Published
Sunday, August 06, 2017
“ဒေသဖွံ့ဖြိုးရေး”ရန်ပုံငွေများ အကြောင်း
by ကျော်စိုးသူ
လွန်ခဲ့သော အစိုးရအဆက်ဆက်ကတည်းကပင် ဘတ်ဂျတ်၏ စည်းကမ်းတင်းကြပ်မှုများကို အကြောင်းပြု၍ ရုံးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တရားမဝင်ဘတ်ဂျတ်ပြင်ပဖန်ရန်ပုံငွေများစွာ ထားရှိ သုံးစွဲခဲ့ကြပေသည်။
၎င်းရန်ပုံငွေများသည် ဌာနအဖွဲ့အစည်းများအတွက် ကောင်းကျိုး အနည်းငယ်သာရှိပြီး စည်းမျဉ်းစည်းကမ်းမရှိသောကြောင့် နို်င်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိပေ။ လူတစ်ဦးတစ်ယောက်နှင့် လူတစ်စုအတွက်သာ အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့သည်။
ဗဟိုချုပ်ကိုင်မှု အားကောင်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိိခြင်းနှင့် အပြန်အလှန်ထိန်းကြောင်းမှု အားနည်းခဲ့သော အစိုးရစနစ်တို့၏ အကျိုးရလာဒ် ပင်ဖြစ်ပေသည်။ ထိုရန်ပုံငွေများသည် နိုင်ငံတော်ဘတ်ဂျတ်သို့ ထည့်ဝင်ခြင်းမရှိဘဲ ဌာနအဖွဲ့အစည်းခေါင်းဆောင်များ၏ စိတ်ကြိုက်လိုရာသုံးနိုင်ရန် ခေါင်းစဉ်နှင့် အသုံးစရိတ်များသာ ဖြစ်ခဲ့ရပေသည်။
၂၀၀၈ အခြေခံဥပဒေအရ ဒေသအစိုးရများပေါ်ထွက်လာခဲ့ပြီး ဒေသဘတ်ဂျတ်ဥပဒေများ အတည်ပြုပြဌာန်ပြီးချိန်တွင် ထိုဖန်ရန်ပုံငွေများသည် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိသောသည်ကို အပြန်အလှန်ထိန်းကြောင်းမှုမရှိသော စနစ်တွင် မည်သူမျှ ဝေဖန်ထောက်ပြခြင်း မပြုတော့ပေ။
သို့ရာတွင် ပြည်ထောင်စုအဆင့့်တွင် လွှတ်တော်အားကောင်းပြီး (Check & Balance) အသက်ဝင်သောကြောင့် ပြည်ထောင်စုဌာနအသီးသီးမှာရှိသည့် ဖန်ရန်ပုံငွေများကို နိုင်ငံတော်ဘတ်ဂျတ်သို့ ထည့်ဝင်စေကာ ထိုမှတဆင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ထုတ်ယူသုံးစွဲနို်င်စေခြင်းအထိပါ ဦးသိန်းစိန်းအစိုးရအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။
ထိုနေရာတွင် ဦးသိန်းစိန်အစိိုးရအနေဖြင့် ပေါ့လျော့မိခဲ့သည်မှာ ဒေသအစိုးရအဖွဲ့များ ပင်ဖြစ်ပေသည်။ ခေတ်အဆက်ဆက်ကတည်းက ထိုငွေထားသုံးစွဲခြင်းတို့ အကျင့်ပါလာခဲ့သော ဒေသအစိုးရများသည် ဘတ်ဂျတ်ဥပဒေအရ ပြည်ထောင်စုမှ ထောက်ပံ့ခြင်းများအပြင် ဒေသတွင်းရငွေများကိုလည်း ထိန်ချန်ကာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ် ရန်ပုံငွေစာရင်းထားရှိဖွင့်လှစ်မှု၌ အဓိကသာဓကသည် ပဲခူးတိုင်းအစိုးရ၏ ပြဿနာပင် ဖြစ်ပေသည်။
ဤနေရာတွင် ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ နိုင်ငံတော်သက်ရောက်မှု O/A(အခြားစာရင်းရှင်)ဖြင့် ထောက်ပံ့ပေးသောအခြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေနှင့် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများသည်လည်း သက်သက်ရှိနေသေးသည်။ ခေါင်းစဉ်အမျိုးမျိုး၊ ဌာနအမျိုးမျိုးမှ သူတစ်လူ ငါတစ်မင်း အကောင်အထည်ဖော်ကြခြင်း၏ အကျိုးဆက်ပင်ဖြစ်ပေသည်။
