ဒီလို်ဖြစ်ရတာဟာ စစ်မှန်တဲ့ ဒီမိုကရေစီ အခွင့်အရေးရရှိဖို့အတွက် ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးက အဓိက အခန်းကဏ္ဍမှာပါဝင်ခဲ့ခြင်း မရှိဘူးဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။
တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွှတ်ပြီး ကိုယ့်ပြည်ဒေသအကျိုးကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း တစ်ခုတည်းသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးကို ရရှိစေမှာဖြစ်ပါတယ်။
အကယ်၍ တိုင်းရင်းသားအချင်းချင်း ထောက်ခံမဲပေးလို့ ရွေးကောက်ပွဲမှာ အနိုင်မရတာတောင်မှ ဒီမိုကရေစီအခွင့်အရေးကိုတော့ ဆုံးရှုံးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှုတစ်ခုကို တည်ဆောက်ခွင့်ရရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပဲကြိုးစားလုပ်ဆောင်တာဟာ ဒီမိုကရေစီစနစ်တစ်ခုကို တည်ဆောက်တာမဟုတ်ဘူး။ ကိုယ့်ဒေသက သံယံဇာတတွေ ပျောက်ပျက်ဆုံးရှုံးခြင်းမရှိအောင် အတူတကွဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်တာဟာ အကောင်းဆုံး ဒီမိုကရေစီစနစ်တစ်ခုကို တည်ဆောက်တာဖြစ်ပါတယ်။
ပုဂ္ဂလိကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဒေသခံတိုင်းရင်းသားတွေရဲနှင့်ကိုက်ညီတဲ့ သစ်ပင်ခုတ်ယူခြင်းမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသမှာ ပေါက်ရောက်တဲ့သစ်ပင်တွေဒေသခံအတွက် အကျိုးဖြစ်ထွန်းစေဖို့အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းဟာ သစ်တောဦးစီးဌာနပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့အိမ်နားက ပေါက်ရောက်တဲ့သစ်ပင်တွေကိုယ်ကိုယ်တိုင် အသုံးပြုခွင့်မရတဲ့ စနစ်ဟာ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုမရှိပါဘူး။ ဒီမိုကရေစီစနစ်မှာ သစ်တောဦးစီးဌာနရဲ့တာဝန်ဟာ သစ်တောကိုထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။ သစ်ပင်တွေကို ဒေသခံတွေညီတူညီမျှ အသုံးပြုနိုင်အောင် စီမံခန့်ခွဲရမည့်တာဝန်ဟာ သစ်တောဌာနရဲ့တာဝန်ဖြစ်ပါတယ်။
၂၁ ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပတာဟာ ဒီမိုကရေစီနည်းကျငြိမ်းချမ်းရေးကို တည်ဆောက်တာမဟုတ်ပါဘူး။
တိုင်းရင်းသားဒေသက ဒုက္ခသည်ဦးရေလျှာ့ပါးသွားအောင်၊ တိုက်ပွဲနောက်တပ်မဖြစ်ပွားအောင်ကြိုးစားလုပ်ဆောင်ခြင်းသာ ဒီမိုကရေစီနည်းကျငြိမ်းချမ်းရေးကို တည်ဆောက်တာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခိုင်းတာဟာ ဒီမိုကရေစီနည်းကျအမျိုးသားပြန်လည်သင့် မြတ်ရေးမဟုတ်ပါဘူး။
ရခိုင်ပြဿနာနောက်ထပ်မဖြစ်ပွားအောင်၊ လက်ပံတောင်းတောင်ပြဿနာ ဖြေလည်အေင်ကြိုးစားလုပ်ဆောင်ခြင်းသာလျှင့် ဒီမိုကရေစီနည်းကျအမျိုးသားပြန်လည်သင့်မြတ်စေပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသူနိုင်ငံသား အကျိုး၊ နိုင်ငံသူနိုင်ငံသား အခွင့်အရေးရရှိအောင်လုပ်ဆောင်တာဖြစ်ပါတယ်။
စစ်မှန်တဲ့ နိုင်ငံရေးသမားတစ်ဦးဟာ သူ့ရပ်ကွက်သူ၊ရပ်ကွက်သားကသူ့ကို အမြဲအားကိုးအားထားပြုရတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။
ရပ်ရွာအကျိုးကိုမလုပ်ဆောင်ပဲနိုင်ငံအကျိုးကိုဘယ်လောက်ပဲလုပ်ဆောင် နေပါစေ၊ ဒါဟာစစ်မှန်တဲ့ နိုင်ငံရေးသမားတစ်ယောက်လို့သတ်မှတ်လို့မရပါဘူး။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာအောင်ကြိုးစားလုပ်ဆောင်တာဟာ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုမရှိသလို စနစ်မှန်တဲ့ နိုင်ငံရေးသမားတစ်ဦး ဖြစ်မလာနိုင်ပါဘူး။ ရပ်ရွာကျိုးလုပ်ဆောင်နိုင်အောင်အမြဲကြိုးစားတာဟာ ဒီမိုကရေစီနှင့် ကိုက်ညီမှုရှိသလို စစ်မှန်တဲ့ နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်ပေါ်စေပါတယ်။
