ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့် မြွေကြီးတစ်ကောင်နှင့် သဏ္ဍာန်တူနေသည်။
စီမံကိန်းဧရိယာထဲက သိမ်းဆည်းမြေများကို ရထားလမ်းပြုလုပ်ရန် တူးလိုက်သဖြင့် ရထားလမ်း ဘေးတစ်ဖက်တစ်ချက်စီတွင် ရေမြောင်းဖြစ်နေသည်ကို မြေယာသိမ်းဆည်းခံခဲ့ရသော ဒေသခံများ မမြင်လိုသော်လည်း မြင်တွေ့နေရသည်။
“ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ လယ်မြေတွေပျက်စီးခဲ့ရတော့ ဒီနေ့အထိ ကိုယ့်လယ်ကွင်းကိုကြည့်ပြီး ယူကျုံးမရဖြစ်နေတုန်းပါ”ဟု အသက် ၅၈ နှစ်အရွယ် ဦးမောင်ကြီးဖြူက ညဉ်းညူသည်။
ရထားလမ်းစီမံကိန်းအတွက် ဒေသခံမြေယာများ အသိမ်းခံလိုက်ရသော်လည်း သံလမ်းမရောက်၊ ရထားပျောက် ဖြစ်နေခြင်းမှာ စီမံကိန်းတွင် တစ်ခုခု မှားယွင်းနေခြင်းကြောင့်လား(?)။ ထိုအမေးအတွက် ၁၀ နှစ်ကျော် ကြာသည့်တိုင် အဖြေမရှိသေးပေ။
ဦးမောင်ကြီးဖြူမှာ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ ဇာတိဖြစ်သည်။ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သည့် လယ်မြေထဲမှ ၃ ဧကခန့်မှာ ရထားလမ်းစီမံကိန်းကြောင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေဖြစ်နေရသည်။
“ရထားလမ်းဖြစ်ခဲ့ရင် လယ်ပါသွားရင်လည်း ဒေသဖွံ့ဖြိုးရေးနဲ့ နှစ်သိမ့်မယ်။ အခုကတော့ ဘာမှမရလိုက်ဘဲ ဒီအတိုင်း ပစ်ပယ်ထားရတယ်”ဟု ဦးမောင်ကြီးဖြူက စိတ်မကောင်းစွာပြောသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်လောက်ကစပြီး ဝေသာလီကျေးရွာ၏ အနောက်ဘက်တွင် ရထားလမ်းစီမံကိန်းဆိုကာ လမ်းဖောက်လုပ်ခဲ့သည်။ ယင်းကြောင့် ကျေးရွာအနီး မြေဩဇာကောင်းသည့် လယ်မြေများထဲမှ ရွာသား ၁၄ ဦး ပိုင်ဆိုင်သည့် ခန့်မှန်းလယ်ဧက ၂၀ ကျော်မှာ ပျက်စီသွားရခဲ့ရသည်။
အဆိုပါရထားလမ်းကို ၂၀၀၉ ခုနှစ်က စတင်ခဲ့သော်လည်း မြောက်ဦးမြို့သို့ သံလမ်းမရောက်၊ ရထားပျောက်ခဲ့ခြင်းကြောင့် လယ်သမားများ၏ လယ်ယာမြေပျက်စီးခြင်းသာ အဖတ်တင်ခဲ့သည်ဟု ဆိုနိုင်သည်။
ရခိုင်ပြည်က ရထားလမ်းအစ
ခရီးသည်နှင့် ကုန်စည်များကို လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ရေးဟုဆိုကာ ရခိုင်ပြည်အတွင်း ရထားလမ်းစီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြို့ရေးကောင်စီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ စတင်ခဲ့သည်။
ဗမာပြည် ကြံခင်း-ပခုက္ကူလမ်းပိုင်းရှိ မကွေးတိုင်း၊ မင်းဘူးမြို့မှ ရခိုင်ပြည်၊ စစ်တွေမြို့သို့ ဆက်သွယ်သွားလာမည့် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းသည် ပြည်ထောင်စုမီးရထားလမ်းကွန်ရက် (National Railway Network)ကြီးအဖြစ် ရခိုင်နှင့် ပြည်မဘက်ကို ချိတ်ဆက်ရန် ရည်ရွယ်ခဲ့သည်။
စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းသည် ၂၅၇ မိုင်ရှည်လျားပြီး ရထားလမ်းတလျှောက်တွင် ဘူတာပေါင်း ၅၀ ဘူတာ၊ လမ်းတွင် ပေ ၁၀၀ အထက် တံတား ၂၄ စင်း၊ ၁၀၀၀ အောက် တံတား ၁၂၆၁ စင်း၊ စုစုပေါင်း ၁၂၈၅ စင်းဖြင့် လျာထားခဲ့ကြောင်း ၂၀၀၉ ခုနှစ် မေ ၂၃ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြသည်။
ရထားလမ်းစီမံကိန်းတွင် မင်းဘူး-ပဒန်း ၂၈ မိုင်၊ ပဒန်း-အမ်း ၅၄ မိုင်၊ အမ်း-မင်းပြား ၇၆ မိုင်၊ မင်းပြား-မြောက်ဦး ၁၆ မိုင်၊ မြောက်ဦး-ကျောက်တော် ၂၃ မိုင်၊ ကျောက်တော်-ပုဏ္ဏားကျွန်း ၃၄ မိုင်၊ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း ၂၆ မိုင်အဖြစ် ပိုင်းခြားထားသည်။
ယင်းအထဲမှ မြောက်ဦး-ကျောက်တော် ရထားလမ်းပိုင်းတွင် မြောက်ဦးထမ္မရာဇ်ရပ်ကွက်မှနေပြီး အုတ်ဖိုကန်၊ ပေါက်တောပြင်၊ ဝေသာလီ၊ လက္ကာ၊ အောက်သကန်၊ တိမ်ညို၊ အိုးထိန်း၊ ကျောက်ကျပ် စသည့်ကျေးရွာပေါင်း ၁၇ ရွာမှ တောင်သူ ၂၂၃ ဦးပိုင်ဆိုင်သည့် လယ်ယာမြေစုစုပေါင်း ဧက ၄၀၀ ခန့် ပါဝင်သည်။
