ဥံု ကျောက်မီးသွေး

ဥံု ကျောက်မီးသွေး
by -
ကေအိုင်စီ
ကရင်ပြည်နယ်တွင်း USC (Ultra Super Critical) နည်းပညာနဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဖို့ သတင်းတွေ လွန်းထိုးနေတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ပွင့်အံလာတဲ့ လူအများရဲ့ ခံစားချက်အမြင်တွေက အုပ်ချုပ်ရေးကဏ္ဍက လူတွေနဲ့ပွတ်တိုက်မှုတွေ အတန်အသင့် ရှိလာတယ်။ မတူတဲ့အလွှာနှစ်ခုကြားမှာ စိတ်ခံစားမှုတွေ လွှမ်းမိုးနေနိုင်တဲ့အတွက် ဘက်မလိုက်တဲ့ တတိယအမြင်လေးတွေလည်း ရှိသင့်တယ်လို့ ယူဆတယ်။

ဒီစာမှာတော့ ကျောက်မီးသွေးကို အဓိကကျောရိုးထားပြီး လမ်းကြောင်းဆွဲကြည့်ရအောင်။

ပထမ တာဝန်ရှိတဲ့ ပြည်နယ်အစိုးရ။

သူတို့ဟာ ဒေသတွင်း လူမှုယန္တရားအဝဝ ဖူလုံလည်ပတ်ဖို့ကို ပုခုံးထမ်းဝန်ဆောင်မှုတွေပေးရတဲ့ လူစုဖြစ်တယ်။ ဒါတင်မက ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း တာဝန်ရှိပြီး နည်းလမ်းရှာနေကြရသူတွေပါ။ စီမံခန့်ခွဲမှု (management) တွေလုပ်နေတဲ့ မန်နေဂျာတွေ ဆိုပါစို့။

သူတို့ရဲ့ အခြေခံဝန်ဆောင်မှုတွေထဲမှာ အရေးကြီးတာတစ်ခုက ‘စွမ်းအင်’(energy) တွေ ဖြည့်ဆည်းပေးဖို့ဖြစ်တယ်။ ဒါကို အကောင်အထည်ဖေါ်ရာမှာ ‘စီးပွားရေး’အပိုင်းကို မဖြစ်မနေ ထည့်တွက်လာရတယ်။ ဥပမာ - ရင်းနှီးမြုပ်နှံမယ့်သူတွေကို ဆွဲ ဆောင်ဖို့လိုသလို အင်မတန် ဝေးလံခေါင်သီတဲ့နေရာမှာ ဓါတ်အားပေးစက်ရုံတည်ပြန်ရင်လည်း တွက်ချေမကိုက်နိုင်တာမျိုးတွေပါ။

အဲဒီကနေမှ မြန်ဆန်လွယ်ကူပြီး အရင်းအနှီးဝင်လာနိုင်တာတွေထဲမှာ ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံဟာလည်း ရှေ့ဆုံး မှာ ရှိလာတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်တယ်။

ဒီတော့ ကျောက်မီးသွေးအပါအဝင် ဓါတ်အားထုတ်နည်းမျိုးစုံရဲ့ ကောင်းကျိုး-ဆိုးပစ်တွေနဲ့ အခြားပါဝင်ပတ်သက်တဲ့ ‘သတင်းအ ချက်အလက်’တွေဟာ အရေးပါလာပြန်ရော။ အဲဒါတွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာဖွေနိုင်တာတွေရှိပေမယ့် လို လားသူနဲ့ ဆန့်ကျင်သူတွေရဲ့ ဘက်လိုက်တဲ့အမြင်တွေနဲ့ တင်ပြထားတာတွေက အများစုဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါ တယ်။ ဒါကြောင့် သမိုင်းကိုလှန်ပြီး ကြည့်ကြရအောင်။

လူသိများတဲ့ အင်္ဂလန်မှာ စတင်ခဲ့တဲ့ စက်မှုတော်လှန်ရေးကြီးဟာ ကျောက်မီးသွေးကို စတင်တွေ့ရှိသုံးစွဲတာနဲ့အတူ ပေါ်ပေါက် လာခဲ့တာ ဖြစ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုတွေနောက်မှာ လေထုညစ်ညမ်းမှုကြောင့် အဆုပ်နဲ့ဆိုင်တဲ့ရောဂါတွေ အဖြစ် များလာခဲ့ပါတယ်။ ကျောက်မီးသွေးတူးဖေါ်မှုတွေကြောင့် အင်္ဂလန်ကျွန်းရဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးလာပြီး ရပ်ဆိုင်း လိုက်ကြရတဲ့အထိ ဖြစ်လာခဲ့တယ်။ ဂေဟစနစ်မှာလည်း မျိုးတုန်းမယ်လို့ ယုံကြည်ခဲ့ရတဲ့ မီးခိုးရောင်လိပ်ပြာတွေဟာ ကျောက် မီးသွေးပြာမှုန့်တွေကြောင့် အလွယ်တကူ မမြင်နိုင်တော့ဘဲ ငှက်တွေရဲ့ဘေးရန်ကလွှတ်ပြီး အခြားမျိုးစိတ်တွေသာ မျိုးပြုန်းသွား ခဲ့တဲ့ မမျှော်လင့်တဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိခဲ့တယ်။

