“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။ ကျနော့်လို ကရင်နီလူထုတွေ ဘယ်ကို ထပ်ပြေးရမလဲ။ ဘယ်လိုနေထိုင်ရတော့မလဲ။ ဘယ်တော့မှ ရပ်ရွာကိုပြန်ရမလဲ အဲ့လိုပဲ တချိန်လုံးတွေးတယ်။ ငတ်ပြတ်ကြတော့မယ်။ အလုပ်လည်းမလုပ်နိုင်ဘူး။ တောတောင်ထဲ သစ်ပင်၊ဝါးပင်အောက်ပဲနေထိုင်ကြရတယ်။ နေမကောင်းဖျားနာ တွေလည်း ရှိနေကြတယ်။ ဘာတွေဆက်ဖြစ်လာဦးမလဲ။”
ဒါကတော့ ခူးမိုးရယ်တစ်ယောက် သူစစ်ဘေးရှောင်နေတဲ့ နေရာက ခြံဝန်းထဲမှာ ထိုင်ရင်း လက်ရှိကရင်နီပြည်နယ်မှာ သူကိုယ်တိုင်ကြုံတွေ့နေရတာတွေနဲ့ ပတ်သက်ပြီး ဝမ်းနည်းစွာ ပြောနေတဲ့စကားဖြစ်ပါတယ်။
အသက် ၆၀ ကျော်အရွယ်ရှိသူ ခူးမိုးရယ်ကတော့ သူမျှော်မှန်းထားတဲ့ “ ငြိမ်းချမ်းမှု၊ စစ်မဖြစ်တော့တဲ့ နေ့၊ စစ်ကြောင့် မပြေးလွှားရတော့မဲ့ ဘဝ၊ အကြောက်တရားတွေ မရှိတော့မဲ့နေ့ ” တွေဟာ မီးခိုးငွေ့သဖွယ် ကွယ်ပျောက်သွားခဲ့ရပါတယ်။
ယခင် ၂၀၁၉ ခုနှစ်မှာ ဦးမိုးဟာ အသက် ၆၀ ရှိပြီဖြစ်ပြီး သူ အိမ်ထောင်ပြုခါစ ဘဝမှာ စစ်တပ်က ဖမ်းဆီးတာကို ခံခဲ့ရပြီး ၁၇/ ၁ နဲ့ စွတ်စွဲခံရလို့ ရက်စက်စွာ ညည်းပန်းနှိပ်စက် ခံခဲ့ရတဲ့အကြောင်းကို ကျမတို့ ကန္တာရဝတီတိုင်း(မ်) က သူ့ဘဝဇတ်ကြောင်းကို စာဖတ်ပရိတ်သတ်တွေဆီကို တစ်ကြိမ်ချပြခဲ့ပြီး ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP)နဲ့ န.အ.ဖ တပ်တို့အကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ပျက်ပြယ်ပြီးနောက် ပြည်သူအများအပြား ဖမ်းဆီးခံရမှုတွေရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ခူးမိုးရယ် လဲပါဝင်ခဲ့ပါတယ်။
ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီး ထောင်(၈)နှစ် ကျခဲ့သူလည်း ဖြစ်ပါတယ်။ ဖမ်းဆီးနှိပ် စက်ခံခဲ့ရစဉ်က ဦးမိုးရယ်ဟာ ကျေးရွာဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။
ဖမ်းဆီးရိုက်နှက်ခံခဲ့ရတုန်းက မျက်စိကို ငရုတ်သီးရည်တွေနဲ့ ပက်တာကြောင့် မျက်စိမှာ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘဲ မှုန်ဝါးဝါးဖြစ်သွားခဲ့ပါတယ်။
အခုချိန်မှာတော့ ခူးမိုးရယ်ဟာ ရှင်းရှင်းလင်းလင်း မြင်ရဖို့ မျက်စိကို မကြာခဏ ပွတ်နေရပါတယ်။
“ အပြစ်ရှိတယ်လို့ပဲ ပြောလိုက်ရတယ်လေ။ အဲ့လို မပြောမချင်း အမိန့်မချဘူး။ နှိပ်စက်တယ်။ ဟုတ်တယ်။ ကျနော်တို့က အပြစ်လုပ်ပါတယ်။ သူတို့နဲ့ ပေါင်းပါတယ်လို့ ပြောလိုက်ရတာပေါ့လေ။ တခြားဘယ်လိုပဲ ဖြေဖြေ သူတို့လိုချင်တဲ့ အဖြေက အဲ့ဒါပဲလေ။ အဲ့လိုပဲ ဖြေမှ ပြီးသွားတာလေ။ မဟုတ်ရင် အချုပ်ထဲထား၊ ထောက်လှမ်းရေးက လာစစ်ဆေးဆို အချုပ်ထဲ ထမင်းမစားရ၊ ရေမသောက်ရ ဖြစ်တယ်လေ။ အဲ့တုန်းကဆို ချုပ်ရက်လည်း မရခဲ့ဘူး။ ထောင်ချတာ ထောင်ချတဲ့ရက်ကိုပဲ သတ်မှတ်ထားတယ်။ ရိုက်တယ်။ နှိပ်စက်တယ်။ ည ၁၁ အထိ လုပ်တယ်။ မနက်ဆို ပြန်လာတယ်။ ကန်တယ်။ လူကိုရော တံခါးကိုရော။ ညဆို ၆ နာရီဆို စ စစ်ပြီ။ စရိုက်ပြီ။” သူဖမ်းဆီးခံရစဉ်က ကြုံခဲ့ရတဲ့ နိပ်စက်ခံရမှုတွေကို ပြန်ပြောပြတာဖြစ်ပါတယ်။
ခူးမိုးရယ်မှာ သား ၃ ယောက်၊ သမီး ၁ ယာက်ရှိပြီး ၁၉၉၆ ခုနှစ်မှာ ပုဒ်မ ၁၇/၁ ၊ ၁၇/၂ နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲခံရစဉ်က ခူးမိုးရယ် သာမက သူ့ရဲ့ သား ၃ ယောက်လည်း ရိုက်နှက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