အဆိုပါ ရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမှာ စိန်ခေါ်မှုအများဆုံး ကြုံခဲ့ရသည်။ အကြောင်းမှာကား ရခိုင်တို့၏ နှလုံးသား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် ကိုးသောင်းပုထိုးတော်အနီး ကိုက် ၁၀၀ ခန့်အကွာက ရထားဖြတ်သွားမည်ဟု ဆိုခြင်းပင်။ ထို့ကြောင့် ရှေးဟောင်း တံတိုင်း၊ ကျုံး စသည့်အမွေအနှစ်များ ပါဝင်မည်ဖြစ်သဖြင့် ဒေသခံများက ရထားလမ်းစီမံကိန်းကို ကန့်ကွက်ခဲ့ကြသည်။
ရထားလမ်းသည် ကျောက်တော် ဓညဝတီနှင့် မြောက်ဦး ဝေသာလီ မြို့ဟောင်းနယ်မြေများကို ဖြတ်သန်းနိုင်ခဲ့သော်လည်း မြောက်ဦးဇုန်တွင် ရပ်နားလိုက်သည်။
NLD အစိုးရလက်ထက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက သဘာဝပတ်ဝန်းကျင်နှင့် ရှေးဟောင်းအမွေအနှစ်တွေကို စူးစမ်းလေ့လာမှုမရှိဘဲ ရထားလမ်း ဖောက်လုပ်ခဲ့သည့်အတွက် မြောက်ဦးနယ်မြေ ရှေးဟောင်းအမွေအနှစ်ဇုန်တွင် ဒေသခံများကန့်ကွက်မှုကြောင့် ရထားလမ်းကို ရပ်နားခဲ့ရကြောင်း ၂၀၁၉ ဧပြီလက မီဒီယာများကို ပြောကြားခဲ့ဖူးသည်။
ပြည်ထောင်စုဘတ်ဂျက်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ်က လုပ်ငန်းစတင်ပြီး ၂၀၀၉ ဖေဖော်ဝါရီလမှ၊ ၂၀၁၀ အတွင်း ရထားလမ်းကို အကောင်အထည်ဖော်ရန် လျာထားခဲ့ခြင်းဖြစ်သည်။
လစ်လျူရှုခံထားရဆဲ ဒေသခံတောင်သူများ
ရထားလမ်းစီမံကိန်းကြောင့် ကျောက်တော်-မြောက်ဦးမြို့နယ်ကြားမှ တောင်သူများမှာ သံလမ်းမရောက်၊ ရထားမပေါက်ခဲ့ဘဲ မြောင်းချောက်များကိုသာ ရရှိလိုက်ကြသည်။
ထို့အတူ အာဏာပိုင်များကလည်း နစ်နာသူတို့အတွက် ပြန်လည်ကုစားရန် တစုံတရာ ပြုလုပ်ပေးခြင်း မရှိဘဲ လျစ်လျူရှုထားခဲ့သည်မှာ ယခုအခါ ၁၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှ တောင်သူ ဦးခိုင်ထွန်းစိန်က “အခုက မြောင်းကြီးတွေ ဖြစ်နေတာ။ ပြန်လည်ဆည်ဖို့ကလည်း မလွယ်ဘူး။ မြောင်းအနက်က လူ ၂ ရပ်စာလောက်ရှိတယ်။ ဒါကြောင့် လုံးဝလုပ်စားလို့ မရဘူး”ဟု ပြောပြသည်။
ရထားလမ်းဖောက်လုပ်ရာတွင် အုတ်ဖိုကန်ကျေးရွာက တောင်သူ ၁၅ ဦးပိုင်ဆိုင်သည့် ခန့်မှန်းခြေလယ်မြေ ၂၅ ဧကကျော် ပျက်စီးသွားခဲ့ရသည်။ ထိုအထဲတွင် ဦးခိုင်ထွန်းစိန်၏ လယ် ၂ ဧကကျော် ပါဝင်သွားရကြောင်းဆိုသည်။
ကျောက်တော်ဒေသသည် ကုန်းမြင့်ပိုင်းဖြစ်သဖြင့် ရထားလမ်းအတွက် မြောင်းတူးရာတွင် အနက်အနည်းငယ်သာ ရှိခဲ့သော်လည်း မြောက်ဦးမြို့နယ်ရှိ မြေနိမ့်ပိုင်းများတွင် အနက် ၁၀ ပေကျော်(လူနှစ်ရပ်စာ) မြောင်းများတူးကာ မြေဖို့ခဲ့ရသည့်အတွက် ပိုမိုနစ်နာကြောင်းလည်း မြောက်ဦးဒေသခံများက ပြောဆိုကြသည်။
ချောင်းလက်တက် များပြားသည့် မြောက်ဦးမြို့နယ်တွင် ရထားလမ်းဖောက်လုပ်ခဲ့သည့် ရေမြောင်းများမှာ လက်ရှိတွင် ဒီရေဝင်ရောက်သဖြင့် ချောင်းငယ်သဖွယ်ဖြစ်နေကာ သုံးရာသီလုံး ရေခမ်းခြောက်မှုမရှိ ဖြစ်နေသည်။
“အခု တပိုင်တနိုင် လယ်ယာ ပြန်လုပ်မယ်ဆိုတော့လည်း အဲဒီမြောင်းတွေကို မြေညှိဖို့အတွက် စက်ယန္တယား စရိတ်တွေ ကြီးမြင့်မှုကတော့ လယ်မြေအသစ်ဝယ်လိုက်တာနဲ့ ဈေးပေါက်သွားတယ်။ ဒါကြောင့် လယ်သမားတွေ မတတ်နိုင်တော့ဘူး”ဟု ဝေသာလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ရှင်းပြသည်။
ထို့အတူ ဝေသာလီကျေးရွာ နယ်နိမိတ်အတွင်းက အချို့တောင်သူများမှာ လယ်ဧက ၁၀ ရှိသည့်အထဲမှ ၄ ဧကကို နှစ်ပေါင်း ၁၀ ကျော် စွန့်လွှတ်ထားရသဖြင့် မိသားစုစားဝတ်နေရေးတွင် နစ်နာမှုရှိခဲ့ကြောင်းပြောသည်။
၂၀၁၇ ခုနှစ်တွင် အာဏာပိုင်များက ရထားလမ်း မလုပ်ဖြစ်တော့ဟုဆိုကာ လယ်မြေများကို လယ်သမားများထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ လယ်မြေများကို ပြန်ပေးသည်ဆိုသော်လည်း တူးမြောင်းများကို မြေဖို့မြေညှိပေးမှုများ မရှိခဲ့သဖြင့် ပြန်လည်လုပ်စားရန် အဆင်မပြေဘဲ စွန့်လွှတ်ထားခဲ့ရသည်။
“၂၀၁၇- ၁၈ ခုနှစ်လောက်က မြောက်ဦးခရိုင်ရုံးက လယ်သမားတွေကိုခေါ်ပြီးတော့ လျော်ကြေးပေးမယ်ဆိုပြီး ခေါ်ပြောတာ ရှိခဲ့တယ်။ ဒါပေမယ့် အထမမြောက်ခဲ့ဘူး။ ပျောက်သွားတယ်။ ရွာသားတွေကလည်း ဘယ်သူ့ကို တိုင်ရမှန်းမသိ ဖြစ်သွားတော့ ဆုံးရှုံးနေရတာ”ဟု ဦးသိန်းထွန်းက ရှင်းပြသည်။