ဒီဖက်ခေတ်မှာ ကျောက်မီးသွေးအသုံးများဆုံးကတော့ အများသိတဲ့ တရုတ်ပြည်ဖြစ်တယ်။ စျေးအပေါဆုံးနဲ့ရနိုင်တဲ့ ကျောက်မီးသွေးကို မချစ်သော်လည်း အောင့်ကာနမ်း (necessary evil) ဖြစ်ရတဲ့လုပ်ရပ်လို အသုံးချခဲ့ တယ်။ ပီကင်းမြို့မှာ မနက်နေထွက်တာကိုတောင် မမြင်ရတော့တဲ့ လေထုညစ်ညမ်းမှုမှာ ကျောက်မီးသွေးဟာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် တိုးတက်မှု အရှိန်ဟုန်ရလာပြီးတဲ့နောက် ခုဆိုရင် ကျောက်မီးသွေးအရည်သွေး ကန့်သတ်မှုတွေကို စလုပ်လာပြီဖြစ် တယ်။ ၂၀၀၈ အိုလံပစ်အကြိုမှာ အုပ်ချုပ်ရေးအာဏာသုံးပြီး ထောင်ချီတဲ့စက်ရုံတွေကို ပိတ်ပစ်ခဲ့တဲ့ သာဓကကိုလည်း မြင်နိုင် တယ်။

ဒါပေမယ့် ကျောက်မီးသွေးသုံးဖို့ စိတ်အားထက်သန်သူတွေအတွက် အားတက်စရာကတော့ အမေရိကန်-သြစတြေးလျတို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် လျှပ်စစ်ဓါတ်အားကို ကျောက်မီးသွေးနဲ့ အတန်အသင့် ထုတ်လုပ်နေကြဆဲဖြစ်လို့ပါ။ ဒါပေမယ့် အလွယ်တကူ မမြင်နိုင်တဲ့အချက်တွေကတော့ - တင်းကြပ်တဲ့ စည်းကမ်းဥပဒေတွေနဲ့ အနာဂတ်ကာလအတွက် ဦးတည်တဲ့ မူဝါ ဒတွေ ဖြစ်တယ်။

ဝေးလံတဲ့နေရာတွေမှာ ဓါတ်အားပေးစက်ရုံတွေတည်ထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာစရာတွေ အများကြီး ချမှတ်ထားပါတယ်။ မကြာမတင်က အဲဒီစည်းကမ်းတွေကို လိုက်နာဖို့ အခက်အခဲရှိလာတဲ့ သြစတြေးလျနိုင်ငံက အလယ်အလတ်သက်တမ်းရှိတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေး စက်ရုံကြီးတစ်ရုံကို ပိတ်ပစ်ခဲ့ရတဲ့ နမူနာ ရှိပါတယ်။

နောက်ထပ် ပကတိတရားတစ်ခုကတော့ သန့်စင်တဲ့ကျောက်မီးသွေးဆိုတာ မရှိပါဘူး။တစ်ချိန်ထဲမှာလည်း USC နည်းပညာဟာ ညစ်ညမ်းမှုတွေရဲ့ ၃၀-၄၀% လောက်အထိ လျှော့ချပေးနိုင်တယ်ဆိုတာကိုလည်း လက်ခံထည့်တွက်ဖို့ လိုပါတယ်။

ဒါတင်မကပါဘူး၊ ကျောက်မီးသွေးဟာ လျှပ်စစ်ထုတ်ဖို့တစ်ခုထဲသုံးတာ မဟုတ်ဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။ သြစ တြေးလျလို ကျောက်မီးသွေးအကြီးအကျယ်ထွက်တဲ့နိုင်ငံမှာတောင် သတ္တုအရည်ကြိုဖို့အတွက် အရည်အသွေးမြင့်တဲ့ ကျောက် မီးသွေးတွေကို နိုင်ငံပြင်ပက အနည်းအကျဉ်းတင်သွင်းရတာမျိုးလည်း ရှိပြန်တယ်။

ဒီလိုအချက်အလက်တွေပြီးတဲ့နောက်မှာ ဒါတွေရဲ့ သက်ရောက်မှုကိုခံစားရမယ့် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်တဲ့ ‘ဂေဟစနစ်’ဖက် ကို ရောက်လာတယ်။ ဒါတွေကို ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် လမ်းကြောင်းရှာတာ၊ ဆုံးရှူံးနစ်နာမှုတွေကို အစားထိုးပေးဖို့ ကြိုးစားတာ၊ အနာဂတ်မှာဖြစ်လာနိုင်တဲ့ တရားစွဲခံရတာမျိုးကအစ ကိစ္စအဝဝကို ရင်ဆိုင်ဖို့တွေဟာ ‘တာဝန်ခံမှု’ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပါတယ်။

