ဧရာဝတီတွင် ဒရုန်းများ လိုက်လံ သိမ်းဆည်း

ဧရာဝတီတွင် ဒရုန်းများ လိုက်လံ သိမ်းဆည်း

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူအချို့၏ လက်ဝယ်တွင်ရှိနေသည့် ကိုယ်ပိုင် ဒရုန်း များကို စုံစမ်း သိမ်းဆည်းနေသည် ဟု ဒေသခံများက ပြောသည်။

တိုင်းအတွင်း မြို့နယ်အသီးသီးက ပြည်သူများကို ဒရုန်း လက်ဝယ် မထားရှိရန်နှင့် လက်ဝယ်ရှိသူများအား အနီး ဆုံး အုပ်ချုပ်ရေး အဖွဲ့ထံ လာရောက်အပ်နှံရန် ကြေညာပြီးနောက် ရှာဖွေ သိမ်းဆည်းနေခြင်း ဖြစ်သည်။

“အဲ့ဒီပစ္စည်း ရောင်းတဲ့ဆိုင်တွေနဲ့ ဗွီဒီယို ဓာတ်ပုံရိုက် လုပ်ငန်း လုပ်ကိုင်သူတွေကို ပစ်မှတ်ထားရှာဖွေတယ်။ တာ ဝန်သိသိ လာအပ်ရင်တော့ တစ်စုံတစ်ရာ အရေးမယူဘူး” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြော သည်။

လက်ရှိတွင် ဟင်္သာတ၊ မအူပင်၊ ဖျာပုံ နှင့် ပုသိမ်မြို့များရှိ ဝါသနာအရ၊ လုပ်ငန်းအရ ဒရုန်း လက်ဝယ်ရှိသူ အချို့ က အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံမှုများရှိနေပြီး တစ်တိုင်းလုံး အနေဖြင့် ဒရုန်း ၁၄ စီး အပ်နှံထားပြီးပြီ ဟု အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ပုသိမ်မြို့တွင် အခန်းအနား ဖွင့်ပွဲနှင့် အလှူအတန်းများတွင် ဒရုန်းဖြင့် ဗွီဒီယို ဓာတ်ပုံ ရိုက်ကူးခဲ့ဘူးသည့် သူများကို လည်း စစ်ကောင်စီ၏ သတင်း တပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်း၍ ခေါ်ယူစစ်ဆေးခဲ့သည် ဟု မြို့ခံအချို့က ပြော သည်။

ဇူလိုင်လ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့ ညပိုင်းတို့တွင် ဟင်္သာတ မြို့မရဲစခန်းပေါ်၌ ဒရုန်းပျံသန်းမှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ လိုက်လံသိမ်းဆည်ခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

“အဲ့ဒီနေ့က ည (ဇူလိုင် ၂၆ ရက်နေ့) ခရိုင်၊ ရဲ ရုံးအနားနဲ့ မြို့မရဲစခန်း အနားမှာ ဗုံးတွေ ပေါက်တော့ စစ်သားတွေ ရော ရဲတွေရော ကြောက်ပြီး မိုးပေါ်ကို သေနတ်နဲ့ ရမ်းသမ်း ပစ်ကြသေးတယ်” ဟု ဟင်္သာတ မြို့ခံတစ်ဦး က ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် (Drone Law) ဒရုန်းနှင့် ပတ်သက်သည့် ဥပဒေ အပြစ်ဒဏ် မရှိသေးဘဲ ဒရုန်းပျံသန်း အသုံးပြုသူများ လိုက်နာရန် စည်းမျဉ်းစည်းကမ်းသာ ရှိသည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA)က ထုတ်ပြန်ထားချက် အရ သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာက နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦများကို ခွင့်ပြုချက် မယူပဲ ဒရုန်းဖြင့် ရိုက်ကူးခဲ့သည့် နိုင်ငံခြားသား သတင်းထောက် နှစ်ဦး၊ မြန်မာဓါတ်ပုံ သတင်းထောက်တစ်ဦး၊ ယာဉ်မောင်းတစ်ဦး တို့ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

၎င်းတို့ ၄ ဦး ကို သွင်းကုန် ဥပဒေပုဒ်မ-၈၊ လဝက ဥပဒေ ပုဒ်မ-၁၃(၁) တို့ဖြင့် တရား စွဲဆိုခဲ့သည့် အပြင် ၁၉၃၄ ခုနှစ် လေယာဉ် အက်ဥပဒေ ပုဒ်မ-၁၀ ဖြင့် ထောင် ၂ လ စီ ချမှတ်ခဲ့သည်ဟု တရားလွှတ်တော် ရှေ့နေများက ဆို သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...