ရထားလမ်း ဖြတ်သွားရာနေရာတွင် လမ်းအကျယ်မှာ တနေရာနှင့်တနေရာ မတူညီပေ။ အချို့နေရာများတွင် ပေ ၃၀ နှင့် တချို့နေရာများတွင် ရေမြောင်းအပါအဝင် ပျက်စီးမှုလမ်းအကျယ်မှာ ပေ ၅၀အထိရှိကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ထို့အတူ ၂၀၁၇ ခုနှစ်က မြောက်ဦးဒေသတွင် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးငွေ အပြည့်အဝရရှိရန် တောင်သူလယ်သမား အထောက်အကူအဖွဲ့နှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများက ကြိုးပမ်းခဲ့ကြသေးသည်။
“ကျနော်တို့ ရထားလမ်းစီမံကိန်း မန်နေဂျာ ဦးဝင်းထွဋ်နဲ့ သဘောတူပြီးတော့ လျှော်ကြေးပေးဖို့ကိစ္စတွေကို ဦးဆောင်ခဲ့တယ်။ အဓိက လယ်ယာထဲက တူးမြောင်းတွေကို အစိုးရလုပ်ပေးရမယ်။ ဘတ်ဂျက်လည်း ကျခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ရပ်တန့်ခဲ့ရတယ်”ဟု ၂၀၁၇ ခုနှစ်က ဒေသခံလယ်သမားများ နစ်နာကြေး ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့သူ ရခိုင်တောင်သူလယ်သမားဥပဒေပြုကွန်ရက် မြောက်ဦးခရိုင်က စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးကပြောသည်။
ဆက်လက်ပြီး ဦးကျော်ထွီးက လက်ရှိတွင် လယ်မြေများကို နဂိုအတိုင်း လုပ်ကိုင်စားသောက်ရန်အတွက် အာဏာပိုင်များက တာဝန်ယူလုပ်ပေးသင့်ကြောင်း ထောက်ပြသည်။
မသေချာသေးသော နစ်နာကြေး
လက်ရှိတည်ဆဲဥပဒေဖြစ်သော ၁၈၉၄ ခုနှစ် မြေသိမ်းဆည်းရေးအက်ဥပဒေတွင် သိမ်းဆည်းမည့်မြေကို သမ္မတက နိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ရမည်။ ထို့အတူ ခရိုင်ထွေ/အုပ်သည် ပြန်တမ်းထုတ်ပြန်ချက်အရ သိမ်းဆည်းရန် လျာထားမြေကို ကြေညာချက်ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀ အတွင်းမှာ မြေသိမ်းကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်လွှာခေါ်ရမည်ဟု ဆိုထားသည်။
ထို့အတူ မြေပိုင်များထံသို့ တရားဝင်အသိပေးစာကို အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားမှု မရှိဘဲ ယင်းမြေကို ဝင်ရောက်ခြင်း၊ သိမ်းယူခြင်း မပြုရကြောင်း မြေယာဥပဒေတွင် ဖော်ပြသည်။
သိမ်းဆည်းရန် လျာထားမြေနှင့်ပတ်သက်ပြီး ကာယကံရှင်၊ မြေပိုင်ရှင်များက ကန့်ကွက်ရန် ဆန္ဒရှိ၊ မရှိ (သို့မဟုတ်) လျော်ကြေး၊ နစ်နာကြေး ရရှိရန် ဆန္ဒရှိလား၊ လျော်ကြေးနှင့်ပတ်သက်ပြီး သဘောတူညီချက်ရှိလား မေးမြန်းကာ ၁၈၉၄ ဥပဒေနှင့် နစ်နာကြေး ပြည်သူတစ်ယောက်ချင်းစီက တောင်းဆိုခွင့်ရှိသည်။
သို့သော်လည်း မြောက်ဦးဒေသခံများပြောပြချက်အရ ရထားလမ်း စတင်ဖောက်လုပ်ခဲ့ရာတွင် ရွာသားများကို တစုံတရာ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ အလံနီစိုက်ကာ ဘတ်ဟိုးကြီးများ၊ ဘိုဒူဇာများဖြင့် နေ့ရောညပါ အပြင်းအထန်မြေတူးခဲ့ကာ လယ်သမားများမှာ တားပိုင်ခွင့်မရှိခဲ့ဟု ဆိုကြသည်။
မြောက်ဦးမြို့နယ်မှ တောင်သူများ နစ်နာကြေးရရှိရေး ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ ရခိုင်ပြည်နယ် စစ်ကောင်စီဘက်ကလည်း တစုံတရာ ဆွေးနွေးထားမှုများ မရှိသေးကြောင်းဆိုသည်။
ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးဦးလှသိန်းက “မြောက်ဦးက လယ်သမားတွေ လယ်ယာမြေ နစ်နာကြေးကိစ္စကလည်း ငါက ပြောဖို့ခက်တယ်။ အဲဒီဟာကလည်း အခုမှ ကောက်ပြီးတော့ လုပ်တာလည်း မဟုတ်ဘူးလေ။ ရထားမသွားနိုင်တဲ့ကိစ္စတွေမှာ မြေယာလျော်ကြေးတွေ၊ ကန့်ကွက်ချက်တွေလည်း ရှိတယ်ဆိုတော့”ဟု DMG ကို ပြောသည်။