ပြည်ထောင်စုမှ O/A ဖြင့် ထောက်ပံံ့ပေးသော ကျေးလက်ဒေသဖွံံ့ဖြိုးရေးနှင့် လက်တွေ့တွင် ထိုက်သင့်သလောက်် အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိပေ။ O/A ဖြင့် ချထားပေးသောကြောင့် စည်းကမ်းမရှိသုံးစွဲနေမှုများကို ထပ်မံတွေ့နေရသောကြောင့် နောက်ပိုင်းတွင် MD (ဦးစီးဌာနငွေထုတ်စာရင်း) ဖြင့်ပင် ငွေပမာဏလျော့ချ၍ ထောက်ပံ့ခဲ့သည်ကို တွေ့ရပေသည်။ မည်သို့မည်ပုံပင် ထောက်ပံ့ခဲ့သည်ဖြစ်စေ အပြန်အလှန်ထိန်းကြောင်းမှု အသက်မဝင်သေးသော ဒေသအစိုးရ အုပ်ချုပ်မှုစနစ်များကြောင့် အဆိုပါ တရားဝင်ထောက်ပံ့ပေးသည့် ဘတ်ဂျတ်များမှာလည်း ထိုက်သင့်သလောက် အောင်မြင်မှုမရရှိခဲ့ပေ။
ယခင်ခေတ်ကာလများတွင် ပြည်ထောင်စုမှ ခွဲဝေရရှိမှု နည်းပါးသောကြောင့် ဘတ်ဂျတ်ပြင်ပဖန်ရန်ပုံငွေများမှာ ရရသုံးသုံးဖြင့် ပိုလျှံမှုများများစားစား မရှိကြသော်လည်း ဖယ်ဒရယ်အရဒေသအစိုးရများကို ပိုမိုခွဲဝေချထားပေးသည့် ဘတ်ဂျတ်စနစ်တွင်တော့ အဆိုပါ ဖန်ရန်ပုံငွေများသည် လူတစ်ဦးနှင့်လူတစ်စု၏ အသုံးစရိတ်နှင့် အကျိုးစီးပွားသာ ဖြစ်ခဲ့ပေသည်။
စာရင်းအင်မရှိသော ဖန်ရန်ပုံငွေများဖြစ်သောကြောင့် အကူးအပြောင်းကာလများတွင် စိတ်ကြိုက်လုပ်ယူသွားနိုင်ပေသည်။ ထို့ကြောင့်လည်း မကွေးတိုင်းတွင် အဆိုပါ ပြဿနာများ ပေါ်ပေါက်လာခြင်း ပင်ဖြစ်ပေသည်။ ဤနေရာတွင် အထူးချီးကျူးလိုသည်မှာ လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပင်ဖြစ်သည်။ အစိုးရစနစ်ကို အရင်ကတည်းက ချည်းကပ်လေ့လာထားပြီး မည်သို့မည်ပုံ စစ်ဆေးဖော်ထုတ်ရမည်ကိုပင် သေချာသိနေခြင်း ပင်ဖြစ်ပေသည်။
ကျန်ဒေသဝန်ကြီးချုပ်များလေးစားအားကျ အတုယူသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော အဆိုပါ ဖန်ရန်ပုံငွေများသည် ပြည်သူ့ဘဏ္ဍာငွေများသာဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျတ်သို့ ထည့်ဝင်ကာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ထုတ်ယူသုံးစွဲရမည့် ဘဏ္ဍာငွေများပင် ဖြစ်ပေသည်။
ဤနေရာတွင် အစိုးရသစ်အနေဖြင့် သတိထားရမည်မှာ ဤရန်ပုံငွေနှင့် အလားတူ ဖန်ရန်ပုံငွေများကို အခြားဒေသအစိုးရများတွင် ထားရှိသုံးစွဲနေခြင်းကို ထိန်းချုပ်စစ်ဆေးခြင်းပင် ဖြစ်ပေလိမ့်မည်။ ဖယ်ဒရယ်အရ ခွဲဝေပေးသည့် ဒေသဘတ်ဂျတ်များတွင်ပင် မိမိတို့သုံးလိုသော ခေါင်းစဉ်နှင့် အကြောင်းအရာများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ ထုတ်ယူသုံးစွဲနိုင်အောင် ပြုပြင်ရပေမည်။
ဤနေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားသော ဒေသအစိုးရအဖွဲ့များသည် ဘဏ္ဍာငွေများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် အညီ လက်တွေ့လိုက်နာကျင့်သုံးပြောင်းလဲရန် အတွက် (စွမ်းရည်) Capacity များလိုအပ်နေမည် ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုသော အဆိုပါ တရားမဝင်ဖန်ရန်ပုံငွေများသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို မအောင်မြင်စေနိုင်သလို နိုင်ငံနှင့် ပြည်သူများအတွက်လည်း အကျိုးကျေးဇူး မဖြစ်ထွန်းပေ။ ထို့အပြင် စည်းမျဉ်းစည်းကမ်းဥပဒေများကိုလည်း တန်ဖိုးမထား မလေးစားရာရောက်သောကြောင့် အစိုးရသစ်အနေဖြင့်လည်း သတိကြီးစွာထား၍ ကိုင်တွယ်ရပေလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း ဥပဒေများကို တစ်ပြေးညီလိုက်နာကျင့်သုံးရန်နှင့် အပြန်အလှန်ထိန်းကြောင်းမှု အားကောင်းသော အစိုးရအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။