တောင်သူလယ်သမားတွေ ထုတ်ချေးငွေထုတ်ပေးတာဟာ ဒီမိုကရေစီနည်းကျပြည်သူအကျိုးကို လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ငွေထုတ်ပေးခြင်းရဲ့အခြားတစ်ဖက်မှာ အချိန်တန်ပြန်ဆပ်ရမည့် ဒုက္ခတွေက ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။
လက်ရှိတရုတ်အစိုးရပြလုပ်မည့် ၂၁ ရာစုတရုတ်ပိုးလမ်းမကြီး စီမံကိန်းဟာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အထက်မှာ ကိုယ်တစ်ယောက်တည်း နေချင်တဲ့ စီမံကိန်းဖြစ်တဲ့အတွက် ဒီမိုကရေစီနည်းလမ်းနှင့်ကိုက်ညီမှုမရှိ ပါဘူး။
ဘာကြောင့်လဲဆိုရင် စီမံကိန်းကြီးရဲ့နာမည်ကို ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု (ONE BELTONE ROAD) ဆိုတဲ့နာမည်နှင့်ပေးထားလို့ပဲ ဖြစ်ပါတယ်။ စီမံကိန်းရဲ့နာမည်ကိုကြည့်လိုက်ရုံနှင့် အဲဒီစီမံကိန်းဟာ ငါ့လှေငါထိုးပဲခူးရောက်ရောက်စိတ်ဓာတ်ကို အခြေခံတယ်ဆိုတာ သိသာနေပါတယ်။ တရုတ်အစိုးရတွေပဲ မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားအားလုံးအနေနဲ့ ဒီမိုကရေစီ ခရီးတစ်ခုကို လျှောက်လှမ်းတဲ့အခါ “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” စိတ်ဓာတ်ကို ဦးစွာဖယ်ရှားရပါလိမ့်မယ်။ ဒါမှ ဒီမိုကရေစီနည်းကျခရီးတစ်ခုကို အတူတကွ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
မြန်မာအစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနတွေဟာ ပြည်သူနှင့်လွှတ်တော်ရဲ့ အထက်မှာရှိနေတာကို တွေ့ရှိရပါတယ်။ တကယ်ဆိုရင် ဝန်ကြီးဌာနရဲ့ အထက်မှာပြည်သူနှင့်လွှတ်တော်ကရှိနေရာမှာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူရဲ့အသံ၊ လွှတ်တော်ရဲ့အသံကို ဝန်ကြီးဌာနတွေက အလွယ်တကူနားထောင်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီ တည်ဆောက်ရာမှာ ပိုပြီး မြန်ဆန်နိုင်မှာဖြစ်ပါတယ်။
ကျေးရွာသူကျေးရွားသားရဲ့အထက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရှိနေတာကိုဟာ ဒီမိုကရေစီနည်းလမ်းနှင့် ကွဲလွဲနေပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့အထက်မှာ ကျေးရွာသူကျေးရွာသားက ရှိနေမှသာ ဒီမိုကရေစီနည်းလမ်းကျပြီး ကျေးရွာသူကျေးရွားသားရဲ့ ဆန္ဒကို ကျေးရွာအုပ်ချုပ်ရေးမှူးကဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ၁၀ တန်းမှာ ဂုဏ်ထူးများများရခဲ့လို့ လူတကာတွေထက်ပိုပြီး ပြံုးပျော်နိုင်တာဟာ ဒီမိုကရေစီလမ်းပေါ်ကိုရောက်ရှိစေတာမဟုတ်သလို ၁၀တန်းမအောင်လို့ ကိုယ့်ကိုယ်သေကြောင်းကြံစည်တာတွေဟာ ဒီမိုကရေစီနည်းလမ်းနှင့်များစွာ ကွဲလွဲနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝမှာ ဒီမိုကရေစီ နည်းကျအသက်ရှင်နေထိုင်တာ တစ်ခုတည်းသာလျှင် လူတစ်ဦးစီတိုင်းကို ပြံုးပျော်စေမှာဖြစ်ပါတယ်။ (၈၈) အရေးတော်ပုံကြီးမှာ ဒီမိုကရေစီကို တောင်းဆိုရင်းနှင့် ကျဆုံးသွားတဲ့ ကျောင်းသားမဝင်းမော်ဦးဟာ သူမမသေခင် စကားတစ်ခွန်းပြောသွားတာရှိပါတယ်။ အဲဒီစကားတစ်ခွန်းကတော့ “ ဒီမိုကရေစီမရမချင်းသူ့ကိုအမျှမဝေပါနဲ့” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။
ဒီမိုကရေစီကိုလိုလားတောင်းတတဲ့ မြန်မာပြည်သူပြည်သားအနေနဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ မဝင်းမော်ဦးကို အမှန်တကယ်မျှဝေပေးချင်တယ်ဆိုရင် ဒီမိုကရေစီနည်းကျ ခရီးတစ်ခုကိုသာ အတူတကွ လျှောက်လှမ်းသွားကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။