ဦးလှသိန်းအနေဖြင့် အဆိုပါကိစ္စကို ဖြေကြားရန် အခက်အခဲရှိနေသည့်အတွက် ရထားလမ်းနှင့် သက်ဆိုင်ရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်ထံသို့ မေးမြန်းရန်သာ အကြံပေးသည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်ကို ဆက်သွယ်ရာတွင် DMG အား ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်းစီမံကိန်းတွင် ကျောက်တော်အရှေ့ဘက် ကစ္ဆပနဒီ တံတားမှနေ၍ မဟာမြတ်မုနိဘုရားအထိ လမ်းပိုင်းတွင် ဆုံးရှုံးသွားသည့် လယ်ယာများအတွက် တောင်သူတချို့မှာ လျော်ကြေးရရှိခဲ့သော်လည်း တချို့က မရရှိသေးကြောင်း သရက်တပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ထံမှ သိရသည်။
“အခုအခြေအနေမှာ ရထားလမ်းရိုးမှာ နွားတင်းကုတ်တွေ၊ ကောက်ရိုးပုံတွေ ပုံထားတာတွေရှိတယ်”ဟု သရက်တပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
မြေယာသည် ကျေးလက်နေပြည်သူများ၏ အဓိကကျသော ပိုင်ဆိုင်မှုလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ၇ဝ ရာခိုင်နှုန်းသော လူဦးရေသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ယင်းမှာ အသက်မွေးဝမ်းကျောင်းအတွက် မြေယာအပေါ် အမှီပြုနေကြသော မြန်မာလူဦးရေ အများစုအတွက် မြေယာများ သိမ်းဆည်းခံရသည့်အခါ ငွေကြေးဆိုင်ရာ လျော်ကြေးရရှိလျှင်ပင် သင့်တော်သည့် လူနေမှု အဆင့်အတန်းအပေါ် ကြီးမားသည့် သက်ရောက်မှုများရှိသည်။
တစ်ခါတစ်ရံတွင် ပေးလျော်သော ငွေကြေးပမာဏသည် မြင့်တက်လာသော မြေယာဈေးနှုန်းများနှင့် လိုက်လျောညီထွေမှု မရှိပေ။ ဆိုလိုသည်မှာ ဆုံးရှုံးလိုက်ရသည့် လယ်သမားများသည် အနီးအနားရှိ မြေနေရာအသစ်ကို ပြန်လည်ဝယ်ယူနိုင်ရန် မတတ်နိုင်ကြခြင်းပင်။
သို့သော် ကျောက်ကျပ်ကျေးရွာမှ မြောက်ဦးမြို့အထိ လမ်းပိုင်းတွင် အာဏာပိုင်များက တစုံတရာ တာဝန်ယူဖြေရှင်းမှုများ မရှိသေးပေ။
မြောက်ဦး-ကျောက်တော် ရထားလမ်းပိုင်းသည် စီမံကိန်းစတင်ကတည်းက ရှေးဟောင်းနယ်မြေများကို ရှောင်ခွင်းပြီး အစီအစဉ် ရေးဆွဲခဲ့သင့်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က အားမလိုအားမရပြောသည်။
ရထားကိုမျှော်နေတဲ့ သံလမ်းများ
မြောက်ဦး-ကျောက်တော် ရထားလမ်းအိပ်မက်မှာ တိန်ညို၊ ဝေသာလီ၊ မြောက်ဦး စသည့်ဘူတာများကိုသာ မြင်တွေ့ရပြီး ရထားပျောက်ဆုံးနေဆဲဖြစ်သော်လည်း အခြားတဖက်တွင်ကား သံလမ်းဖောက်ကာ ရထားရောက်ရှိ ခုတ်မောင်းနိုင်ခဲ့သည့် လမ်းပိုင်းလည်း ရှိနေပြန်သည်။
ထိုလမ်းပိုင်းမှာ ကျောက်တော်-ပုဏ္ဏားကျွန်း-ကွမ်းတောင် ရထားလမ်းပိုင်းဖြစ်သည်။ ထိုလမ်းသည် ပုဏ္ဏားကျွန်း(ကွမ်းတောင်)-ကျောက်တော် ၄၃ မိုင်ရှိသည်။ ထိုလမ်းပိုင်းတွင် ပါဝင်သော ကွမ်းတောင်-ပုဏ္ဏားကျွန်း-ယိုးတရုတ်လမ်းပိုင်းကို ၂၀၁၀ ခုနှစ် မေလ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ယိုးတရုတ်-ကျောက်တော် လမ်းပိုင်းကို ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲခဲ့သည့်ရထားတွဲမှာ ဂျပန်နိုင်ငံမှ RBE ခရီးသည်တင် ရထားအမျိုးအစားဖြစ်၏။ ရထားတွဲ ၃ တွဲ၊ နောက်ပိုင်းတွင် ၂ တွဲဖြင့် နံနက်မှ ညနေအထိ အစုန်အဆန် ၂ ကြိမ် ပြေးဆွဲနိုင်ခဲ့သည်။
ကျောက်တော်ဘူတာမှ နံနက် ၇ နာရီထွက်သော ရထားသည် ပုဏ္ဏားကျွန်မြို့နယ် ကွမ်းတောင်ဘူတာသို့ ၁၀ နာရီတွင် ရောက်ရှိသည်။ ယင်းမှတဆင့် ကွမ်းတောင်ဘူတာမှ ရထားသည် ပုဏ္ဏားကျွန်း-အောင်ဖြူပြင်-ယိုးတရုတ်-ဂဏန်းတောင်-အပေါက်ဝ စသည့်ဘူတာများကိုဖြတ်ကာ ကျောက်တော်သို့ ၁၀ နာရီတွင် ရောက်ရှိပြီး ညနေ ၂ နာရီတွင် ပြန်ထွက်လေ့ရှိခဲ့သည်။ ရထားနှစ်စီးသည် ယိုးတရုတ်တွင် လမ်းချိန်းပြီး ခုတ်မောင်းနိုင်ခဲ့သည်။
ရထားများ ပြေးဆွဲခဲ့စဉ်က ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ဒေသခံများ ကုန်စည်ပို့ဆောင်ရေးနှင့် သွားလာရေးတွင် အဆင်ပြေခဲ့ကြသည်။ ကျောက်တော်မှ ကွမ်းတောင်သို့ ရထားစီးနင်းခ ခရီးအဆုံး (၅၀၀)ကျပ်နှင့် ကြားဘူတာတို့တွင် (၃၀၀)ကျပ်၊ ၁၅၀ ကျပ် စသဖြင့် အကွာအဝေးအလိုက် ပေးဆောင်ရသည်။
ရ,ရထားကြီး ပျော်ပျော်စီးချင်သူများ
လက်ရှိတွင် ကားစရိတ်စခ ကြီးမြင့်မှုကြောင့် ယခင်က သွားခဲ့သည့် မီးရထားကို လွမ်းမောနေသူများ ရှိနေပြန်၏။