သူထောင်ကျပြီးနောက်ပိုင်း မိသားစု စားဝတ်နေရေး အကြပ်အတည်းကြောင့် သား၊သမီး ၄ ယောက်လုံး ပညာရေးကို ဆက်လက်မဆည်းပူးနိုင်တော့ဘဲ ကျောင်းထွက်ခဲ့ရပြီး ရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။
ခူးမိုးရယ်ဟာ အကျဉ်းထောင်ကနေ၂၀၀၄ ခုနှစ်မှာ ပြန်လည်လွှတ်မြောက် လာခဲ့ပါတယ်။
မိသားစုနဲ့ ပြန်လည်ပေါင်းစည်းခဲ့ရပေမယ့် ထောင်ကျစဉ်အတောအတွင်း ရိုက်နှက်ခံခဲ့ရတဲ့ဒဏ်ကြောင့် အရင်လို အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပါဘူး။ ခူးမိုးရယ်လို ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ ပြည်သူတွေ လက်ချိုးရေတွက်လို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။
စစ်တပ်က သုံးကြိမ်မြောက် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး မြောက်များစွာသော ပြည်သူလူထုတွေဟာ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/ ၁၊ ၁၇/၂ နဲ့ စွတ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံနေရသူများလည်း ရှိပါတယ်။
“ နိုင်ငံရေးသမားကို ဖမ်းတာနဲ့ သူတို့ကို ပြန်တိုက်တဲ့သူကို ဖမ်းတာက မတူဘူး။ ကွာတယ်။ နိုင်ငံရေးသမားကို ဖမ်းတာက ဖမ်းမယ်။ နှိပ်စက်တာတော့ ရှိမှာပေါ့။ ဒါပေမယ့် သူတို့ကို လက်နက်နဲ့ ပြန်တိုက်တဲ့သူတွေကို ဖမ်းမိတဲ့အခါမျိုးဆိုရင်တော့ မလွယ်ဘူး။ ရိုက်တယ်။ မတရားနှိပ်စက်တယ်။ တော်တော်လေး ကွာပါတယ်။ သတ်ဖို့လည်း ပိုလွယ်တယ်။ အဲ့လိုပေါ့။” လို့ ခူးမိုးရယ်က သူကိုယ်တိုင် မြင်တွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ ၁၇၇၉ ဦး အသတ်ခံရပါတယ်။ ၁၀၂၈၂ ဦး ဖမ်းဆီးခံနေရဆဲဖြစ်ပြီး ၁၉၇၇ ဖမ်းဝရမ်း ထုတ်ထားခံရတယ်လို့ သိရပါတယ်။
ဒါတွေဟာ AAPP ရဲ့ လက်လှမ်းမီတဲ့ အချက်အလက်များသာဖြစ်ပြီး ဒီထက်မက များပြားနေနိုင်သေးတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူ ၁၀၂၈၂ ဦးအနက် (၉၉၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရတဲ့အတွက် တိမ်းရှောင်နေသူ (၁၉၇၇) ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတဲ့အတွက်ကြောင့် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်းအရ သိရှိရပါတယ်။
ကရင်နီပြည်နယ်မှာတော့ ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့အထိ ပုဒ်မ ၁၇/ ၁ နဲ့ စွတ်စွဲခံရသူ ၇ ဦး ရှိပြီး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။
ခူးမိုးရယ်က ၂၀၂၁ ခုနှစ် စစ်တပ်က ထပ်မံ အာဏာသိမ်းလိုက်တဲ့အချိန်မှာ စစ်ဘေးရှောင်နေသူတစ်ယောက်ဖြစ်ပြီး သူ့လိုပဲ စွတ်စွဲဖမ်းဆီးခံရတဲ့ မြောက်များစွာသော လူငယ်တွေအတွက် စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။
“ အခု ဒီတော်လှန်ရေးမှာတော့ အများကြီး မလုပ်နိုင်တော့ဘူး။ လူငယ်တွေကို ကြည့်ကူပေးတာလောက်ပဲ လုပ်နိုင်တယ်။ လိုအပ်တဲ့ ကျည်တွေ အနည်းငယ် ကူမလားပေါ့။ အဲ့ဒါတွေပဲ လုပ်နိုင်တယ်။ သူတို့ စားဖို့၊သောက်ဖို့ အဲ့လောက်ပဲ ကြည့်ပေးနိုင်တယ်။ ကျနော့်အထင်ကတော့ အောင်မြင်တာ ပိုများပါတယ်။ ကျနော်တို့ လူထုတွေအားလုံး နိုင်တဲ့ဖက်က ပါဝင်ပြီးတော့ တိုက်နိုင်တဲ့သူလည်း ဝိုင်းတိုက်မယ်ဆိုရင် အောင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”