အဲဒါတွေကိုအခြေခံပြီး အဆုံးအဖြတ်နဲ့ သက်ရောက်မှုတွေ ရှိလာမှာက ‘နိုင်ငံရေး’ အပိုင်းဖြစ်နေပြန်ရော။ ဒေသခံတွေနဲ့ လူမှုအ ဖွဲ့အစည်းတွေရဲ့ တန်ပြန်ဒဏ်ခတ်မှုတွေဟာ၊ နဂိုကတည်းက ရုပ်သေးရုပ်လို ထင်မြင်စရာတွေဖြစ်နေတဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝင်တွေရဲ့ နိုင်ငံရေးအနာဂတ်တွေကို သေဆုံးသွားစေနိုင်တယ်။ စိုးရိမ်မှုနဲ့ ခံစားချက်တွေကို အခြေခံတတ်တဲ့ လူတွေရဲ့ တုန့်ပြန် မှုတိုင်းဟာ သဘာဝကျချင်မှ ကျမှာဖြစ်ပေမယ့် အမြဲတမ်း မြင်တွေ့ရင်ဆိုင် အတူနေသွားရမယ့်သူတွေရဲ့ အမြင်သဘောထား တွေကိုတော့ ဘယ်လိုမှ မျက်ကွယ်ပြုလို့မရတာ သေချာပါတယ်။ ကိုယ့်စကားကို သူတစ်ပါးနားထောင်စေချင်ရင်၊ သူတစ်ပါးစကားတွေကိုလည်း နားထောင်ပြီး အလေးထားဖို့ လိုပါတယ်။ ဒါ့ပြင် အမျိုးသားရေးတွေအတွက် ဦးတည်လုပ်ကိုင်နေကြတဲ့ ကရင်အဖွဲ့အစည်းတွေနဲ့ ပွတ်တိုက်မှုတွေဟာလည်း ချန်ထားလို့မရတဲ့ အချက်တစ်ခုဖြစ်တယ်။

ဒါတွေဟာ လမ်းဆုံး မဟုတ်သေးပါဘူး။ ဒီနေရာမှာ ပြည်နယ်အစိုးရအတွက် အရေးပါလာတဲ့ကဏ္ဍကတော့ ဘယ်တော့မှ ရပ်လို့ မရသလို၊ ဘယ်တော့မှလည်း လုံလောက်တတ်တဲ့သဘာဝမရှိတဲ့ ‘လူထုဆက်ဆံရေး’ (public relation) ဆိုတဲ့ စီမံခန့်ခွဲရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဒီတော့ ပတ်ချာလည်ဆက်စပ်နေတာတွေထဲက ပြည်နယ်အစိုးရအတွက် အင်မတန် ကျယ်ပြန့် သိမ်မွေ့နက်နဲတဲ့ “စီမံခန့်ခွဲရေး”အပိုင်းကို ဂရုစိုက်ဖို့ အင်မတန် အရေးကြီးလာတာကိုတော့ ငြင်းဖို့မဖြစ်နိုင်ပါဘူး။ ခုကာလအတွင်း ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံကို အလေးထားလုပ်နေသလို၊ ပြည်နယ်ထဲက အခြားအရေးကြီးတဲ့ကိစ္စတွေကိုလည်း လျစ်လျူရှုမထားဘူးဆိုတာကို ပြဖို့လိုလာပါတယ်။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ - ဒေသရှင်သန်ဖွံ့ဖြိုးရေးနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပိုကောင်းတဲ့ အနေအ ထားတွေကို ဖန်တီးပေးထားခဲ့နိုင်ဖို့ဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းဖို့နဲ့ ပေးဆပ်မှုတွေ ရှိနိုင်တယ်ဆိုတာကို လူအ များက နားလည်မှုပေးပြီး ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။

အခြားတစ်ဖက်မှာလည်း တာဝန်ရှိတဲ့ (တနည်း တာဝန်ယူထားတဲ့) အုပ်ချုပ်သူတွေဖက်ကနေပြီး ထည့်တွက်စရာ အချက်အ လက်တွေအားလုံးကို မပျက်မကွက်စေဘဲ စီမံခန့်ခွဲ ချိန်ညှိသွားကြဖို့ မဖြစ်မနေလိုအပ်တယ်ဆိုတာကို အလေးအနက် ပြောလိုက် ချင်တယ်။
ပြည်နယ်အစိုးရနဲ့ အာဏာ-တာဝန်ယူထားသူများ မန်နေဂျာကောင်းများဖြစ်ကြပါစေလို့ ဆန္ဒပြု နိဂုံးချုပ်လိုက်ပါတယ်။

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...