“ကျမတို့ ဒေသခံတွေနဲ့ သွားလာရေးအဆင်ပြေဖို့အတွက် ရထားတွေကို ပြန်ပြီးတော့ ပြေးဆွဲစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် ကားစရိတ်တွေက ဈေးကြီးတယ်လေ။ ကားစရိတ်နဲ့တောင် အမြတ်ထွက်ဖို့ မလွယ်ကူးတော့ဘူးလေ။ ရထားလမ်းတွေ ပြန်ဖွင့်ရင်တော့ ကောင်းတာပေါ့၊ ဖွင့်ပေးစေချင်တယ်”ဟု ကျောက်တော်မြို့နယ် လမ်းပိုက်ခွင်ကျေးရွာမှ ဒေါ်မြသိန်းတင်က သူ့မဆန္ဒကို ပြောသည်။
ဒေါ်မြသိန်းတန်မှာ ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဖြစ်ပြီး အဝတ်အထည်နှင့် အခြားကုန်ပစ္စည်း တို့ကိုလည်း ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့တို့ကို ကုန်ကူးကာ စီးပွားရေးလုပ်ခဲ့သည့် ကုန်သည်တစ်ဦးဖြစ်သည်။
အလားတူ ကျောက်တော်မြို့နယ် မီးရပ်ပြင်ကျေးရွာမှ ကျောင်းသူ မခင်ဆန်ဦးကလည်း ယခင်က ကျောက်တော်သို့ ရထားဖြင့် ကျောင်းတက်နိုင်ခဲ့ပုံကို ယခုရှင်းပြသည်။
“ကျမ ကျောင်းတက်တုန်းကဆိုရင် ရထားသွားနေတော့ ပိုပြီးအဆင်ပြေတယ်။ ကျောက်တော်က ရွာကိုလာရင် ရထားစီးပြီး ကျွဲတစ်ကောင်ပေါက် ဘူတာကနေဆင်းရင် ရောက်ပြီ။ ခရီးစရိတ် ၁၅၀ ပဲကုန်တယ်”ဟု ဆိုသည်။
အဆိုပါ ရထားလမ်းပိုင်း ပုံမှန်ပြေးဆွဲချိန်က ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ ဒေသခံ ကျောင်းဆရာ/မတို့မှာ နယ်ကျေးရွာများသို့ ရထားစုန်ဆန်စီးပြီး ကျောင်းတက်ခဲ့ကြသည်။
အဆိုပါ ကျောက်တော်-ပုဏ္ဏားကျွန်း-ကွမ်းတောင်ရထားလမ်းပိုင်သည် ၂၀၁၁ ခုနှစ်က စတင်ကာ ၂၀၁၅ ခုနှစ် အထိ ပြေးဆွဲနိုင်ခဲ့သည်။ ယင်းနောက် ၂၀၁၅ ခုနှစ်ကနေ ရာသီဥတုဒဏ်ကြောင့် ကျောက်တော်နှင့် ဂဏန်းတောင် ခရီးစဉ်ကြားမှာ ရေတိုက်စားမှုကြောင့် တံတားငယ်အချို့ ပျက်စီးသွားခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလတွင် ထပ်မံပြေးဆွဲနိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် AA တို့ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓေါတိုက်ပွဲနောက်ပိုင်း လုံခြုံရေးအခြေအနေများကြောင့် ရပ်တန့်ထားခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
ပြည်ထောင်စုဘတ်ဂျတ်ငွေဖြင့် ဖောက်လုပ်ခဲ့သည့် အဆိုပါရထားလမ်းပိုင်းမှာ လက်ရှိတွင် အလုပ်မဖြစ်ဘဲ ပျက်စီးယိုယွင်းလာသဖြင့် နိုင်ငံ့ဘဏ္ဍာဆုံးရှုံးသည်ဟုဆိုကာ ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း နိုင်ငံရေးသမားများက ထောက်ပြသည်။
“ရထားမှာ ပစ္စည်းအများကြီး သယ်လို့ရတယ်။ ကားမှာတင်တဲ့ တန်ဆာခနဲ့ ရထားမှာတင်တဲ့ တန်ဆင်ခက အများကြီးကွာတယ်။ ဆင်းရဲပြည်သူတွေ အနေနဲ့ဆိုရင်လည်း သွားလာရေးအတွက် ရာဂဏန်းလောက်နဲ့ သွားလို့ရတယ်။ ဒါကြောင့် ဒီလမ်း(ကျောက်တော်-ကွမ်းတောင်)ကို ပြန်ပြီးတော့ အကောင်အထည် ဖော်စေချင်တယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးအောင်သန်းတင်က ပြောသည်။
ထိုသို့ ကျောက်တော်-ကွမ်းတောင် ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ဖို့ ဒေသနေပြည်သူတို့ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့ရာတွင် တိကျသေချာသော အဖြေမရရှိခဲ့ပေ။
“အဲဒီဟာကျတော့ ငါက ပြောဖို့နည်းနည်းခက်တယ်။ ဘာလုပ်မယ်။ ဘယ်လိုဖြစ်မယ် ဆိုတာကို သိမထားဘူး။ ဆိုလိုတာကတော့ သွားလို့လာလို့အဆင်မပြေလို့ မသွားဘူးဆိုတဲ့ သဘောလို့ပဲနားလည်တယ်။ မပြေလို့ မပြေးဆွဲသေးလို့ နားလည်တယ်”ဟု ဆိုသည်။
ရထားလမ်းနှင့် မြေယာလျော်ကြေး
ထိုရထားလမ်းပိုင်းတွင် ဒေသခံများ သွားလာခဲ့ရသည့်အတွက် အချိန်အပိုင်းအခြားတစ်ခုအထိ အဆင်ပြေခဲ့သည်ဟု ပြောဆိုနိုင်သော်လည်း ယင်း၏နောက်ကွယ်တွင် ဒေသခံတို့ နစ်နာမှုများလည်း ရှိနေခဲ့သည်။ အကြောင်းအရင်းမှာ ရထားလမ်းဧရိယာအတွင်း မြေယာပါဝင်သွားသူများအတွက် လျော်ကြေးငွေကိစ္စဖြစ်သည်။
