မိုင်တဲ ဗုံးခွဲမှု စွပ်စွဲချက်ဖြင့် လူ ၃ ဦးကို ထောင် ၁၀ နှစ်စီချ

မိုင်တဲ ဗုံးခွဲမှု စွပ်စွဲချက်ဖြင့် လူ ၃ ဦးကို ထောင် ၁၀ နှစ်စီချ
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

Mytel (မိုင်တဲလ်) ဖုန်းတာဝါ ဗုံးခွဲမှုနှင့် စွပ်စွဲဖမ်းဆီးခံထားရသူ အမျိုးသား ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ပုသိမ်မြို့ရှိ ထောင်တွင်း တရားရုံးက ထောင် ၁၀ နှစ် စီချလိုက်သည်ဟု အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူများ ထံမှ သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ စိန်တောင်ကျေးရွာက မိုင်တဲလ် ဖုန်းတာဝါတိုင်ကို ဗုံးခွဲခဲ့သည်ဟုဆိုကာ အကြမ်းဖက် ပုဒ်မ ၅၀ (ဈ) စွပ်စွဲ ဖမ်းဆီးထားသည့် စိန်တောင်ကျေးရွာမှ ဦးမြင့်အောင် နှင့် ၎င်း၏သားဖြစ်သူ ကိုဇာနည်အောင်၊ တစ်ရွာတည်းနေ ကိုရဲဟိန်းတို့ကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်ခြင်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေတစ်ဦး က “မိုင်တဲလ် တာဝါတိုင် ဖောက်ခွဲတယ် စွပ်စွဲပြီး ထောင်ချပေမယ့် ရဲဘက် က ပစ္စည်းသက်သေ လူသက်သေ မတင်ပြနိုင်ဘူး” ဟု ပြောသည်။

ဖောက်ခွဲမှုဖြင့် စွပ်စွဲ ထောင်ချခံရသူ ၃ ဦးသည် တောင်ယာ လုပ်ကာ တောတောင်ထဲ ဝါးခုတ်၊ ထင်းခုတ် မျှစ်ရှာ ခြင်းသည့်အလုပ်များဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများသာ ဖြစ်သည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့၏ ပြောဆိုချက်အရ သိရသည်။

မိုင်တဲလ် ဖုန်းတာဝါတိုင် ဗုံးဖောက်ခွဲခံရစဉ်က စိန်တောင်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ရွာများမှ ဒေသခံ ၁၅ ဦး ကျော် အဖမ်းခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနက် ၎င်းတို့ ၃ ဦး ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများထဲတွင် လက်ရှိအချိန်ထိ ထောင်ဒဏ်တစ်စုံတစ်ရာ ချမှတ်ခံရခြင်း မရသေးသော်လည်း ငွေ မပေးနိုင်၍ ပြန်မလွတ်သေးသူများရှိနေသေးသည် ဟု အဖမ်းခံသူများ၏ မိသားစုနှင့် နီးစပ်သူ အချို့က ပြော သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာရှိ Mytel  ဖုန်းတာဝါတိုင် မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရသူများတွင် ယခု ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် ခံလိုက်ရသည့် ဦးမြင့်အောင်တို့ ၃ ဦး လည်း ပါဝင်သည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခံသူများအနက် အများစုမှာ သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ ဖမ်းဆီးခံရသူနှင့် ထောင်ချခံရသူများရှိနေသည် ဟု အကျဉ်း ဦးစီး ဌာနနှင့် နီးစပ်သူအချို့ က ပြောသည်။

ပုသိမ်အကျဉ်းထောင်တွင် ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၅၀ ခန့် အပါအဝင် စုစုပေါင်း ၃၆၀ ကျော်ရှိနေပြီး ထောင်တွင်းတရားရုံးမှ အမျိုးသမီး ၁၂ ဦး အပါအဝင် ၁၂၀ ကျော်ကို ထောင်ဒဏ် အသီးသီး ချမှတ်ထားပြီး ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...