရင် ဒီအင်းကို ပျက်စီးစေတာက တမျိုး၊ ပြီးရင် ရွာနားအထိ တုံကင်ရေတို့ ဘာတို့အထိ ရွှေကြော ဝင်ပြီးတော့လေ လောဘသားတွေဆိုတော့ အခုလည်းသူတို့ ကတ္တရာလမ်းကို ကျော်လို့မရလို့ နေ ထားတယ် မမုံကိုင် ဆိုရင်ပေါ့။”
စက်ယန္တရားကြီးများ၊ ဘတ်ဟိုးကြီးများနှင့် ရွှေတူးဖော်နေမှုများကြောင့် အင်းတော်ကြီးအိုင်ထဲ ရွှံ့နွံများ စီးဝင် ကုန်သည့်အပြင် ရွာများထဲအထိ ရွှေကြောလိုက်ပြီး တူးနေကြခြင်းကြောင့် ရေတွင်း၊ ဘုံဘိုင်(တုံကင်) များထဲ ရွှေတူးသည့်နေရာမှ ထွက်လာသည့် ရွှံ့များဝင်ကုန်ပြီး သောက်သုံးရေပါ အခက်အခဲလာနေသည်ဟု သိရသည်။
မမုန်ကိုင်ကျေးရွာက ဒေသခံတစ်ဦးက “နတ်မီးလောင်နဲ့ ညောင်ပင်ကြတော့ သူ့ရေက ရေလွှဲက တာမခံ ဟောင် ပါးဘက် ထွက်သွားတယ်။ အင်းတော် ကြီးကို လာဒုက္ခမပေးဘူး။ ညောင်ပင်ကြတော့ ဒီမပြင်တို့ကြတော့ အင်း တော်ကြီးကို ရေစီးတဲ့ချောင်းသွား ဖြစ် တာပေါ့။ အင်းတော်ကြီးကို အန္တရာယ်ဖြစ်စေတာပေါ့။ နှုန်းတင်မြေနု ဖြစ်စေတယ်။ မမုံကိုင်၊ မိုင်းနောင်ဆိုရင် တော့ အင်းတော်ကြီးကို အန္တရာယ်ဖြစ်စေတာပေါ့။ ကောစေတာပေါ့” ဟု ပြောသည်။
အင်းတော်ကြီးဒေသတွင် ရေတွင်း၊ အိမ်သာတွင်းများ တူးရင်လျှင်ပင် ရွှေထွက်နေခြင်းကြောင့် စက်ယန္တရားကြီး များသုံး၍ တူးပါက ရွှေများ ပိုရနေသည့်အတွက် အများစု တပိုင်တနိုင်တူးနေရာမှာ စက်ယန္တရားကြီးများနှင့် ရွာပြင်မှ လက်ရှိတွင် ကျေးရွာများအထဲထိ ဝင်ရောက်တူးဖော်နေကြခြင်း ဖြစ်သည်။
“ရေတွင်းတူတာတို့၊ အိမ်သာတူးတာတို့ မမုန်ကိုင်ရွာဆိုရင် ဒီတိုင်းတူးလိုက်တာနဲ့တောင် နဂိုထွက်တယ်လေ။ သူ ကတော့ စီးပွားဖြစ်တော့ မဟုတ်ဘူး။ ယန္တရားနဲ့ဆိုရင်တော့ များများလုပ်နိုင်ရင်တော့ ပိုထွက်တာရှိတယ်။ ရွှေ ကြောကလည်း ဒီရွာထဲတင် ဝင်လာတာလေ။ မိုင်းနောင်ဆိုလို့ရှိရင် ရွာနားဆိုရင် ခြံစည်းရိုးကပ်တဲ့အထိ လုပ်နေ ကြတာလေ။ အရင်က ပစ်ထားတဲ့ကျင်းတွေနော်။ အရင်တုန်းက ယန္တရားအငယ်လေးတွေနဲ့ လုပ်တယ်။ ယန္တရား အကြီးနဲ့က အအောက်ကိုထပ်နှိုက်လေ ထပ်ရလေ ဖြစ်တာ” ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။
အင်းတော်ကြီးဒေသက တရားမဝင် စက်ယန္တရားကြီးများသုံးပြီး ရွှေတူးဖော်နေမှုများနှင့် ပတ်သက်၍ အင်းတော် ကြီး ဒေသခံများနှင့် အင်းတော်ကြီး ဇီဝနေမြေကို ထိမ်းသိမ်းသည့် အဖွဲ့တာဝန်ရှိသူများ က တားမြစ်နေသည့် ကြားမှ စက်ယန္တရားကြီးများ အလုံးရေ ၅၀ မှ ၁၀၀ လုံး၊ အလုံး ၁၀၀ မှ အလုံး ၂၀၀၊ အလုံးရေ ၂၀၀ မှ ရာကြီး ပိုင်းအထိ တိုးလာနေသည်ဟု ဒေသခံများက ပြောသည်။
အင်းတော်ကြီးဒေသတွင် ယခုနှစ်အတွင်း ရွှေလုပ်ကွက် ၂၀၀ ထက်မနည်းရှိနေပြီး လုပ်ကွက်တစ်ခုတွင် စက် ယန္တရားကြီး ဘတ်ဟိုး ၅ စီး အနည်းဆုံးသုံးပြီး ရွှေတူးဖော်နေကြခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက် များအရ သိရသည်။ အဆိုပါ လုပ်ကွက်များမှာ တရားမဝင်လုပ်ကွက်များသာ ဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ တရားမဝင် ရွှေတူးဖော်မှုများနှင့် ပတ်သက်၍ အစိုးရဌာနဆိုင်ရာကို အကြိမ်ကြိမ် တိုင်ကြား ထားသော် လည်း မည်သူကမှ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် စီးပွားရေးသမားများက တူးမြဲအတိုင်း ဆက် တူးနေကြသည်ဟု သိရသည်။
UNESCO ၏ ဇီဝအဝန်းအ၀ိုင်းနယ်မြေ (UNESCO Biosphere Reserve) အဖြစ် ၂၀၁၇ ခုနှစ်တွင် စတင်ပြီး စာ ရင်းသွင်းထားသည့် အင်းတော်ကြီး ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသသည် စက်ယန္တရားကြီးများ အလွန်အကျွံ အသုံးပြုပြီး တူးဖော်နေကြသည့် ရွှေလုပ်ငန်းများကြောင့် ပျက်စီးနေပြီဟု ဒေသခံများက ဆိုသည်။