ကျောက်တော်-ပုဏ္ဏားကျွန်း-ကွမ်းတောင် ရထားလမ်းဖောက်လုပ်သည့်အခါ ဆုံးရှုံးသွားသည့် လယ်ယာမြေများကို သက်ဆိုင်ရာအာဏာပိုင်များက လျှော်ကြေးငွေပေးအပ်ခဲ့သည်။ သို့သော်လည်း တောင်သူများ၏ နစ်နာမှုနှင့် လျှော်ကြေးငွေမှာ သင့်တော်မှု မရှိခဲ့ပေ။
ဆိုလိုသည်မှာ ရထားလမ်းဖောက်လုပ်ပြီး၍ ၁၀ နှစ်ခန့်အကြာတွင် လျှော်ကြေးငွေအဖြစ် လယ် ၁ ဧကကို ငွေကျပ် ၂၅ သိန်းပေးခြင်းဖြစ်ပြီး အချိန်ကြာညောင်းမှုကြောင့် တန်ဖိုးငွေလျော့ကျခဲ့ရခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်မှ လယ်သမားများအချို့ကို ၂၀၂၀ ခုနှစ်တွင် သက်ဆိုင်ရာ အာဏာပိုင်များက ပေးအပ်ခြင်း ဖြစ်သည်။ ထို့အတူ ကာလပေါက် လယ်ယာမြေဈေးနှုန်းကို မျက်ကွယ်ပြုကာ ဈေးနှိမ်ပေးခြင်းဟု တောင်သူများက ဆိုသည်။
ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ တောင်သူ ဦးအောင်ကျော်ဇောက “မကျေနပ်ရင်လည်း ဆုံးရှုံးမယ့်အတူတူ ရသလောက်ကိုပဲ ယူလိုက်ရတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ အခုဆိုရင် အဲဒီနေရာမှာ လယ်တစ်ဧကကို သိန်း ၅၀ နဲ့ မရတော့ဘူး။ အခုဆိုရင် လယ်ယာမြေဈေးတွေက ပိုကြီးသွားပြီ”ဟု ပြောသည်။
ထို့အတူ ဦးအောင်ကျော်ဇောမှာ ရထားလမ်းဖောက်လုပ်ရာ၌ လယ်မြေ ၃ ဧကခန့် ဆုံးရှုံးသွားခဲ့ရပြီး ထိုမြေများမှာလည်း ဆိုင်ကယ်ကယ်ရီမောင်းပြီး စုတောင်းကာ အိမ်ထောင်ဦး လယ်ယာမြေများဖြစ်သဖြင့် ပိုပြီးနှမြောမိကြောင်း ဆိုသည်။
ကျောက်တော်မြို့နယ်မှ လယ်ယာမြေ သိမ်းဆည်းခံရသူများကို ၂၀၁၈ -၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ဘတ်ဂျတ်ငွေ ကျပ်(၆၀၂)သန်းကျော်ဖြင့် ၂၀၁၉ ခုနှစ် ပြည်နယ်ရထားတာဝန်ရှိသူနှင့် သက်ဆိုင်ရာထွေ/အုပ်က ပေးအပ်ခဲ့သည်။
“ကာလပေါက်ဈေး မရဘဲ တပုံစံတည်း တစ်ဧကကို ၂၅ သိန်းနဲ့ ပေးတာ။ အဲဒီတုန်းက ကာလပေါက်ဈေး ၄၀ ကျော်လောက် ရှိနေတာ။ ရှုံးတယ်ပေါ့။ ရှုံးရင်လည်း ဘယ်တတ်နိုင်မလဲ။ ပေးတုန်း ယူရတာပေါ့”ဟု ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကျေးရွာမှ တောင်သူ ဦးကျော်စိန်မောင်ကဆိုသည်။
ဦးကျော်စိန်မောင်နှင့်အတူ ယိုးတရုတ်၊ ရှင်တော်၊ မှိုဟင်းတောရွာမှ လယ်သမားများကို ရထားလမ်း လျှော်ကြေးငွေအဖြစ် ရထားဦးစီးမှူးနှင့် ထွေ/အုပ်က ပုဏ္ဏားကျွန်းမြို့နယ် ခန်းမတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ရရှိခဲ့ကြောင်းဆိုသည်။
ထိုသို့ ပြည်သူများ နစ်နာမှုနှင့် ပေးဆပ်ခဲ့ရသော အဆိုပါ ကျောက်တော်-ကွမ်းတောင် ရထားလမ်းမှာ စစ်တွေကို မရောက်ရှိဘဲ ချန်ထားခဲ့မှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က အားမရပေ။
“ရထားလမ်းက စစ်တွေဖက်ကို မရောက်နိုင်တာကတော့ သူတို့က PLAN မှားတယ်လို့ပြောတယ်။ သူတို့ဖောက်တာ ကွမ်းတောင်နဲ့ အမ်းဖက်ကို ဖောက်တယ်။ အမှန်က စစ်တွေနဲ့ ကျောက်တော်လမ်းကို ဦးတည်ပြီးတော့ ဖောက်ရမှာ။ ကျောက်တော်-စစ်တွေ ရထားလမ်းဖောက်နိုင်ရင်တော့ ပြည်သူတွေအတွက် သိပ်အဆင်ပြေသွားမယ်”ဟု သုံးသပ်သည်။
ဦးအောင်သန်းတင် အဆိုအရ ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း မဖြစ်နိုင်သော်လည်း စစ်တွေမြို့နယ် ရေချမ်းပြင်မှ မင်းချောင်းတံတားကို ဖြတ်ကျော်ပြီး ပုဏ္ဏားကျွန်း ကွမ်းတောင်သို့ သံလမ်းရောက်ရှိခဲ့လျှင် လက်ရှိအချိန်ထိ အလုပ်ဖြစ်ကြောင်း ရှုမြင်သည်။
လတ်တလောတွင် အဆိုပါရထားလမ်းမှာ ခြုံနွယ်ပိတ်ပေါင်းများဖြင့် သံလမ်းများ သံချေးတက်ကာ ဘူတာများမှာလည်း တစစီ ပြိုလဲပျက်စီနေပြီး ရထားလမ်းရှိ သံချောင်းများ၊ သံမူလီများကိုလည်း ခိုးယူ ဖျက်ဆီးမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထိုသို့ မီးရထားလမ်း တဖြည်းဖြည်းနှင့် ယိုယွင်းပျက်စီးလာနေသည်မှာ တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးမှု၏ ပြယုတ်တစ်ခုလည်း ဖြစ်ပေသည်။
စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်း
