စစ်ကောင်စီက လက်နက်ချသည်ဟု ကြေညာသူ ၅ ဦးမှာ PDF များ မဟုတ်ပဲ အာဏာသိမ်းဆန့်ကျင်သူများ ခံဝန် လက်မှတ်ရေးထိုးခြင်းသာ ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် စစ်ကောင်စီထံ လက်နက်ချသွားသည် PDF အဖွဲ့ဝင် ၅ ဦးတွင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ပါဝင်သည်ဟု စစ်ကောင်စီက လက်နက်ချ အခန်းအနား ပြုလုပ်ခဲ့သည်။
သို့သော် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ “PDF တွေ လက်နက်ချ အလင်းဝင်တာ မဟုတ်ဘူး။ အာဏာသိမ်းတာ ဆန့်ကျင်လို့ ဝရမ်း ထုတ်ခံရသူတွေ ပြန်လာပြီး နောက်မဆန့်ကျင်တော့ ပါဘူးဆိုပြီး ခံဝန် လက်မှတ် ထိုးကြရ တာပါ” ဟု ခံဝန် လက်မှတ်ရေးထိုးသူ များ၏ မိသားဝင်တစ်ဦးက ပြောသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ငပုတောမြို့ နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးသက် ပိုင်စိုးလည်း ပါဝင်ကာ ခံဝန် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်ဟု ခရိုင် စစ်ကောင်စီရုံး နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ပုဒ်မ-၅၀၅ ဖြင့် ဖမ်းဝရမ်း ထုတ်ခံရသူ ၄ ဦး နှင့် PDF အား ကူညီသည်ဟု စွပ်စွဲခံရကာ ဖမ်းဝရမ်းထုတ်ခံရသူ တစ်ဦးတို့ တိမ်းရှောင်နေရာမှ ပြန်လာသည်ကို စစ်ကောင်စီက အလင်းဝင်သည်ဟု ခေါင်းစဉ်တပ်ကာ ပြုလုပ် သည့် အခန်းအနားတွင် ခံဝန် လက်မှတ်ရေးများ အသီးသီး ရေးထိုးခဲ့ကြရခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူ များက ဆိုသည်။
NLD လွှတ်တော်အမတ်အပါအဝင် PDF ၅ ဦးတို့မှာ ဇူလိူင်လ ၂၁ ရက်နေ့က စစ်ကောင်စီထံ ခံဝန်လက်မှတ်များ ထိုးခဲ့ကြသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦး က ပြောသည်။
စစ်ကောင်စီထံ ခံဝန် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်စိုးသည် NLD ပါတီ၏ တိုင်းလူငယ် လုပ်ငန်းအဖွဲ့ဝင်ဖြစ်ပြီး စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ပါဝင်ခဲ့သည့်အတွက် ပုဒ်မ-၅၀၅ ဖြင့် ဝရမ်း ထုတ်ခံရသည့်အတွက် တိမ်းရှောင်နေသည်မှာ ကြာပြီဟု ဒေသခံများက ပြောသည်။
“သက်ပိုင်စိုးက ရှောင်နေတော့ သူ့မိန်းမနဲ့ သူ့ကလေး ၁၀ လသားလေး အပါအဝင် အိမ်က မိသားစု အားလုံးကို စစ်တပ်က ဖမ်းတယ်။ ဖမ်းထားတာ ပြန်လွှတ်ပေးပြီးလို့ ၃ လကြာမှ သက်ပိုင်စိုးက ပြန်လာပြီး ခံဝန်လုပ်တာ” ဟု မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းက လွှတ်တော် ကိုယ်စားလှယ်များ အနက် ယခုနှစ် ဇွန်လထဲတွင် မြောင်းမြမြို့နယ်က ၂၀၂၀ ပြည့် နှစ်၊ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ ဦးလည်း စစ်ကောင်စီထံ ခံဝန်လက် မှတ်ရေးထိုးခဲ့ကြသည် ဟု ဒေသခံများ က ပြောသည်။