လက်ရှိ ရခိုင်ဒေသတွင် သွားလာနေသည့် ရထားလမ်းမှာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းဖြစ်သည်။ ဤလမ်းပိုင်းသည် ရခိုင်တွင် ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် ရထားလမ်းပိုင်းဖြစ်သည်။ အဆိုပါ လမ်းပိုင်းကို ၂၀၀၉ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နအဖအစိုးရလက်ထက်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရန်ကုန်-ပြည် ရထားလမ်းကို ကိုလိုနီခေတ်က ၁၈၇၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နိုင်ငံ၏ အရေးပါသော လမ်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မန္တလေး အမြန်မီးရထားကိုတော့ ၁၉၃၄ ခုနှစ် မတ်လ ၁ ရက်မှာ စတင်ပြေးဆွဲနိုင်ခဲ့ကာ ယင်းနောက်တွင် ရန်ကုန်-မော်လမြိုင်လမ်းနှင့် မန္တလေး-မြစ်ကြီးနား လမ်းတို့လည်း ပါဝင်သည်။
စစ်အစိုးရလက်ထက်၏ နောက်ဆုံးနှစ်များတွင် ရထားလမ်းအသစ်များကို တည်ဆောက်ခဲ့ရာ ရခိုင်ပြည်နယ် စစ်တွေမြို့၊ တနင်္သာရီတိုင်းမြိတ်မြို့နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့များအထိ ချဲ့ထွင်ဖောက်လုပ်ခဲ့သည်။
မြန်မာ့မီးရထားအနေဖြင့် အိန္ဒိယချေးငွေဖြင့် ဒီဇယ်စက်ခေါင်းများ၊ စက်ပစ္စည်းများနှင့် သံလမ်းပြုပြင် ထိန်းသိမ်းရေး စက်ယန္တရားများဝယ်ယူခြင်း၊ ကိုရီးယားချေးငွေ(EDCF Loan)ဖြင့် ပထမအကြိမ် ဂျပန် ODA Loan ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မီးရထားလမ်းကွန်ယက်ကို ချဲ့ထွင်ရန် ကျပ်ငွေဘီလီယံ ရာပေါင်းများစွာ အသုံးပြုခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၆ ခုနှစ် မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ မူဝါဒမှတ်စု အစီရင်ခံစာအရ အစိုးရသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မီးရထားလမ်းအတွက် ကျပ်ငွေ ၆၂၀ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ၎င်းတို့ထဲမှ ၈၈ ရာခိုင်နှုန်းသည် မီးရထားသံလမ်းချည်း သပ်သပ်အတွက် ကုန်ကျခဲ့ခြင်းဖြစ်သည်ဟု မီးရထားနှင့်ပတ်သက်သည့် အစီရင်ခံစာတစောင်တွင် တွေ့ရသည်။
ထို့အတူ ရေချမ်းပြင်-ပြည်တော်သာ လမ်းကြောင်းမှာ ၂၀၀၉ ခုနှစ်မှ စတင်ကာ ခရီးစဉ်များ ပြေးဆွဲခဲ့သော်လည်း ကြားကာလတို့တွင် လမ်းခရီး၌ ရာသီဥတုအပါအဝင်၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားလိုက် ပြန်ဆွဲလိုက် ရှိနေခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကနေ သုံးနှစ်ခန့်ရပ်နားခဲ့ကာ ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ကိုဗစ်ရောဂါကြောင့် ပိတ်ထားခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်ပြေးဆွဲခဲ့သည်။
ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းသည် စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင်မှ ကျောင်းသားများ အဆင်ပြေစေရေး၊ ပြည်တော်သာ(စစ်တွေ)မှ ရေချမ်းပြင်ကြားရှိ ကျေးရွာများသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးတို့အတွက် ရထားအား ပြန်လည်ပြေးဆွဲပေးနေသည်။
လမ်းတစ်လျှောက်တွင် စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီဘူတာ၊ ရေချမ်းပြင်ဘူတာတို့၌ ရပ်တန့်ပေးပြီး ခရီးသည်တစ်ဦးလျှင် (၆၀၀)ကျပ်နှုန်းနှင့် ကြားဘူတာတို့တွင် ၄၀၀ ကျပ်၊ ၃၀၀ ကျပ် စသည်ဖြင့် ပြေးဆွဲနေသည်။
စစ်တွေ ပြည်တော်သာဘူတာကနေ ရေချမ်းပြင်ဘူတာသို့ ၇ နာရီခွဲတွင် စထွက်ပြီး ရေချမ်းပြင်သို ၈ နာရီခွဲတွင် ရောက်ရှိသည်။ ရေချမ်းပြင်မှ ၁၀ နာရီ ပြန်ထွက်ကာ ပြည်တော်သာကို ၁၁ နာရီ ရောက်တတ်သည်။ ထို့အပြင် မွန်းလွှဲ ၂ နာရီပြန်ထွက်ကာ ညနေ ၅ နာရီ ပြန်ရောက်သည်။ တစ်နေ့တာ ခရီးသည် ၄၅၀ ခန့် လိုက်ပါကြောင်းလည်း စုံစမ်းသိရှိရသည်။
ရထားအမျိုးအစားမှာ ဂျပန်လုပ် ခရီးသည်တင် RBE အမျိုးအစားဖြစ်ပြီး ရထားတွဲ ၂ တွဲဖြင့် ကုန်ပစ္စည်းအချို့ တပိုင်တနိုင်ခွင့်ပြုကြောင်း သိရသည်။
၂၀၂၂ မေလ ၂ ရက်နေ့က DMG သတင်းတစ်ပုဒ်အရ အဆိုပါ စစ်တွေမြို့ရှိ ပြည်တော်သာ ရေချမ်းပြင် ရထားတွဲ ပြေးဆွဲမှု အရှုံးပေါ်နေကြောင်း သိရသည်။
ရထားတွဲ ပြန်လည်ပြေးဆွဲခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လကျော်အတွင်း လိုက်ပါစီးနင်းသူ (၁၃၅၄၁)ဦးရှိခဲ့ပြီး ဝင်ငွေအနေဖြင့် (၈၀၄၅၅၀)ကျပ်ရရှိခဲ့ကာ ကုန်ကျစရိတ်မှာ (၅၀၀၅၀၀၀) ကျပ်အထိရှိသော်လည်း တစ်နေ့လျှင် ဒီဇယ်ဆီ ၂၂ ဂါလံ (တစ်နေ့ ကုန်ကျစရိတ်မှာ ၁၄၃၀၀၀ ကျပ်) ကုန်ကျမှု ရှိသည့်အတွက် အရှုံးပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ရထားပြေးဆွဲနေမှု အခြေအနေနှင့်ပတ်သက်ပြီး DMG က ရထားဘူးတာသို့ သွားရောက်လေ့လာ မေးမြန်းရာတွင် အထက်အရာရှိကိုသာ မေးမြန်းရန် စာတင်ထားခဲ့ဟုဆိုသည်။
နှမြောတသ ရခိုင်ပြည် ရထားလမ်း
မြန်မာ့မီးရထား၏ အဓိကလုပ်ငန်းတာဝန်မှာ ခရီးသည်နှင့် ကုန်စည်များကို လုံခြုံချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ပင် ဖြစ်သည်။
တစ်ချိန်တည်းတွင် အခြားနိုင်ငံတို့၌ လူ၊ ပစ္စည်းနှင့် ငွေကြေး စသော သယံဇာတများကို အကျိုးရှိစွာ အထိရောက်ဆုံး အသုံးပြုကာ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ စီးပွားရေးဆန်ဆန် ယှဉ်ပြိုင်နိုင်ကာ ခရီးသည်နှင့် ကုန်စည်များကို ရထားဖြင့် ထိရောက်စွာသယ်ယူပို့ပေးနေကြသည်။
ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထားပြေဆွဲခြင်း၊ ထိုင်းနိုင်ငံတွင် မိုးပျံရထားပြေးဆွဲခြင်းနှင့် နိုင်ငံဘဏ္ဍာကို ဖြည့်ဆည်းပေးနေသည်။ ထို့အတူ မီးရထားသည် ဆင်းရဲသည့် နိုင်ငံများအတွက်လည်း များစွာအရေးပါသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သည်ကိုလည်း တွေ့ရသည်။
“ရထားလမ်းနဲ့ပတ်သက်ပြီး လက်ရှိ ဒီအတိုင်းဖြစ်နေတာကို နှမြောမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးရထား လမ်းကတော့ ကမ္ဘာပေါ်မှာ သယ်ယူပို့ဆောင်ရေးမှာ စရိတ်စခ သက်သာဆုံးဖြစ်တယ်။ ကုန်စည်ပို့ဆောင်ရေးမှာ ထိရောက်တယ်။ ဒါကြောင့် ရထားတွေကို Version မြှင့်ပြီးတော့ လုပ်ဆောင်တာတွေဘဲရှိတယ်။ ဖျက်လိုက်တယ်ဆိုတာ မရှိ။ ဆိုတော့ ဘယ်အစိုးရပဲတက်တက် လုပ်ကိုလုပ်သင့်တဲ့ စီမံကိန်းပါ”ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။
လက်ရှိ ရထားများပြေးဆွဲနေမှု အရှုံးပေါ်နေသည်ကိုလည်း သုံးသပ်ကာ အများပြည်သူ သွားလာရေး ပိုမိုလွယ်ကူ ချောမွေ့စွာ အဆင်ပြေစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုရန် ရထားပို့ဆောင်ရေးနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်း တစ်ခုခု (သို့မဟုတ်) ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများထံသို့ ပုံစံတစ်မျိုးမျိုးဖြင့် လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း ထင်မြင်ချက် ပေးသူများလည်းရှိသည်။
“လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိမလား။ ဒီဟာကို Version မြှင့်တင်ပြီး အစိုးရ ပေါ်လစီတစ်ခုနဲ့ ကိုင်ထား၊ ပုဂ္ဂိလိကစနစ်နဲ့ သွားသင့်တယ်”ဟု ဦးဦးထွန်းဝင်းက ရှုမြင်သည်။
မည်သို့ပင်ဆိုစေ ရခိုင်တွင် စတင်ခဲ့သည့် မီးရထားလမ်းအိပ်မက် ခရီးရှည်မှာ အနည်းဆုံး စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်သို့ မရောက်ခဲ့ဘဲ လမ်းတဝက်တွင် ပျောက်ဆုံးနေရသည့်အပေါ် ပြည်သူများက အားမရမှုများ ရှိနေသည်။
မြောက်ဦးမှ ရထားလမ်း ဖြတ်သန်းဖောက်လုပ်ရာတွင်လည်း ရှေးဟောင်းနယ်မြေကို ရှောင်ခွင်းပြီး ဖောက်လုပ်နိုင်ခဲ့လျှင် အဆင်ပြေ ချောမွေ့မည်ဟုလည်း သုံးသပ်နေကြသည်။
မီးရထားလမ်း စီမံကိန်း တဝက်တပျက်နှင့် ဖြစ်နေရခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများကို ဒေသခံလယ်သမားများ မမြင်ချင်သော်လည်း ဆက်လက်မြင်တွေ့နေရအုံးမည်ပင်ဖြစ်သည်။
ဂေါင် - ရေးသည်။